သားအိမ်မှာအလုံးအကြိတ်တည်ခြင်းနှင့် ဖြစ်လာတတ်​သော ​နောက်ဆက်တွဲ ဆိုးကျိုးများ


အမျိုးသမီးအချို့ ဗိုက်​အောင့်တာ မ​ပျောက်လို့ပဲဖြစ်ဖြစ်၊ ​သွေးဆင်းများ​နေလို့ပဲဖြစ်ဖြစ် သားဖွားမီးယပ် ဆရာဝန်​တွေနဲပြသစစ်​ဆေးပြီးတဲ့အခါ သားအိမ်မှာ အလုံးရှိ​နေ​တာ​ကြောင့် ဖြစ်​နေတာဆိုပြီး ကြားဖူးကြမယ် ထင်ပါတယ်။
သားအိမ်မှာ အလုံး၊ အကြိတ် ​တည်​နေလို့ဆိုတဲ့​နေရာမှာ ရိုးရိုး အကြိတ်နဲ့ ကင်ဆာကြိတ် ဆိုပြီး ရှိ​ပေမဲ့ ဒီတစ်ပတ်မှာ​တော့ ရိုးရိုးအကြိတ် အ​ကြောင်းကို ​ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ကင်ဆာမဟုတ်တဲ့ ရိုးရိုးသားအိမ်အကြိတ်​တွေကို​တော့ Uterine fibroids သို့မဟုတ် Myoma လို့ ​ခေါ်ကြပါတယ်။

ပုံမှန် သားအိမ်အနေအထားပုံ
သားအိမ်၏နေရာ အမျိုးမျိုးမှာ အလုံးအကြိတ်လေးများ တည်နေပုံ

သားအိမ်မှာ အလုံး​တွေ ဘာကြောင့် ဖြစ်လာတာလဲ

သားအိမ်​​တွေမှာ ဘာ​ကြောင့် အလုံး​အကြိတ်တွေ ဖြစ်လာရသလဲဆိုတာ ​သေ​သေချာချာ မ​ပြောနိုင်​ပေမဲ့ ​အောက်ပါ အချက် ၃ ချက် ​ကြောင့် ဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။

၁–Genetic factors လို့​ခေါ်တဲ့ မျိုးရိုးဗီဇ​တွေနဲ့ သက်ဆိုင်နိုင်တယ်။
၂– အမျိုးသမီး​ဟော်မုန်း​တွေဖြစ်တဲ့ Oestrogen နဲ့ Progestrone တို့များလွန်းတာနဲ့ ဆိုင်နိုင်တယ်။
၃–Insulin-like Growth factor လို့​ခေါ်တဲ့ ဆဲလ်ပွါးများတဲ့ ​ဟော်မုန်း​တွေ များလွန်းလျှင် ဖြစ်တတ်တယ် လို့ ယူဆထားကြပါတယ်။

ဘယ်လိုအမျိုးသမီး​တွေမှာ အဖြစ်များ​လေ့ရှိလဲ

-ပျို​ဖော်ဝင်ပြီး ​သွေးမဆုံး​သေး​သော အမျိုးသမီးတိုင်း ဖြစ်နိုင်​ချေ ရှိပါတယ်။
-ကိုယ့်မိသားစုမှာ သားအိမ်အလုံးအကြိတ်တည်ဖူးသူရှိလျှင် ကိုယ်လည်း ဖြစ်နိုင်တယ်။
-အဝ လွန်သူ​တွေ
-ပျို​ဖော်ဝင်​စောသူများ
-ဗီတာမင် D ချို့တဲ့သူများ
-Red meat အစားများသူများ ( ဝက်သား၊အမဲသား၊သိုးသား )
-နို့ နဲ့ နို့ထွက်ပစ္စည်း အစားနည်းသူများ
-အစိမ်း​ရောင် အသီးအရွက် အစားနည်းသူမျာ
-အရက်​သောက်သူ​တွေ
​ ဖော်ပြပါသူ​တွေမှာ သာမာန် အမျိုးသမီး​တွေထက် သားအိမ် အလုံးတည်နိုင်​ချေ များကြပါတယ်။

ဘယ်လို​ရောဂါလက္ခဏာ​တွေ ခံစားရမလဲ

-ဝမ်းဗိုက်​အောက်ပိုင်း သို့မဟုတ် ဆီးစပ်​တွေမှာ တင်းကြပ်ကြပ်ခံစားရခြင်း၊ ​အောင့်ခြင်း၊ ကိုက်ခြင်း
-ခါးနာ ခါးကိုက်ခြင်း
-အချိန်အခါမဟုတ် ​သွေးဆင်းခြင်း၊ ​သွေးဆင်းများခြင်း၊ ​​သွေးဆင်းရက် ကြာရှည်ခြင်း
-​သွေးအားနည်းခြင်း​ကြောင့် အသားအ​ရေ ဖြူ​ဖျော့လာခြင်း၊ ​မောပန်းလွယ်ခြင်း၊ နှလုံးတုန်ရင်တုန် ဖြစ်ခြင်း၊ အစားအ​သောက်ပျက်ခြင်း
-လိင်ဆက်ဆံစဥ် နာကျင်ခြင်း
-ဆီး၊ ဝမ်း သွားရ ခက်ခဲလာခြင်း စသည်တို့ကို ခံစားရနိုင်ပါတယ်။

​ရောဂါ​သေချာ​အောင် ဘယ်လို စစ်​ဆေးရှာ​ဖွေသလဲ

– အာထွာ​ဆောင်းရိုက်ခြင်း
– MRI ရိုက်ခြင်းတို့ဖြင့် စစ်​ဆေးလျှင် ​သားအိမ်အလုံးရဲ့ အရွယ်အစားနဲ့ ဘယ်​နေရာမှာ တည်​နေသလဲ ဆိုတာ သိနိုင်ပါတယ်။

ဘယ်လိုကုသလို့ရသလဲ

သားအိမ်မှာအလုံးတည်​နေပြီဆိုလျှင်​တော့ ခွဲစိပ်ကုသကြရတာ များပါတယ်။ ဒါ​​ပေမဲ့ ​ရောဂါဖြစ်​နေသူရဲ့ အသက်အရွယ်၊ အိမ်​ထောင်ရှိ မရှိ၊ က​လေးထပ်ယူဖို့ ရှိ မရှိ၊ အလုံးဟာ သားအိမ်ရဲ့ ဘယ်​နေရာမှာ တည်​နေသလဲ ဆိုတာ​တွေ​ပေါ်မှာ မူတည်ပြီး ကုသမှု​တွေ ကွဲပြားသွားကြပါတယ်။ခွဲစိပ်ကုသနည်း အချို့က​တော့
-သားအိမ် အလုံးကို သာ ခွဲထုတ်ခြင်း
-သားအိမ်​ကော အလုံး​ကော ခွဲထုတ်ခြင်း
-အမျိုးသမီးအင်္ဂါမှတဆင့် သားအိမ်​ကော အလုံး​ကော ခွဲထုတ်ခြင်း
-မှန်​ပြောင်းအသုံးပြုပြီး သားအိမ်ခွဲထုတ်ခြင်း တို့ဖြစ်ပါတယ်။
-ခုနောက်ဆုံး​ပေါ်နည်း တခုက​တော့ လူနာကို MRI-guided focus ultrasound surgery ( FUS ) လို့​ခေါ်တဲ့ အသံလှိုင်းနဲ့ အလုံးအကြိတ်ကို ဖျက်ဆီးခြင်းဖြစ်ပါတယ်။
သားအိမ်အလုံးကို ရှုံ့သွား​အောင် အရွယ်​သေးသွား​အောင် ​​မခွဲဘဲနဲ့ ​ဆေးနဲ့ ကုသလို့ရပါ​သေးတယ်လို့ အသိပညာ မျှ​ဝေလိုက်ပါတယ်ခင်ဗျာ။

ဘယ်လိုကာကွယ်လို့ရမလဲ

သားအိမ်​ခေါင်းကင်ဆာလို ကာကွယ်​ဆေး​တွေ မရှိ​ပေမဲ့ အဝ မလွန်​အောင် ကိုယ်အ​လေးချိန်ထိန်း​ပေးခြင်း နှင့် အစိမ်း​ရောင် အသီးအရွက်​တွေ များများ စား​ပေးခြင်းဖြင့် သားအိမ်မှာ အလုံးအကြိတ်​တွေ မတည်​အောင်အတိုင်းအတာတစ်ခု ကာကွယ်လို့ ရနိုင်​ကြောင်းပါ။

Dr. Fleming

https://www.gleneagles.com.sg/conditions-diseases/uterine-fibroid/diagnosis-treatment

Scroll to Top