COVID-19 ကာကွယ်‌ဆေးနှင့် စပ်လျဉ်း၍ ပြည်သူ့ထံ တင်ပြခြင်း

၁။     ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (Committee Representing Pyidaungsu Hluttaw – CRPH) စတင်ဖွဲ့စည်းပြီးချိန်မှစ၍ CDM ကျန်းမာရေး ဝန်ထမ်းများ ဦးဆောင်ကာ COVID-19 ကာကွယ်ထိန်းချုပ်ကုသ‌ရေးလုပ်ငန်းစဉ်များ ဆက်လက် အကောင်အထည်ဖော်နိုင်ရေးနှင့် ပြည်သူများအား COVID-19 ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ပါသည်။ အကြမ်းဖက် စစ်ကောင်စီ၏အာဏာသိမ်းမှုမတိုင်ခင်ကပင် ရေးဆွဲခဲ့ပြီး အာဏာသိမ်းပြီးနောက် လိုအပ်ချက်နှင့်အညီ ပြန်လည်ပြုပြင်ရေးဆွဲထားသော အမျိုးသား COVID-19 ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ် (Revised National Vaccine Roll Out Plan)  နှင့် စပ်လျဉ်း၍ GAVI, the vaccine alliance သို့ (၃၀.၃.၂၀၂၁) ရက်နေ့တွင် စာပေးပို့ခဲ့ပါသည်။

၂။     အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ကော်မရှင်ကို (၇.၇.၂၀၂၁) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။ COVID-19 ကာကွယ်ဆေးထိုးနှံခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ အခြေခံမူဝါဒအဖြစ်ကျင့်သုံးမည့် နည်းလမ်းများကို ကော်မရှင်ဥက္ကဌ ယာယီသမ္မတမှ ပြည်သူများထံ ရှင်းလင်းတင်ပြခဲ့ပါသည်။  တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများနှင့် MOH, NUG တို့ ပူးပေါင်းသော COVID-19 Task Force (CTF) ကိုလည်း (၂၁.၇.၂၀၂၁) ရက်နေ့တွင် ဖွဲ့စည်း၍ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို ဘက်စုံ၊ ကဏ္ဍစုံမှ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့ပါသည်။

၃။     နိုင်ငံတကာမှ COVID-19 ကာကွယ်ဆေးများ အမြန်ဆုံးရရှိနိုင်ရေးအတွက် COVAX Facility, GAVI အပါအဝင် UN အဖွဲ့အစည်းများ၊ သံတမန်အဖွဲ့များ၊ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများနှင့် အကြိမ်ကြိမ် တွေ့ဆုံမှုများပြုလုပ်ခြင်း၊ အပြန်အလှန်စာပေးပို့ဆက်သွယ်ခြင်းများနှင့် နိုင်ငံတော်သမ္မတမှ စာပေးပို့ ဆက်သွယ်ညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့ပါသည်။ အရေးကြီးသော တိုင်ပင်ဆွေးနွေးမှုများကို (၂၆/၂၈.၇.၂၀၂၁)၊ (၁၁/၁၃.၈.၂၀၂၁)၊ (၃/၁၅/၁၆/၂၂.၉.၂၀၂၁) ရက်နေ့များတွင် အသီးသီး ပြုလုပ်ခဲ့ပါသည်။

၄။     ထိုသို့တွေ့ဆုံရာတွင် CTF အနေဖြင့် (က) ပြည်သူသာအဓိကဖြစ်ရမည် (ခ) ပွင့်လင်းမြင်သာမှုရှိရမည်      (ဂ) ညီမျှသောဆက်ဆံမှုရှိရမည် ဟူသော ပြည်သူအခြေပြု မူဝါဒ (၃) ရပ်ကို လက်ကိုင်ထားပါသည်။ (CTF ၏ ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ လုပ်ငန်းစဉ် မူဝါဒများကို အမျိုးသားကျန်းမာရေးကော်မတီ၏ (၁၆.၉.၂၀၂၁) ရက်နေ့ရက်စွဲပါ ထုတ်ပြန်ကြေညာချက် ၂/၂၀၂၁ တွင် အသေးစိတ်ဖော်ပြထားပါသည်။) 

၅။    ဆွေးနွေးချက်များတွင် CTF အနေဖြင့် အောက်ပါအချက်များကို စဉ်ဆက်မပြတ်‌ တောင်းဆိုခဲ့ပါသည်။

(က)  ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူများအားလုံး မည်ကဲ့သို့သော ခွဲခြားမှုမျိုးမှမခံရစေဘဲ တန်းတူညီမျှ အခွင့်အရေးရစေရန်။

(ခ)   ပြည်သူလူထုအား COVID-19 Fourth Wave  အန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေး များ အမြန်ဆုံး ထောက်ပံ့ပေးရန်။

(ဂ)  ကာကွယ်ဆေးထိုးနှံရာတွင် အကြမ်းဖက်စစ်ကောင်စီမှ ပါဝင်ဆောင်ရွက်ခြင်း လုံးဝ မရှိစေရန်နှင့် Third Party အဖြစ် UN အဖွဲ့အစည်းများ၊ INGO များ၊ NGO များ၊ CBO/CSO များ၊ EHO များနှင့် CDM ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်ပေးနိုင်ရန်။

(ဃ)  ကာကွယ်ဆေး လာရောက်ထိုးနှံမည့် ပြည်သူများနှင့် ကာကွယ်ဆေးထိုးနှံပေးမည့် ကျန်းမာရေး ဝန်ထမ်းများ၏ လုံခြုံရေးနှင့် အသက်အိုးအိမ်ကို UN အဖွဲ့အစည်းများမှ အာမခံစောင့်ရှောက်‌‌‌‌ပေးရန်။

(င)   ပြည်သူလူထု၏ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည်သာ ပဓာန ဖြစ်စေရန်။

(စ)   အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများသည် အနောက်နိုင်ငံများမှ စီးပွားရေး ပိတ်ဆို့ အရေးယူခံထားရသူများ ဖြစ်သည့်အလျောက် ၎င်းတို့နှင့် တရားဝင် ပတ်သက်ခြင်းများသည် နိုင်ငံတကာ ဥပဒေများနှင့် ဆန့်ကျင်ကြောင်း သိစေရန်။

၆။    (၂၀၂၁) ခုနှစ် စက်တင်ဘာလတွင်ဆောင်ရွက်ခဲ့သော ဆွေးနွေးပွဲများမှ စတင်ကာ GAVI နှင့် UN အဖွဲ့ အစည်းများသည် Pfizer-BioNTech COVID-19 vaccine များ မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းနိုင်ရေး အတွက် မဖြစ်မနေလိုအပ်သော Indemnification (Indemnity and Liability Agreement) တွင် အကြမ်းဖက်စစ်ကောင်စီမှ လက်မှတ်ထိုးရန်လိုကြောင်း ပြောဆိုလာပြီး ထိုကိစ္စအဆင်မပြေပါက ၎င်းတို့အနေဖြင့် Pfizer Vaccine များကို ထောက်ပံ့ပေး နိုင်မည်မဟုတ်ကြောင်း ယတိပြတ် အသိပေး လာပါသည်။ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ကော်မရှင်နှင့် COVID-19 Task Force တို့တွင် အကြိတ်အနယ် ဆွေးနွေးခဲ့ပြီး ပြည်သူသာအဓိက ဟူသော မူဝါဒအပေါ် အခြေခံ၍ အထက်ဖော်ပြပါ စာပိုဒ် (၅) ပါ (က) မှ (င) အထိ အချက်များကို လိုက်လျောပေးနိုင်ပါက အကြမ်းဖက်စစ်ကောင်စီမှ လက်မှတ်ထိုးခြင်းကို ကော်မရှင်နှင့် CTF တို့မှ ကန့်ကွက်မည် မဟုတ်ကြောင်း ပြန်ကြားပေးခဲ့ပါသည်။ တွေ့ဆုံခဲ့သော နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၏ တောင်းဆိုချက်အရ ၎င်းတို့၏ လုံခြုံရေးကို ထောက်ရှုသောအားဖြင့် ဖော်ပြပါကိစ္စများကို ထိန်းသိမ်း ပေးထားခဲ့ပါသည်။

၇။    သို့သော် ယခုအခါ အကြမ်းဖက်စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနအမည်ခံ Non-CDM လူတစ်စုသည် (၃၀.၉.၂၀၂၁) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သော GAVI, UNICEF, WHO တို့၏ Joint Statement ၏ Neutral and Impartial Manner နှင့် Non-Discriminatory သဘောတရားများကို ဆန့်ကျင်သည့် ထုတ်ပြန်စာ တစ်စောင်ကို (၅.၁၀.၂၀၂၁) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လာပါသည်။ ၎င်းစာအရ GAVI မှ ရရှိမည့် ကာကွယ်ဆေးများကို ၎င်းတို့ စီမံခန့်ခွဲမည်ဟု ရေးသားထားပါသည်။ ၎င်းသည် ကာကွယ်ဆေးများ ထောက်ပံ့မည့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ဆွေးနွေး၊ သဘောတူညီချက်များကို လေးစားမှုမရှိသည့် အပြင် COVAX Facility မှ COVID-19 ကာကွယ်ဆေးများရရှိရေးအတွက် CTF က ဆောင်ရွက် ထားရှိမှုများအပေါ် ပြည်သူများ နားလည်မှုလွဲမှားစေရန် အကြမ်းဖက်စစ်ကောင်စီက ကြိုးပမ်း ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း ပြည်သူများအား အသိပေးအပ်ပါသည်။

၈။    COVAX Facility, GAVI သည် ကမ္ဘာပေါ်ရှိ နိုင်ငံများအားလုံး ဆင်းရဲချမ်းသာမရွေး COVID-19 ကာကွယ်ဆေးကို လက်လှမ်းမှီနိုင်ရန် ကတိကဝတ်ပြုထားပါသည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသား ပြည်သူများအားလုံး အကြမ်းဖက်စစ်ကောင်စီ၏ ခြိမ်းခြောက်၊ ရန်ရှာခြင်းများမရှိဘဲ ကာကွယ်ဆေး ထိုးနှံနိုင်ရန် GAVI သည်လည်း အဓိကတာဝန်ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့်အလျောက် အကြမ်းဖက် စစ်ကောင်စီမှ တောင်းဆိုသမျှ လိုက်လျောပြီး ၎င်းတို့နှင့် အလိုတူအလိုပါ ဖြစ်မသွားစေရန် CTF မှ ညှိနှိုင်း ဆွေးနွေးနေသည့်အပြင် GAVI ၏ ဆောင်ရွက်ချက်များကိုလည်း နိုင်ငံတကာနှင့်အတူ ‌စောင့်ကြည့်လျက် ရှိပါကြောင်း ပြည်သူများအား အသိပေးအပ်ပါသည်။

၉။    CTF အနေဖြင့် ပြည်သူများအားလုံး COVID-19 ကာကွယ်ဆေးကို အသက်အန္တရာယ် ခြိမ်းခြောက်ခံ ရမှုမရှိဘဲ အပြည့်အဝ ထိုးနှံနိုင်ရေးအတွက် “ပြည်သူသာ အဓိက” ဟူသောမူကို ကိုင်စွဲ၍ စွမ်းစွမ်းတမံ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြည်သူများအား အသိပေးအပ်ပါသည်။

Scroll to Top