ကွန်ပြူတာနှေးသွားစေတဲ့ အကြောင်းရင်းတွေထဲမှာ မလိုအပ်ဘဲ Application တွေ၊ Game တွေ install လုပ်ထားခြင်းလည်း ပါဝင်ပါတယ်။ ရုံးသုံး/ကျောင်းသုံး/အဖွဲ့အစည်းသုံး ကွန်ပြူတာတွေဟာ ရှေ့လူကနေ နောက်လူကို လက်ဆင့်ကမ်းသုံးလာကြတဲ့ ကွန်ပြူတာတွေဖြစ်တာကြောင့် သုံးတဲ့လူပေါ်မူတည်ပြီး ကွန်ပြူတာထဲမှာ Application တွေ အများကြီးရှိနေတတ်ပါတယ်။

အဆင်ပြေသလို install လုပ်သွားတဲ့ application တွေဟာ နောက်လူလက်ထဲမှာ အသုံးမဝင်တော့ပေမယ့်လည်း ဒီတိုင်းပဲရှိနေတတ်ပါတယ်။ အဖွဲ့အစည်းထဲက ကွန်ပြူတာအလုံးတိုင်းမှာ မလိုအပ်တဲ့ application တွေကို တစ်ယောက်ချင်းစီလိုက်ပြီး uninstall လုပ်ဖို့ဆိုတာ အတော်အသင့် အချိန်ပေးရသလို ကိုယ့်ကွန်ပြူတာထဲက application တွေကို သူများလာဖျက်တယ်ဆိုရင် မကြိုက်တဲ့လူတွေလည်းရှိတတ်တာကြောင့် ရုံး/ကျောင်း/အဖွဲ့အစည်းမှာ ကွန်ပြူတာအသစ်တစ်လုံး စဝယ်ကတည်းက Application တွေ၊ Game တွေ install လုပ်ချင်တိုင်းလုပ်လို့မရအောင် ပိတ်ထားလိုက်တာက ရေရှည်မှာအချိန်ကုန်ပင်ပန်းသက်သာစေပါတယ်။


ဒီလိုမျိုး Desktop မျိုး မြင်ဖူးကြလား?

တစ်ယောက်ယောက်ရဲ့ ကွန်ပြူတာ Desktop မှာ ဒီလိုမျိုး file တွေ၊ folder တွေ အများကြီးဖြစ်နေတာ မြင်ဖူးမှာပါ။ ဒီလိုဖြစ်နေတာဟာ ဘယ်သူ့ကိုမှ ကဲ့ရဲ့စရာမဟုတ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ ကွန်ပြူတာ နှေးလာတာ၊ လေးလာတာဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်လာမှ ရှင်းလင်းရေး ပြန်လုပ်တာထက် အစကတည်းက မဖြစ်သင့်တာမဖြစ်ရအောင် ထိန်းပေးထားဖို့ IT ဝန်ထမ်းတွေမှာ တာဝန်ရှိနေတတ်ပါတယ်။

ကွန်ပြူတာတွေမှာ မလိုအပ်ဘဲ application တွေ install လုပ်လို့မရအောင် ပိတ်ထားဖို့လိုသလို ပိတ်ထားပြီးရင်လည်း ဘယ်နည်းလမ်းနဲ့ ပိတ်ထားတယ်ဆိုတာ မှတ်ထားဖို့လိုပါတယ်။ တစ်နေရာရာမှာ ချရေးထားဖို့လိုပါတယ်။ ဒါမှ ဒီ IT ဝန်ထမ်းမရှိတော့ရင် နောက်လူတစ်ယောက်က သိနိုင်မှာဖြစ်ပါတယ်။

  1. Non-admin account ပြုလုပ်ခြင်း
    Non-admin account ဖန်တီးပြီး ကွန်ပြူတာသုံးမယ့်လူကို အဲဒီ account ပေးသုံးထားမယ်၊ admin account ကိုတော့ ​IT ဝန်ထမ်းပဲ ကိုင်ထားမယ်ဆိုရင် admin ပဲလုပ်နိုင်တဲ့အလုပ်တွေ လုပ်လို့မရအောင် ကန့်သတ်လိုက်တာဖြစ်ပါတယ်။
    ကွန်ပြူတာသုံးမယ့်လူကို non-admin account ပေးလိုက်ခြင်းအားဖြင့် တစ်ခုခုအမှားလုပ်မိတဲ့အခါမှာ admin level အမှားမျိုးမဟုတ်တဲ့အတွက် ကွန်ပြူတာပျက်တဲ့အထိ မဖြစ်နိုင်တော့ပါဘူး။
    non-admin account လုပ်ဖို့အတွက် -
    Setting > Accounts ကိုသွားပါ
    Family & other users ကိုသွားပါ
    Add account ခလုတ်ကိုနှိပ်ပါ။
    "I don't have this person's sign-in information" ကိုနှိပ်ပါ။
    "Add a user without a microsoft account" ကိုနှိပ်ပါ။
    အသစ်ထပ်ထည့်ချင်တဲ့ username ကိုရိုက်ထည့်ပါ။ Password ပေးချင်လျှင်ပေး၊ မပေးချင်လျှင် ကွက်လပ်ထားခဲ့ပါ။
    Next ကိုနှိပ်ပါ။
    အောက်မှာပြထားတဲ့အတိုင်း တစ်မျိုးမဟုတ်တစ်မျိုး တွေ့ရပါမယ်။





    ရလာတဲ့ account ဟာ admin မဟုတ်တဲ့ account ဖြစ်ပါတယ်။ ကိုယ်မူလသုံးနေတဲ့ admin account ကို password ခံလိုက်ပြီး account သစ်ကို ကွန်ပြူတာအသုံးပြုသူကို ပေးသုံးလိုက်လို့ရပါပြီ။

  2. Application များကို တွေ့ကရာနေရာမှ download လုပ်ပြီး install လုပ်မရအောင်ပိတ်ခြင်း
    ဒီနည်းကတော့ အင်တာနက်မှာ တွေ့တဲ့ဆီက application တွေ download လုပ်ပြီး install လုပ်လို့မရအောင် ပိတ်တဲ့နည်းလမ်းဖြစ်ပါတယ်။ ဒီလိုပိတ်ထားခြင်းအားဖြင့် ကိုယ်မသိလိုက်ဘဲ virus တွေဝင်လာတာ၊ ကြော်ငြာတွေအမြဲပေါ်လာတာမျိုးတွေကိုလည်း တားဆီးလိုက်တာဖြစ်ပါတယ်။
    Settings > Apps ကိုသွားပါ။
    Apps & features ကိုသွားပါ
    Choose where to get apps မှာ The Microsoft Store only ကိုရွေးပါ။



    ဒါဆိုရင် Microsoft Store ကမဟုတ်တဲ့ application တွေသွင်းလို့မရတော့ပါဘူး။ application သွင်းချင်ရင် microsoft store မှာ free ရတဲ့ application ကိုသွင်းချင်သွင်း၊ ဝယ်သုံးချင်ဝယ်သုံးလို့ပဲရပါတော့တယ်။ အပြင် website တွေဆီက download လုပ်ထားတဲ့ application တွေ သွင်းလို့မရတော့တဲ့အတွက် ဗိုင်းရပ်ဝင်တဲ့ပြဿနာလည်း အထိုက်အလျောက်ဖြေရှင်းပြီးသားဖြစ်ပါတယ်။

  3. Group Policy Editor ဖြင့် သတ်မှတ်ပေးခြင်း
    Group Policy Editor ဟာ Windows မှာပါလာပြီးသား program တစ်ခုပါ။ ဒါကိုသုံးပြီး ကွန်ပြူတာအသုံးပြုသူတွေအကြားမှာ လုပ်ပိုင်ခွင့်ကို သတ်မှတ်ပေးထားလို့ရပါတယ်။ ဒီလို group policy editor သုံးပြီးသတ်မှတ်ပေးဖို့ဆိုရင် IT ဝန်ထမ်းက admin account ကိုင်ထားပြီး ကွန်ပြူတာသုံးသူက non-admin account ဖြစ်နေဖို့လိုပါတယ်။ ဒါမှ non-admin account ထဲကနေ Group policy editor သွားပြီး ပြန်ပြင်လို့မရနိုင်မှာဖြစ်ပါတယ်။
    Windows + R နှိပ်ပါ။ Run dialog ပေါ်လာတဲ့အထဲမှာ gpedit.msc ကိုရိုက်ထည့်ပါ။ Group Policy Editor ပေါ်လာပါလိမ့်မယ်။
    "Windows cannot find gpedit.msc" လို့ ပေါ်လာတဲ့လူတွေက Windows 10 Home, Windows 11 Home တွေသုံးနေလို့ဖြစ်ပါတယ်။ အဲဒီလိုမပေါ်တဲ့လူတွေက ဒီအပိုင်းကို ကျော်ဖတ်လို့ရပါတယ်။



    Windows 10 Pro, Windows 11 Pro မဟုတ်ရင် Group Policy Editor သုံးလို့မရပါဘူး။ ဒါကြောင့် "Windows cannot find gpedit.msc လို့ပေါ်လာတာဖြစ်ပါတယ်။ ဒီလိုပေါ်နေတဲ့လူတွေက Windows 10 Pro, Windows 11 Pro မသုံးနိုင်သေးလဲ ပြဿနာမရှိပါဘူး။ command prompt ထဲမှာ အောက်ပါ command တွေရိုက်ထည့်လိုက်မယ်ဆိုရင် group policy editor သွင်းလို့ရနိုင်ပါတယ်။

    Start ခလုတ်ကိုနှိပ်ပါ။ cmd လို့ရိုက်ထည့်ပါ။
    Command Prompt ပေါ်လာတာနဲ့ ညာဘက်အခြမ်းမှာ Run as administrator ကိုနှိပ်ပါ။ command prompt ပွင့်လာပါမယ်။
    အောက်မှာပါတဲ့ command တွေက အပေါ်တစ်ကြောင်းကို copy ကူးပြီး command prompt မှာ paste လုပ်၊ enter နှိပ်ပါ။
    command run လို့ပြီးတာစောင့်ပြီး နောက်တစ်ကြောင်းကို copy ကူး၊ command prompt မှာ paste လုပ်၊ enter နှိပ်ပါ။

    FOR %F IN ("%SystemRoot%\servicing\Packages\Microsoft-Windows-GroupPolicy-ClientTools-Package~*.mum") DO (DISM /Online /NoRestart /Add-Package:"%F")

    FOR %F IN ("%SystemRoot%\servicing\Packages\Microsoft-Windows-GroupPolicy-ClientExtensions-Package~*.mum") DO (DISM /Online /NoRestart /Add-Package:"%F")

    Command နှစ်ခုစလုံး run ပြီးတာနဲ့ Group Policy Editor သွင်းပြီးပြီဖြစ်ပါတယ်။
    Windows + R တွဲနှိပ်ပြီး gpedit.msc ကိုရိုက်ထည့်၊ enter နှိပ်ပါ။

    Group Policy Editor ပွင့်လာပြီဆိုရင် Computer Configuration ကိုသွားပါ။
    Administrative Templates ထဲက Windows Components ကိုသွားပါ။
    Windows Installer ကိုဖွင့်ပါ။
    Turn off Windows Installer ကိုဖွင့်ပါ။
    Enabled ကိုရွေးပါ။ Always ကိုထပ်ရွေးပါ။
    Apply နှိပ်ပါ။ OK နှိပ်ပါ။ Computer ကို Restart နှိပ်ပါ။



    ဒီနည်းအားဖြင့် Windows Installer ကိုပိတ်ထားလိုက်တာဖြစ်ပါတယ်။ Windows Installer သုံးပြီး သွင်းတဲ့ application တွေကို ပိတ်ထားလိုက်တာဖြစ်ပါတယ်။

  4. Don't run specified windows applications
    သတ်မှတ်ထားတဲ့ application တွေကို ပေးမသုံးဘဲ ပိတ်ထားတာဖြစ်ပါတယ်။ ဒီ setting မှာတော့ application တွေ install လုပ်တာပိတ်ဖို့တစ်ခုတည်းမဟုတ်ဘဲ ရှိပြီးသား application တွေထဲက ပေးမသုံးချင်တဲ့ application ကို ပိတ်ထားလို့ရပါတယ်။
    Windows + R တွဲနှိပ်ပါ။ gpedit.msc ကိုရိုက်ထည့်ပါ။ Group Policy Editor ပေါ်လာလျှင် User Configuration ထဲက Administrative Templates ကိုသွားပါ။
    System ကိုဝင်ပါ။ Don't run specified windows application ကိုဝင်ပါ။
    Enabled ကိုရွေးပါ။ List of disallowed application ရဲ့ Show ကိုနှိပ်ပါ။
    C:\Windows\System32\msiexec.exe
    ကိုရိုက်ထည့်ပါ။ ဒါက Windows installer ကိုပိတ်တာဖြစ်ပါတယ်။ ဒီနေရာမှာ တခြား application တစ်ခုရဲ့ path လမ်းကြောင်းကိုထည့်ခြင်းအားဖြင့်လည်း ကိုယ်ပိတ်ချင်တဲ့ application ကို ပိတ်ထားလို့ရပါတယ်။

  5. Registry Editor ဖြင့် ပိတ်ထားခြင်း
    Registry ဆိုတာ Windows ရဲ့ database လို့ ခေါ်နိုင်ပါတယ်။ Windows ရဲ့ setting တွေရယ်၊ application တွေရဲ့ setting တွေအားလုံးကို Registry ထဲမှာသိမ်းထားတာဖြစ်ပါတယ်။
    Registry Editor ဆိုတာကတော့ Windows Registry ကိုပြုပြင်နိုင်မယ့် program တစ်ခုဖြစ်ပါတယ်။ ဒီကနေလည်း application တွေ install လုပ်လို့မရနိုင်အောင် ပိတ်ထားလို့ရပါတယ်။
    Windows + R ကိုတွဲနှိပ်ပါ။ regedit လို့ရိုက်ထည့်ပါ။
    Registry Editor ပေါ်လာပါလိမ့်မယ်။
    ဘယ်ဘက်အခြမ်းက HKEY_LOCAL_MACHINE ကိုသွားပါ။
    Software > Classes > Msi.Package > DefaultIcon ကိုအဆင့်ဆင့်သွားပါ။
    Default ကို double click နှိပ်ပါ။
    Value data မှာ C:\Windows\System32\msiexec.exe,1 လို့ပြင်ပါ။ OK နှိပ်ပါ။



    ဒီနည်းအားဖြင့်လည်း Windows installer ကို ပေး မ run တော့တဲ့အတွက် application တွေသွင်းလို့မရနိုင်တော့ပါဘူး။

  6. USB port ပိတ်ထားခြင်း
    ဒီနည်းကတော့ နည်းနည်းရက်စက်ရာကျပါတယ်။ ကွန်ပြူတာရဲ့ USB အပေါက်တွေကို သုံးလို့မရအောင် ပိတ်ထားတာဖြစ်ပါတယ်။ ဟိုးအရင် အင်တာနက်ကဖီးယဉ်ကျေးမှုပေါ်ကာစတုန်းက အင်တာနက်ဆိုင်မှာကွန်ပြူတာတွေကို ဒီနည်းနဲ့ USB အပေါက်သုံးမရအောင် ပိတ်ထားတတ်ကြပါတယ်။ အဲဒီလိုလုပ်မှလည်း ဗိုင်းရပ်စ်တွေဝင်တာ၊ application တွေသွင်းသွားတာတွေကို တားလို့ရမှာပါ။
    ရုံး/ကျောင်း/အဖွဲ့အစည်းတွေမှာတော့ USB အပေါက်ပိတ်ထားမယ်ဆိုရင် memory stick တွေအလုပ်မလုပ်ရုံသာမက USB ကနေ printer ကိုချိတ်ပြီး print ထုတ်တာ၊ USB ကနေ scanner သုံးတာ စတာတွေပါ ပိတ်သွားမှာဖြစ်ပါတယ်။
    လုပ်တာမလုပ်တာအသာထား၊ ဗဟုသုတအနေနဲ့ ဖော်ပြထားပါတယ်။

    Windows + R ကိုတွဲနှိပ်ပါ။ Run dialog မှာ compmgmt.msc လို့ရိုက်ထည့်ပါ။ compmgmt ဆိုတာ Computer Management ရဲ့ အတိုကောက်ဖြစ်ပါတယ်။ Computer Management ပွင့်လာလျှင် Device Manager ကိုသွားပါ။
    Universal Serial Bus Controllers ကိုသွားပါ။
    အပေါ်ဆုံးက Controller ကို Right Click နှိပ်ပါ။ Disable device ကိုနှိပ်ပါ။



    Controller device ကိုပိတ်လိုက်တာနှင့် သူ့အောက်က USB port တွေပါ ပိတ်သွားမှာဖြစ်ပါတယ်။ ဒါဆို USB အပေါက်တွေမှာ ဘာပဲထိုးထိုး အလုပ်လုပ်မှာမဟုတ်တော့ပါဘူး။ ထုံးစံအတိုင်းပဲ ဒီပြင်ဆင်ချက်တွေဟာ admin account ထဲကနေ ဝင်လုပ်ရမှာဖြစ်ပါတယ်။  ကွန်ပြူတာသုံးတဲ့သူကိုတော့ non-admin account ကိုပဲ ပေးသုံးရမှာဖြစ်ပါတယ်။

  7. Software ဖြင့်ပိတ်ထားခြင်း
    အများသုံး ကွန်ပြူတာတွေမှာ ဘယ်လောက်ပဲဝင်ပြင်ပြင် ကွန်ပြူတာပိတ်ပြီးပြန်ဖွင့်လိုက်တာနဲ့ original အတိုင်းပြန်ဖြစ်အောင် software တစ်ခုခုသုံးထားလို့ရပါတယ်။ ဟိုးအရင် အင်တာနက်ကဖီးယဉ်ကျေးမှု ပေါ်ကာစက အင်တာနက်ဆိုင်ထိုင်ဖူးတဲ့သူတွေဆိုရင် သိနိုင်ပါတယ်။ ကွန်ပြူတာပိတ်ပြီးပြန်ဖွင့်လိုက်တာနှင့် ကိုယ် download လုပ်ထားတဲ့ file တွေဘာမှမကျန်တော့ဘဲ နဂိုအတိုင်းပြန်ဖြစ်နေတာတွေ့ရပါတယ်။
    ဒီနည်းက ဗိုင်းရပ်တွေမဝင်နိုင်အောင် တားနိုင်မယ်၊ application တွေ သွင်းလို့မရအောင်တားနိုင်မယ်၊ ကလိချင်ရာလျှောက်ကလိပြီး ပစ်ထားခဲ့လို့မရအောင် ကာကွယ်နိုင်မယ် စတဲ့အကျိုးကျေးဇူးတွေရှိသလို C: ထဲက file တွေကို D: ထဲကို မရွှေ့ဘဲ ကွန်ပြူတာပိတ်လိုက်မိမယ်ဆိုရင် C: ထဲက ပြင်ထားတဲ့ file တွေပျောက်သွားတတ်တာလည်း ဖြစ်တတ်ပါတယ်။
    ဒီလိုသုံးနိုင်တဲ့ software ကတော့ Deep Freeze ဖြစ်ပါတယ်။ Deep Freeze software ကိုအသုံးပြုချင်တယ်ဆိုရင် https://www.faronics.com/en-uk/products/deep-freeze မှာသွားရောက်လေ့လာနိုင်ပါတယ်။