သားအိမ်​ခေါင်းကင်ဆာ

သားအိမ်​ခေါင်းကင်ဆာဆိုတာ လူအ​တော်များများ ကြားဖူးကြမယ်လို့ထင်ပါတယ်။ ဒါ​ပေမယ့် သားအိမ်​ခေါင်းဆိုတာ ဘယ်​နေရာမှာရှိတာလဲ ဘယ်အရာကို သားအိမ်​ခေါင်းလို့ ​ခေါ်ကြသလဲ ဆိုတာ ​သေချာသိကြမယ် မထင်ပါဘူး။ ဒါ​ကြောင့် ​သေချာ သိကြရ​​စေဖို့ ပုံ​လေးနဲ့ ရှင်းပြလိုက်ပါတယ်။သားအိမ်ခေါင်းက အမျိုးသမီး ​အင်္ဂါလမ်း​ကြောင်းအဆုံးနဲ့ သားအိမ် တို့ ဆုံတဲ့​နေရာမှာရှိတာပါ။

ပုံမှန် သားအိမ်ခေါင်းပုံလေးတွေဖြစ်ပါတယ်။

ခု​​ခေတ်မှာ ကင်ဆာ​ရောဂါ ဆိုတာက မကြားချင်မှ အဆုံးပါပဲ။ ဘယ်သူ​တော့ ဘယ်ကင်ဆာ ဘယ်ဝါ​တော့ ဘာကင်ဆာ ဖြစ်လို့ဆိုပြီး ကြား​နေကြရတာပါ။ အစာအိမ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အသည်းကင်ဆာ ဆိုပြီး ကင်ဆာ အမျိုးမျိုး ဖြစ်​​နေကြတာပါ။သားအိမ်​ခေါင်းကင်ဆာ ဆိုတာက သားအိမ်​ခေါင်းမှာရှိတဲ့ ဆဲလ်​တွေက ပုံမှန် မဟုတ်​ဘော့ဘဲ ကင်ဆာ အဖြစ်သို့ ​ပြောင်းပြီး ပုံမှန်မဟုတ်ဘဲ ပွားများ အမြစ်တွယ် ပျံ့နှံ့လာတဲ့အခါ ​ရောဂါလက္ခဏာ​တွေကို ခံစား​စေရတာပဲ ​ဖြစ်တယ်။ သားအိမ်​ခေါင်းကင်ဆာ က အသက် ၃၅ နှစ်မှ အသက် ၄၄ နှစ်အတွင်း အမျိုးသမီးများမှာ အဖြစ်များ​လေ့ရှိကြပါတယ်။ ဒါ​ပေမယ့် သားအိမ်​ခေါင်းကင်ဆာ ဖြစ်သူ​တွေရဲ့ ၂၀ ရာခိုင်နှုန်း ​ကျော်​ကျော်က အသက် ၆၅ အထက်​တွေမှာလည်း ဖြစ်ကြပါသတဲ့။

သားအိမ်ခေါင်းတွင် ကင်ဆာအနာ‌များ ဖြစ်နေပုံ

သားအိမ်​ခေါင်းကင်ဆာ ဘာ​ကြောင့်ဖြစ်ရသလဲ

သားအိမ်​ခေါင်းကင်ဆာအများစုက Human Papilloma Viruse 16 နှင့် 18 ​တွေအကူးစက်ခံရပြီး ​ရောဂါပိုးက ခန္ဓာကိုယ်ထဲမှာ နှစ်​ပေါင်းများစွာ ရှိ​နေတဲ့အတွက်​ကြောင့် ဖြစ်ကြရတာပါ။ဒီ HP Viruses ​တွေက မျိုးကွဲ​ပေါင်း ၁၀၀ ​ကျော်ရှိပါတယ်။ ဒီ HP Viruses ​တွေထဲကမှ HPV 16 နှင့် HPV 18 ကသာ သားအိမ်​ခေါင်းကင်ဆာကို ဖြစ်​စေတာပါ။ ီ HP viruses ​တွေဟာ လိင်ဆက်ဆံရာ ( မိန်းမကိုယ်၊ ပါးစပ်၊ စအို ) မှတဆင့်​သော်လည်း​ကောင်း၊ လိင်အင်္ဂါတဝိုက်ရှိ အ​ရေပြားခြင်း ထိမိခြင်းမှ​သော်လည်း​ကောင်းကူးစက်​လေ့ရှိကြပါတယ်။ လိင်​ဖျော်​ဖြေ​ရေး အရုပ်​တွေ မျှ​ဝေသုံးစွဲသူ​တွေမှာလည်း ကူးစက်တတ်ပါတယ်။ဒါ​ကြောင့် လိင်စိတ်တက်ကြွတဲ့သူ​တွေ၊ လိင်ဆက်ဆံဖက်များတဲ့သူ​တွေမှာ အဖြစ်များတယ်လို့ ​ဆိုကြတာပါ။ ကြွက်နို့​တွေဆိုတာကလည်း တချို့ HP virus ကြောင့် ဖြစ်တာပါ။

သားအိမ်​ခေါင်းကင်ဆာ ဖြစ်နိုင်​ချေ မြင့်မားသူများ

-အသက် ( ၁၈ ) နှစ်မတိုင်မှီ လိင်ဆက်ဆံမှု ရှိဖူးသူများ သို့မဟုတ် ပျို​ဖော်ဝင်ပြီး တစ်နှစ်အတွင်း လိင်ဆက်ဆံမှု ရှိသူများ
-လိင်ဆက်ဆံ​ဖော် ဆက်ဆံဖက်များသူများ
-ကိုယ်ဝန်တား​ဆေး ကာလရှည် ​သောက်သူများ( ၅-နှစ်​ ကျော် )
-​ဆေးလိပ်​သောက်သူများ
-ခုခံအား ကျဆင်း​နေသူများ
-လိင်မှတဆင့်ကူးစက်​ရောဂါရှိသူများ ( ကာလသား​ရောဂါ ၊ ဂနို​ရောဂါများ )
-HPV ကာကွယ်​ဆေး မထိုးထားသူများ
-၃ ကြိမ်နှင့်အထက် ကိုယ်ဝန်​ဆောင်ဖူးသူများ
-အဝ လွန်သူများ
-ဆင်းရဲနွမ်းပါးသူများ
​ ဖော်ပြပါ အချက်များနှင့် ငြိစွန်း​နေလျှင် သားအိမ်​ခေါင်းကင်ဆာ ဖြစ်နိုင်သူ ထဲမှာ ပါဝင်တယ်လို့ အကြမ်းဖျင်းမှတ်ယူရပါမယ်။

ဘယ်လို​ရောဂါလက္ခဏာ​တွေ ခံစားရမလဲ

​ရောဂါဖြစ်စ အချိန်​တွေမှာ​တော့

-မိန်းမကိုယ်မှ အချိန်အခါမဟုတ်​သွေးဆင်းမယ် (လိင်ဆက်ဆံပြီးချိန်၊ ရာသီချိန်ခါမဟုတ်ဘဲ၊ ​သွေးဆုံပြီးမှ ​သွေးပြန်ဆင်း )
-လိင်ဆက်ဆံတဲ့အခါ အရမ်းနာမယ်။
-မိန်းမကိုယ်မှ ပုံမှန်မဟုတ်​သော အရည်၊ အကျိအချွဲ ဆင်းပြီး အနံ့ပြင်းမယ်။ ဒါ​တွေ ခံစားရ​လေ့ရှိကြပါတယ်။

ကင်ဆာ က တခြား​နေရာပျံ့နှံ့သွားပြီ ဆိုလျှင်​တော့

-ဝမ်းဗိုက်​အောက်ပိုင်း​အောင့်ခြင်း ကိုက်ခြင်း
-ဆီးသွားရခက်ခြင်း
-အစားအ​သောက်ပြီး ကိုယ်အ​လေးချိန် ကျဆင်းလာခြင်း
-ခါးနာ ခါးကိုက်ခြင်း
-အရိုးများနာခြင်း ကိုက်ခြင်း
-​ခြေ​ထောက်များ ​ဖော​ရောင်လာခြင်း
-​ကျောက်ကပ်ပျက်စီး​သော လက္ခဏာများ ခံစားရခြင်း

အစရှိသည်ဖြင့် တခုခု ခံစားလာရခြင်းတို့ ဖြစ်နိုင်ပါတယ်။ဒါ​ကြောင့် အထက်​ဖော်ပြပါ သားအိမ်​ခေါင်းကင်ဆာဖြစ်နိုင်​ချေမြင့်မားသူများအုပ်စုတွင်ပါဝင်​နေသူများအ​နေဖြင့် ​ဖော်ပြပါ​ရောဂါလက္ခဏာများကို ခံစား​နေရပြီဆိုပါက သားဖွားမီးယပ်ဆရာဝန်များနှင့် ​ဆောလျင်စွာ ပြသပြီး စစ်​ဆေးခံယူသင့်​ပါတယ်။

သားအိမ်​ခေါင်းကင်ဆာ မဖြစ်ခင် ကြိုတင်စစ်​ဆေးသိနိုင်မလား( Cervical cancer screening )

ရပါတယ်။ကင်ဆာ အားလုံးထဲမှာ ကြိုတင်စစ်​ဆေးသိရှိနိုင်တဲ့ ​ရောဂါထဲမှာ​တော့ သားအိမ်​ခေါင်းကင်ဆာ ထိပ်ဆုံးထဲမှာပါ ပါတယ်။Pap smear လို့​ခေါ်တဲ့ သားအိမ်​ခေါင်းမှ ဆဲလ်ကို Spatula လို့​ခေါ်တဲ့ သစ်သားပြား​လေးဖြင့်ယူကာ စစ်​ဆေးပြီး ကင်ဆာ ဖြစ် မဖြစ် ​စောင့်ကြည့်လို့ရပါတယ်။ Pap smear စစ်​ဆေးခြင်းဟာ လွယ်ကူပါတယ်။ ​ငွေကုန်​ကြေးကျ မများပါဘူး။ စမ်းသပ် စစ်​ဆေးချိန် မကြာပါဘူး။ နာကျင်မှု ​ဝေဒနာ မခံစားရပါဘူး။ဒါ​ကြောင့် အိမ်​ထောင်ရှိ အမျိုးသမီး​တွေနဲ့ လိင်ဆက်ဆံမှု ပြုဖူးသူ​တွေ အ​နေနဲ့ Pap smear စစ်​ဆေးမှုခံယူသင့်ပါတယ်။သားဖွားမီးယပ်ဆရာဝန်နဲ့ပြသပြီး မိမိတို့ရဲ့ သားအိမ်​ခေါင်းကိုပုံမှန် စစ်​ဆေးခြင်းဖြင့် သားအိမ်​ခေါင်းဟာ ပုံမှန်လား၊ ရောင်​နေပြီလား၊ ကင်ဆာဖြစ်ဖို့တာဆူ​နေပြီလား၊ ကင်ဆာ စဖြစ်​နေပြီလား ဆိုတာ စစ်​ဆေးလို့ ရပါတယ်။ ​ကင်ဆာ သံသယ ဖြစ်စရာ​တွေ ​တွေ့ရှိလျှင်​တော့ ပိုမို​သေချာ​စေရန် အသားစ (Biopsy ) ယူပြီး ဆက်လက်စစ်​ဆေးကြရမှာပါ။ အ​ဖြေ​ကောင်းလျှင်​တော့ ပုံမှန်အတိုင်း​နေထိုင်နိုင်ပြီး ၆-လ သို့မဟုတ် တစ်နှစ် တစ်ခါ စမ်းသပ်စစ်​ဆေးပြီး ​စောင့်ကြည့်​နေရုံပါပဲ။ စော​စောသိလျှင် ​စော​စွာ ကုသမှု ခံယူပြီး အသက်ရှည်​အောင် ​နေလို့ရပါတယ်။

သားအိမ်​ခေါင်းကင်ဆာ က ကာကွယ်လို့ရသလား

သားအိမ်ခေါင်းကာကွယ်ဆေး

သားအိမ်​ခေါင်းကင်ဆာ အများစုက HPV ​ကြောင့်ဖြစ်တာဆို​တော့ HPV ကိုယ့်ဆီမကူးစက်ခင်မှာ HPV ကာကွယ်​ဆေးထိုးထားလျှင် ကာကွယ်နိုင်ပါတယ်။ ဒီ​နေ့ ကမ္ဘာမှာ HPV ကာကွယ်​ဆေးကို အသက် ၁၁ -၁၂ နှစ်အရွယ် ဆယ်​ကျော်သက် မိန်းက​လေး​တွေကို HPV ကာကွယ်​ဆေးထိုးပြီး ကာကွယ်​နေကြပါပြီ။ ဒါ​ကြောင့် ဒီ​ရောဂါဟာ ကာကွယ်လို့ ရပါတယ်။
ကာကွယ်​ဆေးထိုးနည်းက​တော့ အသက် ၉နှစ်မှ ၁၅ နှစ်အတွင်း မိန်းက​လေး​တွေကို ပထမ တစ်ကြိမ်နှင့် ​နောက် ၆-လ အကြာမှာ ဒုတိယ တစ်ကြိမ်ထပ်ထိုး​ပေးရပါတယ်။
နောက်တနည်းက​တော့ အသက် ၂၇ နှစ်​ကျော် အိမ်​ထောင်ရှိသူများအ​နေနဲ့ HPV မကူးစက်ခံရ​သေးဖူးဆိုလျှင် ကာကွယ်​ဆေး ၃-ကြိမ် ထိုးပြီး ကာကွယ်လို့ရပါတယ်။
ပထမအကြိမ် – စထိုးပါ
ဒုတိယအကြိမ် – ​နောက် ၁-လ အကြာမှာ ထိုးပါ။
တတိယအကြိမ်- စထိုးပြီး ၆-လအကြာတွင် ထိုးပါ။
မြန်မာနိုင်ငံမှာ အသုံးအများဆုံးသားအိမ်​ခေါင်းကာကွယ်ဆေးက​တော့ Cervarix ​ဆေးပဲ ဖြစ်ပါတယ်။
အားလုံး သားအိမ်​ခေါင်းကင်ဆာ ​ရောဂါမှ ကင်း​ဝေးကြပါ​စေ။ ကာကွယ်​ဆေးထိုးပြီး ကာကွယ်နိုင်ကြပါ​စေဟု ရည်ရွယ်လျှက်

Dr Fleming

https://www.webmd.com/cancer/cervical-cancer/cervical-cancer

https://www.cdc.gov/vaccines/vpd/hpv/public/index.html

https://www.healthline.com/health/sexually-transmitted-diseases/hpv-types

Scroll to Top