Covid 19 Guideline Training News

ကမ္ဘာတဝှမ်းတွင် ကူးစက်ပျံ့ပွားမှု မြင့်မားနေသော covid-19 ဗိုင်းရပ်စ် ကပ်ရောဂါဆိုးကြီးကို မြန်မာနိုင်ငံအတွင်း တိုင်းရင်းသား ဒေသပေါင်းစုံ၌လည်း ခံစားနေကြရပါသည်။ ဤပြဿနာကို ရင်ဆိုင်ကိုင်တွယ်နိုင်ရေးအတွက် တိုင်းရင်းသားကျန်းမာရေးစနစ် တောင့်တင်းခိုင်မာရေး အစုအဖွဲ့  Ethnic Health System Strengthening Group – EHSSG မှ လည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် ခြေလှမ်းစခဲ့ပါသည်။ 

            တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများအတွက် ဆေးခန်းများတွင်  covid-19 စီမံခန့်ခွဲမှုဆိုင်ရာ လမ်းညွှန်မူကြမ်းကို အကြံပေး ဆရာဝန်များ၏ အားထုတ်မှုဖြင့် လျင်မြန်စွာ ပြုစုပြီး စမ်းသပ်သင်ကြားခြင်း ဆောင်ရွက်ခဲ့ပါသည်။ 

            ၂၀၂၁ ခုနှစ် ၊ စက်တင်ဘာလ ၊ ၂ ရက် နှင့် ၃ ရက်နေ့များတွင် ရှမ်းပြည်နယ်မှ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်း (၆) ဖွဲ့အား online ဖြင့် စမ်းသပ်သင်ကြားသည့် အစီအစဉ် ပြုလုပ်ခဲ့ပါသည်။ ၄င်း သင်တန်းတွင် လမ်းညွှန်ပြုစုရာတွင် ပါဝင်ခဲ့သော ဒေါက်တာ အောင်ကေတု နှင့် ဒေါက်တာ သန်းမြင့်တို့က သင်ကြားပေးခဲ့ကြပါသည်။ 

            သင်တန်းတွင် covid-19 စီမံခန့်ခွဲရေးအတွက် ဆေးခန်းများတွင် ပြင်ဆင် ဆောင်ရွက်သင့်သည်များ၊ တကိုယ်ရေ ကာကွယ်‌ရေး ပစ္စည်း PPE များနှင့်ပတ်သက်သော လိုက်နာရန်များ၊ covid-19 ရောဂါ ရှာဖွေ စမ်းသပ်ရေးဆိုင်ရာများ၊ လူထုကျန်းမာရေး ရှုထောင့်မှ ရောဂါ စောင့်ကြပ် ကြည့်ရှုခြင်းဆိုင်ရာများ၊ လူနာနှင့် ထိတွေ့ဆက်ဆံမိသူများအား လိုက်လံရှာဖွေခြင်း ဆိုင်ရာများ၊ အသွားအလာ ကန့်သတ်ခြင်း ဆိုင်ရာ သိကောင်းစရာများ နှင့် covid-19 ရောဂါ ကုသခြင်း ကစသဖြင့် စုံလင်စွာ ပါဝင်ခဲ့ပါသည်။ 

            ယင်းသင်တန်းသို့ ရှမ်းပြည်နယ် တိုင်းရင်းသား ကျန်းမာရေးအဖွဲ့များ ဖြစ်သော Loi Tai Li Health Committee (LTL HC) ၊Shan Health Department (SHD) ၊Shan State Development Foundation (SSDF)၊

Namp Khone Charity ၊  Shan State Youth Capacity Building Center (SSYCBC)၊ Shan Back Pack Health Worker Team (SBPHWT) စသည့် အဖွဲ့ (၆) ဖွဲ့မှ သင်တန်းသား (၅၈) ဦးက online zoom meeting တွင် ပါဝင် တက်ရောက်ခဲ့ကြပါသည်။ 

            သင်တန်းသားများမှ ပြန်လည် တင်ပြချက်များ အပေါ်မူတည်၍ covid-19 စီမံခန့်ခွဲရေးဆိုင်ရာ လမ်းညွှန်ကို ပြန်လည်မွမ်းမံပြီး အချောသပ် ထုတ်လုပ် ဖြန့်ဝေနိုင်ရေးအား ဆက်လက်ဆောင်ရွက်နေပါသည်။ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအတွက် တိုင်းရင်းသားကျန်းမာရေး အဖွဲ့များ၏ ယခု လှုပ်ရှားဆောင်ရွက်မှုမှ မိမိတို့ ဒေသအတွင်း covid-19 ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ကျယ်ပြန့်သော အထောက်အကူများ ဖြစ်ပေါ်လာမည်ဟု ယုံကြည်မိပါသည်။

Scroll to Top