အသည်းကင်ဆာ

အသည်းကင်ဆာ လို့ဆိုတာနဲ့လူအ​တော်များများ ကြားဖူးကြမယ်ထင်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်နဲ့ မိသားစု​တွေထဲမှာလည်း အသည်းကင်ဆာ ဖြစ်ဖူးတာ ဖြစ်​နေကြတာလည်းရှိနိုင်ပါတယ်။ တကယ်လည်း အသည်းကင်ဆာက ကမ္ဘာ​ပေါ်မှာ ဆဌမ​မြောက် အဖြစ်အများဆုံးကင်ဆာ ဖြစ်ပါတယ်။ ပြီး​တော့ တတိယ​မြောက် ​သေဆုံးမှုအများဆုံး ကင်ဆာလည်း ​ဖြစ်​နေပါတယ်။ ကင်ဆာလို့ သိလိုက်ရတာနဲ့ ကုသရခက်သွားပြီ၊ ကုမရ​တော့ဘူး၊ ​သေ​​တော့မှာပဲလို့ ​ထင်ကုန်တတ်ကြပါတယ်။ ဒါ​ပေမဲ့ ဒီ​နေရာမှာ ​မျှော်လင့်စရာ တစ်ခုရှိပါတယ်။ အသည်းကင်ဆာဖြစ်​နေတာ ကို ​စော​စောစီးစီးအဆင့်မှာ သိရှိလျှင် ​ပျောက်ကင်း​အောင် ကုသလို့ ရတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တချို့လူ​တွေမှာ အသည်းကင်ဆာ မဖြစ်​အောင် အစားအ​သောက် အ​နေအထိုင် ဆင်ခြင်ပြီး ကာကွယ်လို့ရ​သေးတယ်ဆိုတာပါပဲ။

ခန္ဓာကိုယ်အတွက် အသည်းရဲ့လုပ်ငန်း​ဆောင်တာများ

အသည်းက ကျ​နော်တို့ခန္ဓာကိုယ်ရဲ့ဝမ်းဗိုက်ညာခြမ်းအ​ပေါ်ပိုင်း နံရိုး​တွေရဲ့​အောက်မှာတည်ရှိပါတယ်။ အသည်းဟာ ကျ​နော်တို့အသက်ရှင်သန်ဖို့အတွက် အ​ရေးပါတဲ့ လုပ်ငန်း​ဆောင်တာ​တွေ အများကြီးလုပ်​ဆောင်​ပေးပါတယ်။ ဒီအထဲကမှ အ​ရေးကြီးတာ​တွေက​တော့ ကိုယ်ခန္ခာအားအင်အတွက်အ​ရေးကြီးတဲ့ အချိုဓါတ်​နဲ့အဆီဓါတ်​တွေကို သို​လောင်​ပေးခြင်းနဲ့အားအင်အဖြစ်​ပြောင်းလဲခြင်း၊ အစာ​ချေဖျက်မှုဖြစ်စဥ်​တွေမှာ ကူညီ​​ပေးခြင်း၊ အဆိပ်အ​တောက်များကို ဖယ်ရှားသန့်စင်​ပေးခြင်း၊ ကိုယ်ခံအားအတွက်ပဋိပစ္စည်းများကို ထုတ်လုပ်​ပေးခြင်း နှင့် ​သွေးစနစ်​ကောင်းမွန်စွာလည်ပတ်နိုင်​ရေးအတွက်ထိန်းညှိ​ပေးခြင်းတို့ဖြစ်ပါတယ်။ ဒါ​ကြောင့်ကျ​တော်တို့​တွေဟာ အသည်းမရှိရင် အသက်ဆက်ရှင်သန်လို့ မရပါ။

အသည်းကင်ဆာဖြစ်​သေည့် အ​ကြောင်းအရင်းများ

အသည်းကင်ဆာဖြစ်​နေသူ​တွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ အသည်း​ခြောက်​ပြီးမှ ကင်ဆာဖြစ်လာကြတာပါ။ ဒါ​ကြောင့် ဘာ​ကြောင့်ပဲ အသည်း​ခြောက်ပါ​စေ ကင်ဆာဖြစ်နိုင်​ချေ များပါတယ်။ အမျိုးသား​တွေက အမျိုးသမီး​တွေထက် ဖြစ်နိုင်​ချေ ၃ ဆ များပါတယ်။
အသက် ၅၀ ​ကျော် ၆၀ ​ကျော်​တွေမှ ဖြစ်​လေ့ရှိပါတယ်။​အောက်ပါအချက်​တွေရှိသူ​တွေက​တော့

၁-/ အရက်အလွန်အကျွံ​သောက်သုံးသူများ
၂-/ အသည်း​ရောင်အသားဝါ B ပိုး သို့မဟုတ် C ပိုးရှိသူများ
၃-/ အရက်​ကြောင့်မဟုတ်တဲ့အသည်းအဆီဖုံးခြင်း၊ အသည်း​ခြောက်ခြင်း ( အဝလွန်ခြင်းနှင့် သက်ကြီးဆီးချို များနှင့်ဆက်စပ် )
၄-/ ကိုယ်ခံအားစနစ်မှားယွင်းခြင်း​ကြောင့်အသည်း​ရောင်ခြင်း ( Autoimmune diseases of liver )
၅-/ အသည်းတွင် သံဓါတ်စုခြင်း​ရောဂါ ( Haemochromatosis ) ရှိ​နေသူ​တွေက​တော့ပုံမှန်လူ​တွေထက် အသည်းကင်ဆာဖြစ်နိုင်​ချေများပါတယ်။

​ရောဂါလက္ခဏာများ

ကင်ဆာ​ရောဂါ​တွေရဲ့ သ​ဘောအတိုင်းပဲ အ​စောပိုင်းအဆင့်​တွေမှာ ​ရောဂါလက္ခဏာပြ​လေ့မရှိပါဘူး။ ​နောက်ကြာမှသာ ​ရောဂါလက္ခဏာ​တွေ ခံစားလာကြရတာပါ။ ခံစားရနိုင်တဲ့ ​ရောဂါလက္ခဏာ​တွေက​တော့
-ဝမ်းဗိုက်ညာဘက်အ​ပေါ်ပိုင်းတွင် ​အောင့်ခြင်း၊ နာကျင်ခြင်း
-ဝမ်းဗိုက်ညာဘက်အ​ပေါ်ပိုင်းတွင် အလုံး အကြိတ် စမ်းမိခြင်း
-အစာအနည်းငယ်စားရုံဖြင့် ဗိုက်ပြည့်ခြင်း
-ပျို့ခြင်း၊ အန်ခြင်း
-အစားအ​သောက်ပျက်ခြင်း
-ခန္ဓာကိုယ် အ​လေးချိန်ကျဆင်းခြင်း
-မျက်လုံးဝါခြင်း၊ အသားဝါခြင်း
-​သွေးထွက်လွယ်ခြင်း၊ အညိုအမဲစွဲခြင်း
-​ရေဖျင်းစွဲခြင်း​ကြောင့် ဝမ်းဗိုက်​ဖောင်းလာခြင်း
-အသားယားခြင်း စတာ​တွေ ခံစားရနိုင်ပါတယ်။
ပျို့အန်ခြင်း၊ အစားအ​သောက်ပျက်ခြင်းစတာ​တွေ​က​တော့ အခြားရောဂါ​​တွေကြောင့်လည်းဖြစ်တတ်တာမို့ အဲဒီလက္ခဏာခံစားရလျှင်​တောင်မှ စိုးရိမ်မှု မလွန်ကဲဖို့ လိုပါတယ်။

​ရောဂါစစ်​ဆေးအတည်ပြုနည်းလမ်းများ

​ရောဂါ​ဝေဒနာခံစားရလို့ ​ဆေးခန်းသွားပြရာမှလည်း​ကောင်း၊ ပုံမှန်ကျန်းမာ​ရေးစစ်​ဆေးမှု ခံယူ​နေရင်းနဲ့ အာထွာ​ဆောင်းရိုက်ကြည့်ရာမှ အသည်းမှာအကြိတ်​တွေ့လို့ဆိုပြီး အသည်းကင်ဆာ ဟုတ် မဟုတ် ဆက်လက်စစ်​ဆေးဖို့လိုတဲ့အခါမှာ
-CT scan ရိုက်ခြင်း
-MRI ရိုက်ခြင်း
-အသည်းကင်ဆာဓါတ်စစ်​ဆေးခြင်း ( Alpha fetoprotein -AFP )
-အသည်းအသားစ စစ်​ဆေးခြင်း စတာ​တွေနဲ့ဆက်လက်စစ်​ဆေးရပါတယ်။ ပုံမှန်အားဖြင့် CT၊ MRI၊ AFP စစ်​ဆေးခြင်းများဖြင့်အသည်းကင်ဆာကို အတည်ပြုနိုင်တဲ့အခါမှာ အသားစ စစ်​ဆေးခြင်း မလုပ်​​တော့ဘဲကုသ​လေ့ရှိကြပါတယ်။ ​အောက်ခံ အသည်း​ရောဂါရှိ မရှိသိနိုင်ဖို့နဲ့ အသည်းရဲ့လုပ်ငန်း​ဆောင်တာနှုန်း​တွေသိရှိဖို့ Liver function test ကိုလည်း စစ်​ဆေး​ပေးရပါ​သေးတယ်။

ကုသမှုများ

အသည်းကင်ဆာ ရဲ့ကုသ​ပျောက်ကင်းနိုင်မှုနုန်းက​တော့ ​ရောဂါရဲ့အဆင့်​ပေါ်မှာအဓိကမူတည်ပါတယ်။ ဒါ့အပြင် လူနာရဲ့အသက်၊ ​ရောဂါခံများ၊ အခြား​ရောဂါများ ဒါ​တွေ​ပေါ်မှာလည်း မူတည်​နေပါတယ်။ လူနာက အသက်ငယ်တယ်၊ ​ရောဂါအဆင့်ကလည်း ​စော​သေးတယ်ဆိုလျှင် ခွဲစိပ်ကုသပြီး ​ပျောက်ကင်း​​အောင်ကုသလို့ရနိုင်ပါတယ်။ ကုသနည်းအမျိုးမျိုးက​တော့
-ကင်ဆာအကြိတ်နားတဝိုက်ခွဲစိပ်ကုသနည်း
-အသည်းတစ်ခုလုံးခွဲစိပ်ဖယ်ရှားပြီး အသည်းအစားထိုးခြင်း ​
-Ablation therapy using ( microwaves or radiofrequency waves or freezing cold )
-​​ဆေး​ဖြင့်ကင်ဆာ​သွေး​ကြောပိတ်ပြီး ကင်ဆာအကြိတ်ဖျက်ဆီးခြင်း စတာ​တွေနဲ့ ကုသကြပါတယ်။

အထက်ပါနည်း​တွေနဲ့ကုသလို့မရတဲ့ အကြိတ်အ​​သေး​လေး​တွေကို​တော့
-SBRT ( Stereotactic body radiation therapy ) နည်းနဲ့ကုသလို့ရပါတယ်။

​နောက်ကျတဲ့ကင်ဆာ​ရောဂါဆိုလျှင်​တော့
-Immunotherapy
-Targeted therapy စတာ​တွေနဲ့ အတိုင်းအတာ တစ်ခုအထိ သက်သာ​လျော့ပါး​အောင် ကုသ​လို့ရပါ​သေးတယ်။ အသည်းကင်ဆာ​ရောဂါကို ​စောစီးတဲ့အဆင့်မှာ သိရှိရလျှင် ​ပျောင်ကင်း​အောင် ကုသလို့ရနိုင်တာ​ကြောင့် မိမိမှာ နာတာရှည် အသည်း​ရောဂါ​တွေရှိလျှင်၊ အသည်းကင်ဆာ​ရောဂါဖြစ်​နေပြီဟုသံသယဖြစ်မိလျှင် ​စော​လျင်စွာ စစ်​ဆေးကုသမှု ခံယူသင့်ပါတယ်။

ကာကွယ်ခြင်း

အသည်း​ရောင်အသားဝါ B ပိုး၊ C ပိုးများရှိ​နေလျှင် ၊ နာတာရှည်အသည်း​ရောဂါများရှိ​နေလျှင်၊ အရက်ကိုနှစ်ရှည် စွဲမြဲ​သောက်ခဲ့ဖူးလျှင် အသည်းကင်ဆာဖြစ်နိုင်တာ​ကြောင့် ​ရောဂါ​တွေကို ​သေချာကုသမှုခံယူပါ။ အသည်းကင်ဆာ ဖြစ် မဖြစ် ပုံမှန် စစ်​ဆေးဖို့ အ​ရေးကြီးပါတယ်။

-အသည်း​ရောင်အသားဝါ B ပိုး မရှိသူများအ​နေဖြင့် B ပိုးကာကွယ်​ဆေး မှန်ကန်စွာထိုးထားကြရန်
-B ပိုး နှင့် C ပိုးများအတွက် ကုသမှု စနစ်တကျခံယူရန် နှင့် ပုံမှန်စစ်​ဆေးရန်
-နာတာရှည်​အသည်း​ရောဂါသမားများအ​နေဖြင့် ကုသမှု စနစ်တကျခံယူပြီး ပုံမှန်စစ်​ဆေးရန်
-ကိုယ်အ​လေးချိန် မတက်​​စေရန်နှင့် ​သွေးသွင်းအဆီဓါတ် မတက်စေရန်အတွက်ကျန်းမာ​ရေးနှင့် ညီညွတ်​သော စား​သောက်ခြင်း၊ ​နေထိုင်ခြင်း များကို လိုက်နာရန်
-အရက်အလွန်အကျွံ မ​သောက်ရန် ၊ ​ရှောင်ရန်
-​ဆေးလိပ် မ​သောက်ရန်
-သက်ကြီးဆီးချို​ရောဂါရှိပါက ကုသမှု စနစ်တကျ ခံယူရန်

အထက်ပါအချက်များကို ​သေချာလိုက်နာကြလျှင်ဖြင့် အသည်းကင်ဆာ​ရောဂါဖြစ်ခြင်းမှ အတိုင်းအတာတစ်ခုအထိ ကာကွယ်မှုရမှာဖြစ်သလို ​ရောဂါဖြစ်ခဲ့လျှင်​တောင်မှ အ​စောပိုင်းအဆင့်မှာတင် ​ပျောက်ကင်းသက်သာ​အောင် ထိ​ရောက်စွာ ကုသမှုရမှာဖြစ်​ကြောင်း ​ဖော်ပြ​ရေးသားလိုက်ပါတယ်။

Dr. Fleming

Reference…,
https://my.clevelandclinic.org/health/diseases/21709-hepatocellular-carcinoma-hcc
https://medlineplus.gov/ency/article/000280.htm

Scroll to Top