COVID-19 ကာကွယ်‌ဆေးနှင့်စပ်လျဉ်း၍ ပြည်သူ့ထံ တင်ပြခြင်း

COVID-19 ကာကွယ်‌ဆေးနှင့်စပ်လျဉ်း၍ ပြည်သူ့ထံ တင်ပြခြင်း
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်

၁။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (Committee Representing Pyidaungsu Hluttaw – CRPH) စတင်ဖွဲ့စည်းပြီးချိန်မှစ၍ CDM ကျန်းမာရေးဝန်ထမ်းများ ဦးဆောင်ကာ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသ‌ရေးလုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည် ဖော်နိုင်ရေးနှင့် ပြည်သူများအား COVID-19 ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးနိုင်ရေး အတွက် ဆောင်ရွက်ခဲ့ပါသည်။ အကြမ်းဖက် စစ်ကောင်စီ၏ အာဏာသိမ်းမှု မတိုင်ခင်ကပင် ရေးဆွဲခဲ့ပြီး အာဏာသိမ်းပြီးနောက် လိုအပ်ချက်နှင့်အညီ ပြန်လည်ပြုပြင်ရေးဆွဲထားသော အမျိုးသား COVID-19 ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ် (Revised National Vaccine Roll Out Plan) နှင့်စပ်လျဉ်း၍ GAVI, the vaccine alliance သို့ (၃၀-၃-၂၀၂၁) ရက်နေ့တွင် စာပေးပို့ခဲ့ပါသည်။

၂။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ကော်မရှင်ကို (၇-၇-၂၀၂၁) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။ COVID-19 ကာကွယ်ဆေး ထိုးနှံခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ အခြေခံမူဝါဒအဖြစ်ကျင့်သုံးမည့် နည်းလမ်းများကို ကော်မရှင်ဥက္ကဌ နိုင်ငံတော်ယာယီသမ္မတက ပြည်သူများထံ ရှင်းလင်းတင်ပြခဲ့ပါသည်။ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများနှင့် MOH, NUG တို့ ပူးပေါင်းပါဝင်သော COVID-19 Task Force (CTF) ကိုလည်း (၂၁-၇-၂၀၂၁) ရက်နေ့တွင် ဖွဲ့စည်း၍ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို ဘက်စုံ၊ ကဏ္ဍစုံက အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခဲ့ ပါသည်။

၃။ COVID-19 ကာကွယ်ဆေးများ အမြန်ဆုံးရရှိနိုင်ရေးအတွက် COVAX Facility, GAVI အပါအဝင် UN အဖွဲ့အစည်းများ၊ သံတမန်အဖွဲ့များ၊ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများနှင့် အကြိမ်ကြိမ် တွေ့ဆုံမှုများ ပြုလုပ်ခြင်း၊ အပြန်အလှန်စာပေးပို့ဆက်သွယ်ခြင်းများနှင့် နိုင်ငံတော်ယာယီ သမ္မတက စာပေးပို့၊ ဆက်သွယ်ညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့ပါသည်။ အရေးကြီးသော တိုင်ပင် ဆွေးနွေးမှုများကို (၂၆/၂၈-၇-၂၀၂၁)၊ (၁၁/၁၃-၈-၂၀၂၁)၊ (၃/၁၅/၁၆/၂၂-၉-၂၀၂၁) ရက်နေ့ များတွင် အသီးသီးပြုလုပ်ခဲ့ပါသည်။

၄။ ထိုသို့တွေ့ဆုံရာတွင် CTF အနေဖြင့် (က) ပြည်သူသာအဓိက ဖြစ်ရမည်၊ (ခ) ပွင့်လင်းမြင်သာမှု ရှိရမည်၊ (ဂ) ညီမျှသောဆက်ဆံမှု ရှိရမည် ဟူသော ပြည်သူအခြေပြု မူဝါဒ (၃) ရပ်ကို လက်ကိုင်ထားပါသည်။ (CTF ၏ ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ လုပ်ငန်းစဉ်မူဝါဒများကို အမျိုးသားကျန်းမာရေးကော်မတီ၏ (၁၆-၉-၂၀၂၁) ရက်နေ့ရက်စွဲပါ ထုတ်ပြန်ကြေညာချက် ၂/၂၀၂၁ တွင် အသေးစိတ်ဖော်ပြထားပါသည်။

၅။ ဆွေးနွေးချက်များတွင် CTF အနေဖြင့် အောက်ပါအချက်များကို စဉ်ဆက်မပြတ်‌ တောင်းဆို ခဲ့ပါသည်။

(က) ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအားလုံး မည်ကဲ့သို့သော ခွဲခြားမှုမျိုးမှ မခံရစေဘဲ တန်းတူညီမျှ                     အခွင့်အရေးရစေရန်၊

(ခ) ပြည်သူလူထုအား COVID-19 Fourth Wave အန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးများ အမြန်ဆုံး               ထောက်ပံ့ပေးရန်၊

(ဂ) ကာကွယ်ဆေးထိုးနှံရာတွင် အကြမ်းဖက်စစ်ကောင်စီက ပါဝင်ဆောင်ရွက်ခြင်း လုံးဝ မရှိစေရန်နှင့် Third Party                   အဖြစ် UN အဖွဲ့အစည်းများ၊ INGO များ၊ NGO များ၊ CBO/ CSO များ၊ EHO များနှင့် CDM ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးနိုင်ရန်၊

(ဃ) ကာကွယ်ဆေး လာရောက်ထိုးနှံမည့် ပြည်သူများနှင့် ကာကွယ်ဆေးထိုးနှံပေးမည့် ကျန်းမာရေးဝန်ထမ်းများ၏လုံခြုံရေးနှင့် အသက်အိုးအိမ်ကို UN အဖွဲ့အစည်းများမှ အာမခံစောင့်ရှောက်‌‌‌‌ပေးရန်၊

(င) ပြည်သူလူထု၏ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည်သာ ပဓာန ဖြစ်စေရန်၊

(စ) အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများသည် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့ အရေးယူခံထားရ                      သူများ ဖြစ်သည့်အလျောက် ၎င်းတို့နှင့် တရားဝင်ပတ်သက်ခြင်း များသည် နိုင်ငံတကာဥပဒေများနှင့်ဆန့်ကျင် ကြောင်း သိစေရန်။

၆။ (၂၀၂၁) ခုနှစ်၊ စက်တင်ဘာလတွင် ဆောင်ရွက်ခဲ့သော ဆွေးနွေးပွဲများမှ စတင်ကာ GAVI နှင့် UN အဖွဲ့အစည်းများသည် Pfizer-BioNTech COVID-19 vaccine များ မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းနိုင်ရေးအတွက် ကာကွယ်ဆေးထုတ်လုပ်သော ကုမ္ပဏီ၏ လိုအပ်ချက်အရ Indemnity and Liability Agreement (ကာကွယ်ဆေးဆိုင်ရာ လျော်ကြေးစာချုပ်) တွင် အကြမ်းဖက် စစ်ကောင်စီက လက်မှတ်ထိုးရန်လိုအပ်ကြောင်း ဆွေးနွေးလာပါသည်။ ထိုကိစ္စ အဆင်မပြေ ပါက Pfizer Vaccine များကို ပေးပို့နိုင်မည်မဟုတ်ကြောင်း အသိပေးလာပါသည်။ အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ကော်မရှင် နှင့် CTF တို့တွင် အသေအချာ ဆွေးနွေးသုံးသပ်ပြီး “ပြည်သူသာအဓိက” ဟူသော မူဝါဒအပေါ် အခြေခံ၍ အထက်ဖော်ပြပါ စာပိုဒ် (၅) ပါ (က) မှ (င) အထိ အချက်များကို လိုက်လျောပေးနိုင် ပါက အကြမ်းဖက်စစ်ကောင်စီက လက်မှတ်ထိုးခြင်းကို ကော်မရှင်နှင့် CTF တို့က ကန့်ကွက်မည် မဟုတ်ကြောင်း ပြန်ကြားပေးခဲ့ပါသည်။ တွေ့ဆုံခဲ့သော နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၏ တောင်းဆိုချက်အရ ဖော်ပြပါကိစ္စများကို လျှို့ဝှက်ထားပေးခဲ့ပါသည်။

၇။ သို့သော် GAVI, UNICEF, WHO တို့၏ (၃၀-၉-၂၀၂၁) ရက်နေ့ ပူးတွဲထုတ်ပြန်ချက်ပါ ဘက်မလိုက်၍ ခွဲခြားမှု မရှိသည့် တန်းတူညီမျှ သဘောတရားများကို ဆန့်ကျင်သော ထုတ်ပြန်စာ တစ်စောင်ကို အကြမ်းဖက်စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနအမည်ခံ Non-CDM လူတစ်စုက (၅-၁၀-၂၀၂၁) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လာပါသည်။ ၎င်းစာအရ GAVI က ရရှိမည့် ကာကွယ်ဆေးများကို ၎င်းတို့ စီမံခန့်ခွဲမည်ဟု ရေးသားထားပါသည်။ ထိုထုတ်ပြန်စာသည် ကာကွယ်ဆေးများ ထောက်ပံ့မည့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ဆွေးနွေး၊ သဘောတူညီချက်များကို လေးစားမှု မရှိသည့် အပြင် COVAX Facility မှ COVID-19 ကာကွယ်ဆေးများရရှိရေးအတွက် ဆောင်ရွက်ထားရှိမှုများအပေါ် ပြည်သူများ နားလည်မှု လွဲမှားစေရန် အကြမ်းဖက်စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ပြည်သူများအား အသိပေးအပ်ပါသည်။

၈။ ပြည်သူများ သိရှိပြီးသည့်အတိုင်း အကြမ်းဖက်စစ်ကောင်စီသည် (၂၀၂၁) ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ မတရားအာဏာသိမ်းသည့်အချိန်မှစ၍ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို နှောင့်ယှက်ဖျက်ဆီးနေသည်မှာ ယနေ့ထက်တိုင် ဖြစ်ပါသည်။ (၁-၂-၂၀၂၁) ရက်နေ့မှ (၃၀-၉-၂၀၂၁) ရက်နေ့အထိ မတရားဖမ်းဆီးချုပ်နှောင်ခံရသူ ကျန်းမာရေးဝန်ထမ်း (၂၁၀) ဦး၊ မတရားနှိပ်စက်သတ်ဖြတ်ခံရသူ ကျန်းမာရေးဝန်ထမ်း (၂၉) ဦး၊ ထိခိုက်ဒဏ်ရာ ရရှိသူ ကျန်းမာရေးဝန်ထမ်း (၄၀) ဦး၊ အကြမ်းဖက်စစ်ကောင်စီတပ်၏ ကျူးကျော်ဝင်ရောက် ခြင်းခံရသော ကျန်းမာရေးအဆောက်အဦး (၉၂) ခု၊ အကြမ်းဖက်စစ်ကောင်စီတပ်၏ သိမ်းပိုက် ခြင်းခံရသော ကျန်းမာရေးအဆောက်အဦး (၅၇) ခု၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို အကြမ်းဖက်ခံရသော ဖြစ်စဉ် (၂၉၀) ခုနှင့် လိုရာစွဲပုဒ်မများဖြင့် မတရား ဝရမ်းအထုတ်ခံရ၍ တိမ်းရှောင်နေရသူ ကျန်းမာရေးဝန်ထမ်း (၇၀၆) ဦးနှင့်အထက် ရှိပါသည်။

(http://insecurityinsight.org/country-pages/myanmar)

၉။ COVAX Facility, GAVI သည် ကမ္ဘာပေါ်ရှိ နိုင်ငံများအားလုံး ဆင်းရဲချမ်းသာမရွေး COVID-19 ကာကွယ်ဆေးကို လက်လှမ်းမှီနိုင်ရန် ကတိကဝတ် ပြုထားပါသည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသား ပြည်သူများအားလုံး အကြမ်းဖက်စစ်ကောင်စီ၏ ခြိမ်းခြောက်၊ ရန်ရှာခြင်းများ မရှိဘဲ ကာကွယ်ဆေးထိုးနှံနိုင်ရန် GAVI သည်လည်း အဓိကတာဝန်ရှိသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည့်အလျောက် အကြမ်းဖက်စစ်ကောင်စီ၏ တောင်းဆိုသမျှ မလိုက်လျောဘဲ ဘက်မလိုက်၍ ခွဲခြားမှု မရှိသည့် တန်းတူညီမျှ သဘောတရားများကို သွေဖီမသွားစေရန် ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ထိုသို့ တန်းတူညီမျှ ကာကွယ်ဆေးထိုးနှံနိုင်ရေး မူဝါဒကို မျှမျှတတ ဖြစ်စေရန် CTF က ညှိနှိုင်းဆွေးနွေးနေသည့်အပြင် GAVI ၏ ဆောင်ရွက်ချက်များကိုလည်း နိုင်ငံတကာ နှင့်အတူ ‌စောင့်ကြည့်လျက်ရှိပါကြောင်း ပြည်သူများအား အသိပေးအပ်ပါသည်။

၁၀။ CTF အနေဖြင့် ပြည်သူများအားလုံး COVID-19 ကာကွယ်ဆေးကို အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှု မရှိဘဲ အပြည့်အဝ ထိုးနှံနိုင်ရေးအတွက် “ပြည်သူသာ အဓိက” ဟူသော မူကို ကိုင်စွဲ၍ စွမ်းစွမ်းတမံ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြည်သူများအား အသိပေးအပ်ပါသည်။

– အမျိုးသားကျန်းမာရေးကော်မတီ (https://nhcmyanmar.org/)

– COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ (COVID-19 Task Force – CTF)

– ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ (https://moh.nugmyanmar.org/)

Scroll to Top