ကွန်ပြူတာသန့်ရှင်းမှုအကြောင်းမပြောခင် ကွန်ပြူတာရဲ့ Software နဲ့ Hardware အကြောင်းနည်းနည်းဖော်ပြချင်ပါတယ်။

Software ဆိုတာဘာလဲ၊ Hardware ဆိုတာဘာလဲ အဓိပ္ပါယ်သတ်မှတ်ချက်အများကြီး Google မှာရှာလိုက်ရင်တွေ့နိုင်ပေမယ့် အလွယ်မျက်စိထဲမြင်အောင် ပြောရရင် ကွန်ပြူတာရဲ့ ထိတွေ့ကိုင်တွယ်လို့ရတဲ့ အစိတ်အပိုင်းတွေကို Hardware လို့ခေါ်ပြီး ထိတွေ့ကိုင်တွယ်လို့မရတဲ့ အစိတ်အပိုင်းတွေကို Software လို့ခေါ်ပါတယ်။

ကွန်ပြူတာသန့်ရှင်းစနစ်ကျအောင်လုပ်တယ်ဆိုတဲ့နေရာမှာ Hardware ကိုသာမက Software ကိုလည်းသန့်ရှင်းအောင်လုပ်ဖို့လိုပါတယ်။

Hardware ကိုသန့်ရှင်းတယ်ဆိုတာ ကွန်ပြူတာရဲ့ထိတွေ့ကိုင်တွယ်လို့ရတဲ့ အစိတ်အပိုင်းတွေကို သန့်ရှင်းပေးတာဖြစ်ပါတယ်။

Software ကိုသန့်ရှင်းတယ်ဆိုတာကတော့ Operating system နဲ့ application တွေကို ရှင်းလင်းရေးလုပ်ပေးတာဖြစ်ပါတယ်။

ကွန်ပြူတာသန့်ရှင်းစနစ်ကျနခြင်း အကျိုးကျေးဇူးများ

ကျန်းမာရေး

ကွန်ပြူတာကိုယ်ထည်နဲ့ ကီးဘုတ်၊ မောက်စ်တွေကို သန့်ရှင်းရေးပုံမှန်လုပ်မယ်ဆိုရင် ဘက်တီးရီးယား၊ မှို၊ ဖုန်မှုန့်တွေ လျော့နည်းကင်းစင်စေမှာဖြစ်ပါတယ်။ ကိုဗစ်ဗိုင်းရပ်စ်အပါအဝင် ကူးစက်ရောဂါ ပြန့်ပွားမှုကို လျှော့ချပေးပြီး ဖုန်နဲ့အနံ့အသက်ကင်းစင်ခြင်းကြောင့် ရင်ကျပ်ရောဂါရှိသူများ၊ ဓါတ်မတည့်လက္ခဏာရှိသူများမှာပါ ဝေဒနာခံစားရနှုန်း လျော့ကျစေမှာဖြစ်ပါတယ်။

အပူချိန်မြင့်မားမှုကိုကာကွယ်ခြင်း

ကွန်ပြူတာအတွင်းက ပန်ကာမှာဖုန်မှုန့်များနဲ့ စက္ကူစ၊ ပလတ်စတစ်စလို ပစ္စည်းတွေဝင်နေမယ်ဆိုရင် ပန်ကာကောင်းကောင်းမလည်နိုင်ဘဲ အပူတက်လာပါလိမ့်မယ်။ အပူချိန်မြင့်တက်လာတာနဲ့အမျှ ကွန်ပြူတာရပ်သွားတာ၊ ရုတ်တရက်ပိတ်ကျသွားတာမျိုး၊ အတွင်းကပစ္စည်းတွေ သက်တမ်းလျော့လာတာမျိုး ဖြစ်တတ်ပါတယ်။
ပုံမှန်ပန်ကာလည်ပတ်ဖို့ လိုအပ်တဲ့စွမ်းအင်မှာ ပန်ကာကောင်းကောင်းမလည်နိုင်တာမို့လို့ ပုံမှန်ထက်ပိုများတဲ့စွမ်းအင် အသုံးပြုမှသာ သာမန်ပန်ကာလည်နှုန်းရမှာဖြစ်ပါတယ်။ ဒါကြောင့်စွမ်းအင်သုံးစွဲမှုများပြီး လျှပ်စစ်မီးအားပိုသုံးရသို ဘတ္တရီနဲ့သုံးရင်လည်း ဘတ္တရီအကုန်မြန်တတ်ပါတယ်။ လျှပ်စစ်မီးအားပိုသုံးရတာနဲ့အမျှ၊ ဘတ္တရီပိုသုံးရတာနဲ့အမျှ လျှပ်စစ်မီးဝင်တဲ့အပေါက်နဲ့ ဘတ္တရီတို့မှာ အပူထပ်မံမြင့်တက်ပြီး အပူစွန့်ထုတ်ဖို့ ပန်ကာလည်းဒီထက်ပိုမြန်အောင် ထပ်လည်ပေးရပါတယ်။ ဒီလိုနဲ့သံသရာလည်ပြီး ကွန်ပြူတာရဲ့အပူချိန်က သိသိသာသာလျော့မသွားဘဲ အမြဲတမ်းပူနေတာမျိုး ကြုံရတတ်ပါတယ်။

ပန်ကာမှာဖုန်နဲ့ အမှိုက်စတွေ ကပ်မနေအောင်၊ ကွန်ပြူတာကိုယ်ထည်ရဲ့ လေထွက်ပေါက်မှာ ဖုန်တွေပိတ်မနေအောင် သန့်ရှင်းရေးပုံမှန်လုပ်ပေးမယ်ဆိုရင် ပန်ကာအထစ်အငေါ့မရှိလည်ပတ်နိုင်ပြီး အပူစွန့်ထုတ်မှုကောင်းမွန်လာမှာဖြစ်ပါတယ်။

အမြင်ရှင်းခြင်း

ကွန်ပြူတာမျက်နှာပြင်ကို သန့်ရှင်းရေးပုံမှန်လုပ်ပေးမယ်ဆိုရင် လက်ဗွေရာတွေ၊ ဆံပင်ချည်၊ ဖုန်မှုန့်တွေနဲ့ ကွမ်းတံတွေးစဉ်တာတွေကြောင့် မျက်နှာပြင်ပျက်စီးခြင်းမှ လျှော့ချနိုင်ပါတယ်။ ပေကျံနေတဲ့ မျက်နှာပြင်ကို အချိန်မီသန့်ရှင်းရေးမလုပ်ပေးမိဘူးဆိုရင် ပေကျံနေတဲ့အရာဝတ္ထုမှာပါတဲ့ ဓါတုပစ္စည်းပေါ်မူတည်ပြီး ကွန်ပြူတာမျက်နှာပြင်မှာ ချွတ်မရတဲ့ အစွန်းအထင်းတွေ ထင်သွားတတ်ပါတယ်။

ကွန်ပြူတာ screen လေးကြည်လင်တောက်ပနေတဲ့အခါ အသုံးပြုရတာစိတ်ချမ်းသာသလို ရေရှည်မှာမျက်စိညောင်းတာကိုလည်း သက်သာစေပါတယ်။

ပွဲတိုးခြင်း

ကိုယ့်အိမ်မှာကိုယ် ကွန်ပြူတာလေးသုံးနေတာ ဘာမှမသိသာပေမယ့် အစည်းအဝေးရှိလို့ လူကြားထဲကွန်ပြူတာထုတ်သုံးတဲ့အခါ ကိုယ့်ကွန်ပြူတာက ဖုန်တွေပေနေတာ၊ လက်ဗွေရာတွေ ဗလပွဖြစ်နေတာ ကြုံဖူးကြမှာပါ။ တခြားလူကိုယ့်ကွန်ပြူတာကိုဘယ်လိုမြင်လဲမသိ၊ ကိုယ့်ဘာသာကိုယ်ရှက်ပြီး အလုပ်ကိစ္စတောင်ခေါင်းထဲသိပ်မရောက်တာမျိုး ဖြစ်တတ်ပါသေးတယ်။ ကျွန်တော်တို့မြန်မာလူမျိုးအချင်းချင်းကြားထဲ ကွန်ပြူတာညစ်ညစ်ပတ်ပတ်ဖြစ်နေတာ သိပ်ပြဿနာမရှိပေမယ့် လူမျိုးခြားတွေနဲ့ ယှဉ်တွဲအလုပ်လုပ်ရတဲ့အခါ ကိုယ့်ရဲ့ကွန်ပြူတာလေးသန့်သန့်ရှင်းရှင်းဖြစ်နေရင် အလုပ်လုပ်ရတာ ယုံကြည်မှုရှိစေပါတယ်။ လူမျိုးခြားတွေကိုကြည့်လိုက်ရင် ကွန်ပြူတာအကောင်းစားကြီး မသုံးဘူးဆိုရင်တောင်မှ လက်ရှိကွန်ပြူတာကို သန့်သန့်ရှင်းရှင်းအသုံးပြုတတ်ကြတာ သတိထားကြည့်ရင် တွေ့နိုင်ပါတယ်။

ဖိုင်သိမ်းဆည်းမှုပြဿနာများကင်းဝေးခြင်း

ကွန်ပြူတာထဲကဖိုင်တွေကို စနစ်တကျသိမ်းထားမယ်ဆိုရင် မလိုအပ်ဘဲ ဖိုင်တွေနှစ်ခုသုံးခုဖြစ်နေတာကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဒီဖိုင်တစ်ခုကိုပဲ Desktop မှာတစ်နေရာ၊ Download ထဲမှာတစ်နေရာသိမ်းထားမယ်ဆိုရင် ဖိုင်ပြန်ပြင်စရာရှိတဲ့အခါ Desktop က ဖိုင်ကို ပြင်မှာလား၊ Download ထဲက ဖိုင်ကိုပြင်မှာလားဆိုတာ စဉ်းစားရပါတယ်။ ပြင်ပြီးတဲ့အခါမှာလည်း ဘယ်ဖိုင်ကိုပြင်ထားတယ်ဆိုတာ မှတ်မိရပါဦးမယ်။ ကိုယ့်ဘာသာကိုယ်သတိမထားမိဘဲ ဖိုင်တစ်ဖိုင်ကို Download ခဏခဏလုပ်မိထားတယ်ဆိုရင် Email ပို့စရာရှိတဲ့အခါ မပြင်ရသေးတဲ့ဖိုင်ကို မှားပြီး attachment တွဲလိုက်မိတာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။

ဖိုင်တွေစနစ်တကျသိမ်းမယ်၊ ရှိပြီးသားဖိုင်တွေကိုလည်း ပုံမှန်သန့်ရှင်းရေး၊ နေရာချထားရေး လုပ်ပေးမယ်ဆိုရင် ဖိုင်တစ်ခုတည်းကို နှစ်နေရာ၊ သုံးနေရာမှာရှိနေတာမျိုး ကာကွယ်နိုင်မှာဖြစ်သလို ကွန်ပြူတာရဲ့ storage ကိုလည်း မလိုအပ်ဘဲနေရာယူတာတွေ လျှော့ချနိုင်မှာဖြစ်ပါတယ်။

5S နည်းစနစ်အသုံးပြုခြင်း

5S နည်းစနစ်ဟာ ဂျပန်လူမျိုးတွေရဲ့ Total Quality Management/Total Quality Improvement စနစ်ကိုအခြေခံတာဖြစ်ပါတယ်။ စက်ရုံ၊အလုပ်ရုံတွေမှာ ကုန်ထုတ်စွမ်းရည်နှင့် အရည်အသွေးမြင့်မားစေဖို့ 5S နည်းစနစ်ကို အသုံးပြုကြတာဖြစ်ပြီး ဆေးရုံဆေးခန်းတွေနှင့် ကျောင်းတွေ၊ ရုံးတွေမှာလည်း 5S နည်းစနစ်ကို အသုံးပြုကြပါတယ်။

5S မှာဘာတွေပါသလဲဆိုရင်

  1. SEIRI - Sort
  2. SEITON - Straighten
  3. SEISO - Shine
  4. SEIKETSU - Standardize
  5. SHISUKE - Sustain
1. SEIRI - SORT

Sorting လုပ်တယ်ဆိုတာ file တွေ၊ folder တွေကို နေရာတကျစီစဉ်ထားတာဖြစ်ပါတယ်။ သက်ဆိုင်ရာ ကဏ္ဍအလိုက် folder တွေတည်ဆောက်ပြီး သူနဲ့ဆိုင်တဲ့ file ၊ folder တွေကို မိခင် folder အောက်ရွှေ့ထားရပါမယ်။ တူရာတူရာ file တွေစုထားခြင်းအားဖြင့် မဆိုင်တဲ့နေရာမှာ file တစ်ခုရှိနေမယ်ဆိုရင် ဒါဟာ file နှစ်ခုထပ်နေမှန်းအလွယ်တကူသိနိုင်ပါတယ်။ file နှစ်ခုထပ်နေမှန်းမသိသေးလို့ သူနဲ့ဆိုင်တဲ့ folder ထဲ ထည့်လိုက်တဲ့အခါမှာ ရှိပြီးသားဆိုလျှင် file replace လုပ်မှာလား၊ rename လုပ်မှာလားဆိုတဲ့ မေးခွန်းပေါ်လာမှာပါ။

ကိုယ့်ရဲ့ Email inbox ထဲက ဖတ်ပြီးသား၊ အသုံးမလိုတော့တဲ့ mail တွေကိုလည်း ဖျက်ပစ်ဖို့လိုပါတယ်။ ဖတ်ပြီးပေမယ့် အရေးကြီးတဲ့ Email တွေကိုတော့ Label တစ်ခုသပ်သပ်ခွဲထားပြီး တစ်နေရာမှာသွားသိမ်းထားမယ်ဆိုရင် Inbox ထဲမှာအမြင်ရှင်းနေမှာဖြစ်ပါတယ်။

2. SEITON - Straighten

Straighten ဆိုတာ အချိန်ကုန်သက်သာအောင်၊ သုံးရလွယ်အောင် လုပ်တာဖြစ်ပါတယ်။ file တွေ၊ folder တွေကို မြင်သာအောင်ထားဖို့၊ ဒါမှမဟုတ် file တွေ၊ folder တွေရဲ့ shortcut တွေကို မြင်သာအောင် စုစည်းထားဖို့ ဆိုလိုတာဖြစ်ပါတယ်။

ဥပမာ Reports ဆိုတဲ့ folder ထဲမှာ သက်ဆိုင်ရာအဖွဲ့အစည်းအလိုက် folder တွေ ထပ်လုပ်ပေးရပါမယ်။ အဖွဲ့အစည်းနာမည် folder တွေထဲမှာ Due date အလိုက် folder တွေ ထပ်လုပ်ပြီး သက်ဆိုင်ရာ file တွေကို due date အလိုက် သိမ်းထားရပါမယ်။ file တွေသိမ်းရတာ၊ နေရာရွှေ့ရတာ အစပိုင်းမှာ အလုပ်ရှုပ်သလိုလိုရှိပေမယ့် နောက်ပိုင်းမှာအချိန်ကုန်သက်သာတာ၊ စနစ်ကျတာ စတဲ့အကျိုးကျေးဇူးတွေ အမြဲခံစားရမှာဖြစ်ပါတယ်။

3. SEISO - Shine

Shine လုပ်တယ်ဆိုတာကတော့ သန့်ရှင်းရေးလုပ်တာကိုဆိုလိုတာပါ။ ကွန်ပြူတာရဲ့ အပြင်ပိုင်းက လက်ဗွေရာတွေ၊ ကြေးတွေ၊ ဖုန်တွေကို ပုံမှန်သန့်ရှင်းရေးလုပ်ပေးဖို့လိုပါတယ်။ ကွန်ပြူတာရဲ့အစိတ်အပိုင်းတစ်ခု ချွတ်ယွင်းနေတယ်ဆိုရင် အချိန်မီပြင်ဆင်ပေးဖို့လိုပါတယ်။ ဥပမာ ကွန်ပြူတာ screen ကိုဆွဲလှန်တာ အားလွန်ပြီး screen ရဲ့ ဘေးဘောင်အဖုံးသား ကွာသွားတာမျိုးမှာ ချက်ချင်းမပြင်ဖြစ်ရင် တခြားနေရာတွေပါ တဖြည်းဖြည်းကွာလာတာမျိုး ဖြစ်တတ်ပါတယ်။

ကွန်ပြူတာရဲ့အတွင်းပိုင်းကို သန့်ရှင်းရေးလုပ်ဖို့ဆိုရင် warranty ကာလလွန်မှ ဖွင့်ပြီးသန့်ရှင်းသင့်ပါတယ်။ ကွန်ပြူတာဆိုင်တွေကို warranty seal ကပ်ခွာလေးတွေကို ကွန်ပြူတာနောက်ဖုံးရဲ့ screw လေးတွေမှာ ကပ်ပေးလေ့ရှိတာကြောင့် warranty ကာလမလွန်မီ ကပ်ခွာတွေပျက်စီးနေရင် warranty ပျက်တတ်ပါတယ်။ ကွန်ပြူတာအပြင်ပိုင်းသန့်ရှင်းရေးလုပ်ဖို့လိုသလို ကွန်ပြူတာအတွင်းပိုင်းဟာလည်း ဖုန်တွေ၊ ကျပ်ခိုးတွေ အချိန်ကြာလာတာနှင့်အမျှ ရှိနေနိုင်တာကြောင့် ဖွင့်ပြီးသန့်ရှင်းရေးလုပ်ဖို့ အရေးကြီးပါတယ်။ ကွန်ပြူတာတစ်လုံးနှင့်တစ်လုံး နောက်ဖုံးဖွင့်ရတဲ့ပုံစံချင်း မတူတာမို့လို့ ကွန်ပြူတာနဲ့အတူပါလာတဲ့ user manual လမ်းညွှန်စာအုပ်ကြည့်ပြီးပဲဖြစ်ဖြစ်၊ Youtube မှာ ကွန်ပြူတာတံဆိပ်နဲ့ model ကိုရှာပြီးပဲဖြစ်ဖြစ် အတွင်းပိုင်းဖွင့်ခြင်းအဆင့်ဆင့်ကို သေချာလေ့လာဖို့လိုပါတယ်။

နောက်ပိုင်းကွန်ပြူတာတွေဟာ ပေါ့ပါးဖို့နဲ့ ဈေးသက်သာဖို့ အပြိုင်အဆိုင်ထုတ်ကြတာကြောင့် body တွေဟာ ထိခိုက်ကျိုးပဲလွယ်ပါတယ်။ ကွန်ပြူတာနောက်ဖုံးဖွင့်တဲ့ အဆင့်ဆင့်လမ်းညွှန်ကို သေချာမလေ့လာရသေးဘဲ screw တွေအကုန်ဖြုတ်ပြီးတဲ့အခါ အင်အားသုံးပြီး ဆွဲခွာလိုက်မယ်ဆိုရင် USB အပေါက်နေရာက ကျိုးသွားတာ၊ card reader နေရာမှာ ပြဲသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။

4. SEIKETSU - Standardize

Standardize လုပ်တယ်ဆိုတာ စံသတ်မှတ်ထားတာကိုဆိုလိုတာဖြစ်ပါတယ်။ အပေါ်မှာပါပြီးသားလုပ်ဆောင်ရမယ့်လုပ်ငန်းအဆင့်ဆင့်ကို တစ်ခုချင်းချရေးထားတာပဲဖြစ်ဖြစ်၊ ဇယားကွက်လေးနဲ့လုပ်ထားတာပဲဖြစ်ဖြစ် မေ့ကျန်ခဲ့တာမျိုးမရှိအောင်၊ ကျော်လုပ်မိတာမျိုးမရှိအောင် သတ်မှတ်ပေးထားဖြစ်ပါတယ်။ ဥပမာ file တွေ၊ folder တွေကို ရှင်းလင်းတော့မယ်ဆိုရင် နံပါတ် (၁) Desktop ၊ နံပါတ် (၂) Download ၊ နံပါတ် (၃) Recycle Bin စသည်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ရှင်းရမယ့်နေရာတွေကို ကြိုသတ်မှတ်ပေးထားလို့ရပါတယ်။

5. SHISUKE - Sustain

အပေါ်က Standardize စံသတ်မှတ်ထားတဲ့ပုံစံကို ဘယ်လိုပဲလုပ်ထားလုပ်ထား၊ တစ်ခေါက်လောက်ပဲလုပ်ပြီး အကြာကြီးပစ်ထားတာမျိုး မဖြစ်သင့်ပါဘူး။ ကိုယ်ပိုင်ကွန်ပြူတာပဲဖြစ်ဖြစ်၊ ရုံးသုံးကွန်ပြူတာပဲဖြစ်ဖြစ် maintenance အချိန်ဇယားလေးတစ်ခု လုပ်ထားသင့်ပါတယ်။ ဥပမာ ကွန်ပြူတာအပြင်ပိုင်းကို တစ်ပတ်တစ်ခါ သန့်ရှင်းရေးလုပ်ရမယ်၊ ကွန်ပြူတာအတွင်းပိုင်းကို ခြောက်လတစ်ခါသန့်ရှင်းရေးလုပ်ရမယ် စသည်ဖြင့်အချိန်ဇယားတစ်ခု သတ်မှတ်ထားမယ်ဆိုရင် အမှတ်တမဲ့မေ့နေတာမျိုး မရှိတော့ဘဲ သတ်သတ်မှတ်မှတ် လုပ်ဖြစ်နေမှာဖြစ်ပါတယ်။