အဖြစ်များလာ​သော အသည်းအဆီဖုံး​ရောဂါ

အသည်းအဆီဖုံး​ရောဂါဆိုတာက အသည်းထဲမှာ အဆီ​တွေ စုပုံလာပြီး အသည်းဆဲလ်​တွေကို ​ရောင်ရမ်းပျက်စီး​စေကာ အသည်းရဲ့ လုပ်ငန်း​ဆောင်တာ​တွေ အားနည်းပြီး ​ရောဂါလက္ခဏာ​တွေ ခံစားရခြင်းဖြစ်ပါတယ်။ ​နောက်ဆုံး အသည်း​ခြောက်သည် အထိ ဆိုးရွား​စေနိုင်ပါတယ်။ ခု​ခေတ်မှာ အသည်းအဆီဖုံး​ရောဂါ ဘယ်​လောက်အဖြစ်များလာကြသလဲဆိုလျှင် ဓါတ်မှန်ဆရာဝန်က လူအ​ယောက် ၁၀၀ ကို အာထွာ​ဆောင်းရိုက်ကြည့်တဲ့အခါ လူ ၁၀၁ ​ယောက်မှာ အသည်းအဆီဖုံး​ရောဂါ​တွေ့ရပါသတဲ့။ ဆိုလိုတာက အာထွာ​ဆောင်းလာရိုက်တဲ့ လူအ​ယောက် ၁၀၀ အပြင် ဓါတ်မှန် ဆရာဝန်ကိုယ်တိုင် အသည်းအဆီဖုံး​ရောဂါ ရှိ​နေလို့ပါတဲ့။ ဒီ​တော့ လူတိုင်း အသည်းအဆီဖုံး​ရောဂါ ဖြစ်​နေကြပြီလို့ ဆိုလိုပါတယ်။

ခက်တာက အသည်းအဆီဖုံး​ရောဂါက အ​စောပိုင်းအဆင့်​တွေမှာ ​ရောဂါလက္ခဏာ မပြဘူး။ လူနာက ​ရောဂါ ​ဝေဒနာ မခံစားကြရလို့ပဲ ဖြစ်ပါတယ်။ ဒါဆို အသည်းအဆီဖုံး​ရောဂါ ဖြစ်​နေမှန်း ဘယ်လိုသိနိုင်မလဲ။ သိသွားနိုင်တဲ့နည်းလမ်း ၃ခုရှိပါတယ်။

၁-ကျန်းမာ​ရေးစစ်​ဆေးမှု ပုံမှန်ပြုလုပ်​နေသူ​တွေ
၂-ကျန်းမာ​ရေးမ​ကောင်းလို့ ​ဆေး​ရုံ​ဆေးခန်းသွားပြတဲ့အခါ စစ်​ဆေးမှုပြုလုပ်ချိန် သိရှိရသူ​တွေ
၃-အသည်း​ရောင်အသားဝါ/အသည်းအားနည်း​သော​​ရောဂါလက္ခဏာ​တွေခံစားရလို့ ​ဆေးခန်းသွားပြချိန်သိရှိရသူ​တွေ
ဒီလိုနည်း​တွေနဲ့ သိရှိသွားကြ​လေ့ရှိပါတယ်။

ဘယ်လို​ရောဂါလက္ခဏာ​တွေခံစားရ​လေ့ရှိကြလဲ

ပုံမှန်အားဖြင့် အသည်းအဆီဖုံး​ရောဂါက အ​စောပိုင်းအဆင့်​တွေမှာ ဘာ​ရောဂါလက္ခဏာမှ မခံစားကြရပါဘူး။နံရိုး​အောက် ညာဘက်ဝမ်းဗိုက်မှာ ​အောင့်ရုံသာ ခံစားရ​လေ့ရှိကြပါတယ်။ဘာမှ မခံစားရတာက လူ​တွေကို ​ပေါ့​လျော့​စေတဲ့ အဓိက အ​ကြောင်းရင်းပါပဲ။ ​ရောဂါဖြစ်​နေမှန်း မသိ​တော့ ဘယ်လိုကုသရမလဲ၊ ဘာ​တွေ ​ရှောင်ကြဥ်ရမယ်၊ ဘာ​တွေလိုက်နာရမလဲ ဆိုတာ​တွေ မသိ​တော့ ​အသည်း​ရောင် အသည်း​ခြောက်တဲ့ ​ရောဂါလက္ခဏာ​တွေခံစားလာရတဲ့အခါမှ သိရတဲ့အခါ ​နောက်ကျသွားရတာဖြစ်ပါတယ်။

အသည်းအဆီဖုံး​ရောဂါအမျိုးအစားများနှင့် ​ရောဂါဖြစ်နိုင်​ချေမြင့်မားသူများ

၁-အရက်အလွန်အကျွံ​သောက်ခြင်း​ကြောင့်ဖြစ်​သောအသည်းအဆီဖုံး​ရောဂါ ( AFLD )နှင့်

၂-အရက်​​သောက်ခြင်းနှင့် မသက်ဆိုင်​သော အသည်းအဆီဖုံး​ရောဂါ ( NAFLD )ဆိုပြီး (၂)မျိုးရှိပါတယ်။

အရက်​သောက်သုံးခြင်းကြောင့်ဖြစ်သော အသည်းအဆီဖုံးရောဂါ

-​ရောဂါအမည်အတိုင်းပဲ ကာလကြာရှည်အရက်အလွန်အကျွံ ​သောက်သူ​တွေ ဖြစ်ကြပါတယ်။

အရက်နှင့်မဆိုင်​သောအသည်းအဆီဖုံး​ရောဂါ

-အဝလွန်သူများ
​-​သွေးတိုး​ရောဂါရှိသူများ
-ဆီးချို​သွေးချို​ရောဂါအမျိုးအစား ( ၂ ) ရှိသူများ
-​သွေးတွင်းအဆီဓါတ်မြင့်မား​နေသူများ
-Metabolic Syndrome ဟု​ခေါ်​သော ​ရောဂါလက္ခဏာစု ရှိသူများ
-တချို့ကိုယ်ဝန်​ဆောင်အမျိုးသမီးများ
-အသည်း​ရောင် အသားဝါ ( C ) ပိုးရှိသူများ
-Methotrexate, Tamoxifem နှင့် amiodarone ​ဆေးဝါးများ စွဲ​သောက်​နေရသူများ
-မျိုးရိုးဗီဇနဲ့သက်ဆိုင်​သော​ရောဂါအချို့ ( Wilson’s disease )ရှိသူများ
ကဖြစ်နိုင်​ချေများကြပါတယ်။

နောက်ဆက်တွဲဆိုးကျိုးများ

အသည်းအဆီဖုံး​ရောဂါ ဖြစ်လာပြီး မကုသဘူး အ​နေအထိုင် အစားအ​သောက် မဆင်ခြင်ဘူးဆိုလျှင်​တော့ အသည်း​ရောင်ခြင်း က​နေ အဆိုးဆုံးအဆင့်ဖြစ်တဲ့ အသည်း​ခြောက်သည် အထိ ဖြစ်နိုင်ပါတယ်။ အသည်း​ခြောက်သွားပြီဆိုလျှင်​တော့ သက်တမ်း​စေ့ မ​နေရ​တော့ပါဘူး။အသည်း​ခြောက်တဲ့အတွက်​ကြောင့် ​နောက်ဆက်တွဲ​ရောဂါ​တွေခံစားလာရမှာဖြစ်ပြီး ​ဆေးရုံ​ဆေးခန်းနဲ့ မပြတ်ကုသ​နေရ​တော့မှာပဲဖြစ်ပါတယ်။ဆက်လက်ပြီး အသည်းအစားထိုး ကုသမှု ခံယူရတဲ့အဆင့်ထိ ​ရောက်သွားမှာပါ။အဲဒီကုသမှု​တွေမှာကလည်း ​ငွေကုန်​ကြေးကျ အရမ်းများပါတယ်။

ပုံမှန်အသည်းနှင့် အဆီဖုံးနေသောအသည်း ပုံများ
ပုံမှန်အသည်းနှင့် အသည်းခြောက်နေသော ပုံများ

ဘယ်လိုကာကွယ်ကုသကြရမလဲ

အသည်း​ရောဂါ​တွေမှာ အဆိုးဆုံးအဆင့်က အသည်း​ခြောက် ( Cirrhosis of Liver- COL ) ခြင်းပါပဲ။ အသည်း​ခြောက်သွားလျှင်​တော့ အသည်းကိုပုံမှန် ပြန်ဖြစ်​​စေဖို့ ကုသလို့မရကြ​တော့တာပါပဲ။ ဒါ​ကြောင့် အသည်းအဆီဖုံး​ရောဂါမှာလည်း အသည်း​ခြောက်မသွားမှီ ကြိုတင်သိရှိမှသာ ကုသလို့ရမယ်။ ကာကွယ်လို့ရမယ် ဆိုတာ မှတ်ထားကြ​စေချင်ပါတယ်။ အသည်းအဆီဖုံးရုံ ၊ အသည်း​ရောင်​နေဆဲ အဆင့်​တွေမှာ​တော့ ကာကွယ်ကုသလို့ ရတယ် ဆိုတာကိုလည်း နားလည်ရပါမယ်။ အသည်းအဆီဖုံး​ရောဂါမှာ​တော့ ကုသနည်းနဲ့ ကာကွယ်နည်း​တွေက​တော့ အတူတူပဲ ဖြစ်ပါတယ်။နည်းလမ်းတွေကတေ့

-အရက်ဖြတ်ပါ။ ​လျှော့​သောက်ပါ။
-ကိုယ်အ​လေးချိန် ထိန်းသိမ်းပါ။ မတက်ပါ​စေနဲ့။
-​​သွေးတွင်းအဆီဓါတ်မြင့်မားမှု မဖြစ်​စေရန်​နေထိုင်ပါ။ လိုအပ်ပါက ကုသပါ။
-ဆီးချို​ရောဂါကို ​သေချာကုသပါ။
-တ​နေ့ နာရီဝက် ကိုယ်လက်လှုပ်ရှား အားကစားလုပ်​ပေးပါ။ ( တပတ်လျှင် ၄-၅ ရက် )
-တိရစ္ဆာန်အဆီများစားခြင်းကို​ရှောင်ကြဥ်ပါ။ ( ငါးအဆီမှလွဲ၍ )
-ကယ်လိုရီများများ ပါ​သောအစားအစာ​တွေ ​လျှော့ချပါ။
-အမျှင်ဓါတ်ပါ​သောအစားအစာများစား​ပေးပါ။
-အသီးအရွက်များများ စား​ပေးပါ။
လူတိုင်း အသည်းအဆီဖုံး​ရောဂါ၊ အဆီဖုံးခြင်းကြောင့် အသည်း​ရောင်ခြင်း ဖြစ်နိုင်သူ​တွေ များ​နေတဲ့ ယ​နေ့​ခေတ်မှာ အသည်းအဆီဖုံး​ရောဂါ မဖြစ်​အောင် ​နေထိုင်တတ်ကြ​စေဖို့ ကျန်းမာ​ရေးအသိ​တွေ မျှ​ဝေ​ပေးလိုက်ပါတယ်။

Dr.Fleming

https://www.healthline.com/health/fatty-liver#diet

Scroll to Top