ကျွန်တော်တို့ ကွန်ပြူတာတစ်လုံးဝယ်တော့မယ်လို့ စိတ်ကူးကြည့်ရအောင်။ ကွန်ပြူတာတစ်လုံးဝယ်တဲ့အခါ ဘာတွေဦးစားပေးကြည့်ရမလဲ။ ဘယ်အမျိုးအစားကိုဝယ်မလဲ။ နားလည်တတ်ကျွမ်းတဲ့လူတစ်ယောက်ရှိလျှင် ပြဿနာမရှိပေမယ့် အဲဒီလိုမျိုးဘယ်သူမှမရှိတဲ့အချိန်မှာ ကိုယ်တိုင်သုံးဖို့ကွန်ပြူတာလိုလို့ပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာသုံးဖို့ ကွန်ပြူတာတစ်လုံး ကိုယ့်ကိုဝယ်ခိုင်းလာတာပဲဖြစ်ဖြစ် စတဲ့အခြေအနေမျိုးရောက်လာလျှင် အသုံးတည့်အောင် ကွန်ပြူတာအကြောင်း နည်းနည်းပါးပါးဖြစ်ဖြစ် သိထားဖို့လိုပါတယ်။

ကွန်ပြူတာဝယ်တော့မယ်ဆိုလျှင်

(၁) ဘယ်လောက်သုံးမလဲ

(၂) ဘယ်လောက်အရွယ်အစားလိုမလဲ

(၃) CPU/Processor ဘယ်အမျိုးအစားသုံးမလဲ

(၄) ဘယ် Operating System သုံးမလဲ

(၅) Storage Type လို့ခေါ်တဲ့ Data အချက်အလက်သိမ်းဆည်းမှုစနစ် ဘာသုံးမလဲ

စတာတွေ ဦးစားပေးကြည့်ရပါတယ်။

(၁) ဘယ်လောက်သုံးမလဲ

စရိတ်နည်းနည်းပဲတတ်နိုင်တယ်ဆိုရင် တစ်ပတ်ရစ်ကွန်ပြူတာ သန့်သန့်လေးရှာဝယ်တာ၊ ဈေးချတဲ့ကွန်ပြူတာကို စောင့်ဝယ်တာ၊ ကိုယ့်ဘာသာကိုယ်ကွန်ပြူတာဆင်တာမျိုး လုပ်နိုင်ပါတယ်။

တစ်ပတ်ရစ်ပစ္စည်းဝယ်တော့မယ်ဆိုရင် ပစ္စည်းအသစ်အကြောင်းသိထားရုံနှင့်မလုံလောက်ဘဲ ကြာလာတဲ့အခါ ကြုံရတတ်တဲ့ပြဿနာတွေအကြောင်းပါ သိထားဖို့လိုတာမို့လို့ ကိုယ်ကကွန်ပြူတာအကြောင်း သိပ်မသိသေးတဲ့အချိန်မှာ တစ်ပတ်ရစ်ပစ္စည်းမဝယ်သင့်ပါဘူး။

လျှော့ဈေးနှင့်ရောင်းတဲ့ ကွန်ပြူတာအသစ်တွေကို ဝယ်လိုက်တာက ရွေးခြယ်မှုမှန်ကန်လေ့ရှိပါတယ်။ သူ့ခေတ်သူ့အခါက နောက်ဆုံးပေါ်ကွန်ပြူတာမော်ဒယ်တွေဟာ တစ်နှစ်လောက်ကြာရင်ကိုပဲ ဒိတ်အောက်လာတတ်ပါတယ်။ လွန်ခဲ့တဲ့ငါးနှစ်လောက်က ကွန်ပြူတာလောကမှာ ဘုရင်ဖြစ်ခဲ့တဲ့အမျိုးအစားတွေဟာ ငါးနှစ်လောက်ကုန်လွန်ပြီးတဲ့အခါ တစ်ဝက်ဈေးလောက်ပဲရှိပါတော့တယ်။

ကိုယ့်ဘာသာကိုယ် Desktop Computer အမျိုးအစားတွေ ဆင်သုံးခြင်းအားဖြင့်လည်း ကုန်ကျစရိတ်ချွေတာနိုင်ပါတယ်။ ကိုယ့်ဘာသာကိုယ်အစအဆုံးဆင်မယ်ဆိုလျှင် ကိုယ့်အတွက်အသုံးအဝင်ဆုံးဖြစ်မယ့်အစိတ်အပိုင်းကို ပိုပိုသာသာလေး အကုန်အကျခံလိုက်ပြီး မလိုတဲ့ပစ္စည်းတွေ မထည့်တော့တာ၊ ဈေးသက်သာတာသုံးလိုက်တာ စသည်ဖြင့်စီမံနိုင်ပါတယ်။

(၂) ဘယ်လောက်အရွယ်အစားသုံးမလဲ

Laptop ကွန်ပြူတာတွေ ဝယ်တော့မယ်ဆိုလျှင် အရွယ်အစားကအရေးကြီးပါတယ်။ အသွားအပြန်အမြဲသယ်နေဖို့လိုတယ်ဆိုလျှင် အရွယ်အစားသိပ်မကြီးတဲ့ အမျိုးအစားကပိုသင့်တော်ပြီး လုပ်ငန်းခွင်မှာ ဓါတ်ပုံတွေပြင်ဖို့၊ ဗီဒီယိုတွေပြင်ဖို့ ဒါမှမဟုတ် ဂိမ်းဆော့ဖို့ဆိုလျှင်တော့ အရွယ်အစားကြီးတဲ့ အမျိုးအစားကိုရွေးရမှာဖြစ်ပါတယ်။ တွေ့ရများတဲ့ Laptop ကွန်ပြူတာအရွယ်အစားတွေကတော့ ၁၃ ၊ ၁၄၊ ၁၅၊ ၁၇ လက်မတို့ဖြစ်ပါတယ်။

ဒီနေရာမှာတစ်ခုသတိပြုရမှာက ၁၃ လက်မနဲ့ ၁၄ လက်မ Laptop ကွန်ပြူတာတွေမှာ Numpad လို့ခေါ်တဲ့ နံပါတ်သီးသန့်လက်ကွက်မပါပါဘူး။ အရွယ်အစားသေးတဲ့ကွန်ပြူတာဝယ်လိုက်ပြီးမှ လုပ်ငန်းခွင်မှာ ဂဏန်းတွေခဏခဏစာရင်းသွင်းရတာမျိုးလုပ်ဖို့လိုလာခဲ့ရင် Numpad ပါတဲ့ ကီးဘုတ်တစ်ခုအပိုထပ်ဝယ်ရတတ်ပါတယ်။


(၃) CPU/Processor ဘယ်အမျိုးအစားသုံးမလဲ

CPU/Processor ဆိုတာ လူရဲ့ဦးနှောက်လိုပါပဲ။ ကွန်ပြူတာရဲ့တွက်ချက်မှုတွေအားလုံးလုပ်ဆောင်တဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ဘယ်ကွန်ပြူတာပဲဝယ်ဝယ် CPU ကိုတော့ မဖြစ်မနေ ကြိုတင်လေ့လာဖို့လိုပါတယ်။ CPU/Processor မှာ မြန်နှုန်းဘယ်လောက်ရှိသလဲ၊ Core ဘယ်နှခုပါသလဲပေါ်မူတည်ပြီး ဈေးနှုန်းအမျိုးမျိုးရှိပါတယ်။

တွေ့ရများတဲ့ Speed တွေကတော့ 

  • 1.8 GHz
  • 2.4 GHz
  • 3.0 GHz ဖြစ်ပါတယ်။
ဂဏန်းကြီးလေလေ speed မြန်လေလေဖြစ်ပါတယ်။

အများစုတွေ့ရတဲ့ CPU Core တွေကတော့

  • Single Core
  • Dual Core
  • Quad Core
  • Hexa Core
  • Octa Core တို့ဖြစ်ပါတယ်။
Core များလေလေ အကန့်ခွဲပြီးအလုပ်လုပ်နိုင်လေဖြစ်တာကြောင့် ဈေးလည်းပိုကြီးပါတယ်။ ဈေးကွက်ထဲမှာတွေ့ရတဲ့ CPU/Processor တွေကတော့ Intel, AMD နဲ့ ARM အမျိုးအစားတွေဖြစ်ပါတယ်။ Apple ပစ္စည်းတွေအတွက် သီးသန့် Apple Silicon အမျိုးအစား CPU လည်းရှိပါတယ်။

Bonus Tip!

နည်းပညာသမားတွေကြားထဲမှာ အပြောများတဲ့ စကားတစ်ခွန်းဖြစ်တဲ့ Google Is Your Friend! ကို ကြားဖြတ်မိတ်ဆက်ပါရစေ။ ဘာကိစ္စပဲဖြစ်ဖြစ် သိချင်လာလျှင် Google မှာ ရှာကြည့်စေချင်ပါတယ်။ ရှာတတ်လျှင်ရှာတတ်သလို အဖြေမျိုးစုံရှိပါတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့သုံးနေတဲ့ကွန်ပြူတာပေါ်မှာ စတစ်ကာနဲ့ကပ်ထားတဲ့ Intel i3, i5, i7 စတာတွေဟာ CPU Core ဘယ်နှခုရှိသလဲ သိချင်တယ်ဆိုရင် Google မှာရှာကြည့်နိုင်ပါတယ်။

ယခင်က CPU ကို မကြိုက်တော့တာပဲဖြစ်ဖြစ်၊ မကောင်းတော့လို့အသစ်လဲချင်တာပဲဖြစ်ဖြစ်၊ motherboard ကနေ ဖြုတ်လဲလိုက်လို့ရပါတယ်။ ယခု motherboard တွေမှာတော့ CPU on-board လို့ခေါ်တဲ့ CPU နှင့် motherboard တစ်ခါတည်း တွဲလျက်ထုတ်လုပ်လာကြတာမို့လို့ CPU လဲမယ်ဆိုရင် Motherboard ကိုပါတစ်ခါတည်းလဲလှယ်ရပါတယ်။ ဒါကြောင့် ကွန်ပြူတာဝယ်တော့မယ်ဆိုရင် ကိုယ်နှင့်အကိုက်ညီဆုံးဖြစ်မယ့်၊ အကြိုက်ဆုံးဖြစ်မယ့် CPU အမျိုးအစားကို တစ်ခါတည်းစိတ်ကြိုက်ရွေးဝယ်ဖို့လိုပါတယ်။ နောက်မှပြန်လဲရတာမလွယ်တော့ပါဘူး။


Intel CPU

CPU ဖြုတ်၍လဲလှယ်နိုင်သည့် Motherboard

CPU ဖြုတ်လဲ၍မရသည့် Laptop Motherboard

(၄) ဘယ် Operating System သုံးမလဲ

ကျွန်တော်တို့အများစု မြင်တွေ့နေရတဲ့ ကွန်ပြူတာတွေဟာ Windows စနစ် Operating System သုံးထားတဲ့ကွန်ပြူတာတွေပါ။ Operating System ဆိုတာ အလုပ်လုပ်တဲ့စနစ်လို့ အကြမ်းဖျဉ်းမှတ်သားနိုင်ပါတယ်။ အကောင်းဆုံး Operating System ဆိုတာမရှိဘဲ ကိုယ့်အတွက်အဆင်အပြေဆုံးဖြစ်မယ့် Operating System ကိုရွေးခြယ်ရမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အထွေထွေသုံးနှင့်ရုံးသုံးအတွက် အရွေးခြယ်သင့်ဆုံး Operating System ကတော့ Windows 10 ပဲဖြစ်ပါတယ်။ Windows 10 ကိုမှ တရားဝင်လိုင်စင်ပါပြီးသားဖြစ်လျှင် ပိုကောင်းပါတယ်။ Genuine Windows 10 လို့ခေါ်ပါတယ်။ ဘာလို့တရားဝင်လိုင်စင်ကိစ္စကိုထည့်ပြောရသလဲဆိုလျှင် တရားမဝင်ခိုးသုံးတဲ့ Windows 10 တွေ အင်တာနက်ချိတ်လိုက်တဲ့အခါ မိခင်ကုမ္ပဏီဖြစ်တဲ့ Microsoft ကခိုးသုံးတာသိသွားပါတယ်။ အဲဒီအခါ Activate Windows ဆိုတဲ့စာတမ်းပေါ်လာပြီး ကွန်ပြူတာသုံးရတာ တဖြည်းဖြည်းနှေးလာတတ်ပါတယ်။ Activate Windows ပေါ်လာရင် နည်းအမျိုးမျိုးသုံးပြီး ပြန်ခိုးသုံးလို့ရပေမယ့် မူလတရားဝင်လိုင်စင်နှင့်ဝယ်သုံးတာလောက်တော့ မကောင်းပါဘူး။


Windows 10 သုံးထားသည့် ကွန်ပြူတာ

ဈေးလည်းတတ်နိုင်တယ်၊ ဓါတ်ပုံနှင့်ဗီဒီယိုတွေ Edit လုပ်မယ်။ ဆယ်စုနှစ်တစ်ခုလောက်အထိ အေးအေးဆေးဆေးသုံးချင်တယ်ဆိုလျှင် MacOS ပါဝင်တဲ့ Apple Mac တွေသုံးနိုင်ပါတယ်။ ငွေကြေးစာရင်းဇယားပိုင်းတွက်ချက်ဖို့နှင့် အစည်းအဝေးတွေမှာ တင်ဆက်ပြသတဲ့ Presentation လှလှပပလေးလုပ်ဖို့အတွက်လည်း Mac ကွန်ပြူတာတွေက အသုံးဝင်ပါတယ်။ Mac တွေရဲ့အဓိကအားနည်းချက်ကတော့ Windows ကွန်ပြူတာတွေလောက် Software အစုံသုံးလို့မရတာပါပဲ။ ရုံးသမားတွေအတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ Microsoft Word, Excel, Powerpoint စတာတွေဟာ Mac မှာသုံးမယ်ဆိုလျှင် Windows မှာလောက် ပြည့်စုံမှုမရှိပါဘူး။ မြန်မာစာမှန်မှန်ကန်ကန်ပေါ်နိုင်ဖို့ Windows မှာထက်ပိုအလုပ်ရှုပ်ခံပြီးလုပ်ရတတ်ပါတယ်။ ရိုရိုသေသေကိုင်မယ်ဆိုလျှင် ဆယ်စုနှစ်တစ်ခုလောက် အေးအေးဆေးဆေးသုံးလို့ရပါတယ်။ ဒါပေမယ့်မတော်တဆပျက်ပြီဆိုလျှင်လည်း ကုန်ကျစရိတ်ကြီးတတ်ပါတယ်။ နောက်ဆုံးပေါ် M1, M2 CPU မဟုတ်တဲ့ Mac တွေမှာ ဂိမ်းလည်းကောင်းကောင်းဆော့လို့မရပါဘူး။


Macbook Air

(၅) Storage Type ဘာသုံးမလဲ

Storage Type ဆိုတဲ့ အချက်အလက်သိမ်းဆည်းတဲ့စနစ်တွေမှာ

  • Hard Disk Drive (HDD)
  • Solid State Drive (SSD)
တို့ရှိပါတယ်။ Hard Disk Drive (HDD) တွေဟာ အချက်အလက်ဝင်ဆံ့တဲ့ပမာဏများလေ့ရှိပြီး အရွယ်အစားလည်းကြီးမားပါတယ်။ Solid State Drive (SSD) တွေက အရွယ်အစားသေးငယ်သလို ဈေးနှုန်းချင်းတူတဲ့ HDD တွေထက် ဝင်ဆံ့တဲ့ပမာဏနည်းပါတယ်။ ဒါပေမယ့် SSD ဟာ HDD ထက် အချက်အလက်တွေကြည့်ရှု (Read) တဲ့အခါ ဆယ်ဆပိုမြန်ပြီး အချက်အလက်တွေသိမ်း (Write) တဲ့အခါ အဆနှစ်ဆယ်ပိုမြန်ပါတယ်။

HDD နှင့် SSD

နေရာကျယ်ကျယ်ဝန်းဝန်းရတဲ့ Desktop ကွန်ပြူတာအတွက် ပမာဏအများကြီးဝင်ဆံ့တဲ့ HDD သုံးဖို့ပိုသင့်တော်ပြီး နေရာကျဉ်းကျဉ်းလေးမှာ မြန်မြန်ဆန်ဆန်သုံးဖို့လိုတဲ့ Laptop ကွန်ပြူတာအတွက် SSD သုံးဖို့သင့်တော်ပါတယ်။

နောက်လာမည့်သင်ခန်းစာမှာတော့ Personal Computer (PC) တစ်လုံးမှာပါဝင်တဲ့ အခြားအစိတ်အပိုင်းများကို ဆက်လက်လေ့လာနိုင်မှာဖြစ်ပါတယ်။