​ပွေး ညှင်း ဒက် နှင့် အ​ရေပြားမှိုစွဲ​ရောဂါများ

ပွေး၊ညှင်း၊ဒက် ​ရောဂါ​တွေဆိုတာ ကျ​နော်တို့ပတ်ဝန်းကျင်မှာအဖြစ်များလှတယ်ဆိုတာ ​တွေ့ကြမှာပါ။ ကိုရင်​လေး​တွေမှာ သပိတ်​ပြောင်​အောင်မ​ဆေးလို့ ဒက်​ပေါက်တာ ဆိုပြီး​တော့ အရပ်ထဲမှာ ​ပြော​လေ့ရှိတာလည်း ကြားဖူးကြမှာပါ။အဲဒါက ယူဆချက် အမှားဖြစ်ပါတယ်။ ‌ဒါဆို အမှန်တွေဖတ်ကြည့်ကြစို့။

အ​ရေပြားမှိုစွဲ​ရောဂါ​တွေက ကူးစက်တတ်သလား

​ သေချာ​ပေါက် ကူးစက်​ရောဂါ​တွေဖြစ်ပါတယ်။ ညှင်းက​တော့ တ​ယောက်ဆီက​နေ ​နောက်တ​ယောက်ထံ မကူးစက်တတ်ပါဘူး။

ဘာ​ကြောင့် အ​ရေပြားမှိုစွဲ​ရောဂါ​တွေ ဖြစ်ရတာလဲ

-​အ​ရေပြားမှိုစွဲ​ရောဂါဖြစ်​နေသူက​နေ အခြားလူ​တွေကို ကူးစက်တတ်တယ်
-တခြားအိမ်​မွေးတိရိစ္ဆာန်​တွေဆီမှတဆင့်
-​ရောဂါဖြစ်​နေသူရဲ့ တကိုယ်​ရေသုံး ပစ္စည်းများမှတဆင့်
-​မြေကြီး မှတဆင့် (ဖိနပ်မပါဘဲ သွားလာ လှုပ်ရှားခြင်း )
-ကိုယ့်ခန္ဓာကိုယ်​ပေါ်မှာ ပုံမှန်ရှိ​နေ​သောမှိုပိုးများက ​ရောဂါဖြစ်​စေခြင်း( ခုခံအားကျဆင်းသွား​သောအခါ)
အထက်​ဖော်ပြပါ အ​​ခြေအ​နေများမှတဆင့် ကူးစက်ခံကြရတာပဲ ဖြစ်ပါတယ်။

မှို​ရောဂါ​တွေက မည်သူ​တွေမှာ ဖြစ်​စေတာလဲ

-ပူ​နွေးစိုစွတ်​သော ရာသီဥတုမှာ ​နေထိုင်လုပ်ကိုင်သူ​များ
-အဝတ်အစားအကြပ်၊ ဖိနပ်အကြပ် ဝတ်ဆင်သူများ
-​ခြေဆီနင့် ​ချွေးထွက်များလွန်းသူများ
-ဝပြိး အ​ရေပြားတွန့်​ခေါက် ​နေသူများ

ဘယ်လိုအ​ခြေ​အ​နေမျိုး​တွေမှာ ​ရောဂါဖြစ်ပွားနိုင်​ချေများသလဲ

-ခုခံအားကျဆင်း​နေသူများ ( HIV ​ရောဂါရှိသူ၊ Steroid ​ဆေး​သောက်​နေရသူများ )
-ဆီးချို​ရောဂါ ရှိသူများ
-နာတာရှည်အ​ရေပြား​ရောဂါခံရှိသူများ ( Psoriasis၊ Eczema ) စသူတို့မှာ ဖြစ်နိုင်​ချေများပါတယ်။

အ​ရေပြားမှို​​ရောဂါ အမျိုးမျိုး

ဒက် ( Tinea Capitis )

ဦး​ရေပြားမှာ​ပေါက်တဲ့ ​ပွေး​ရောဂါပဲဖြစ်ပါတယ်။ ‘ဒက်’ လို့ ​ခေါ်ကြပါတယ်။ ဦး​ခေါင်းမှာ အကွင်းလိုက် အဝိုင်းလိုက် အကွက်တွေပေါ််လာပါမယ်။ ဆံပင်​တွေကျွတ်ပြတ်ထွက်​နေကာ နီရဲ​နေတဲ့ပုံစံ သို့မဟုတ် ဖြူပြီး အ​ရေပြား​တွေ ကွာကျ​နေတဲ့ပုံစံ အ​နေနဲ့ ​တွေ့ရမှာဖြစ်ပါတယ်။ ဘက်တီးရီးယားပိုးဝင်ပြီး ပြည်တည်​နေတာမျိုးလည်း ဖြစ်တတ်ပါတယ်။အသက်အရွယ်မ​ရွေးဖြစ်တတ်​ပေမယ့် က​လေး​တွေမှာအဖြစ်များကြပါတယ်။

လက်သည်း၊​ခြေသည်းမှိုစွဲ​​သော​ရောဂါ ( Tinea unguium )

-​ခြေသည်းက လက်သည်းထက် ပိုအဖြစ်များပါတယ်။​ ​ခြေသည်း လက်သည်း​တွေက ဝါကျင့်ကျင့် အ​ရောင်ကို ​ပြောင်းလာပြီး ထူလာမယ်။ ကြမ်းပြီးကျွတ်ဆတ်လာပါမယ်။ တခြားမှို​ရောဂါရှိ​နေလျှင်၊ အသက်ကြီးလျှင်၊ Psoriasis နှင့် ဆီးချို ​ရောဂါရှိ​နေလျှင် ပိုပြီးဖြစ်​​လေ့ရှိပါတယ်။

​ခြေ​ထောက်တွင်​ပေါက်​သော​ပွေး ( Athlete’s foot )

-​ခြေ​ချောင်း​လေး​တွေကြား နှင့် ဖ​​နောင့် ဖဝါး ​တွေမှာအက်ကွဲမယ်။အနာ​တွေဖြစ်မယ်။ အရည်ကြည်ဖု​​လေးတွေ ​ပေါက်မယ်။ ယားမယ်။ အ​ရေခွံ​တွေ ကွာကျမယ်။အကွင်းလိုက်အကွက်​တွေ​ပေါ်မယ်။ အားကစားသမား​တွေ ဖိနပ်စီးတဲ့အခါ ​ခြေ​ထောက်​ချွေးထွက်များပြီး​ချွေးလုံ​နေတဲ့အခါဖြစ်​လေ့ရှိကြတာ​ကြောင့် Athlete’s foot လို့​ခေါ်ဆိုတာဖြစ်ပါတယ်။ ဒါ့အပြင် ဖိနပ်မစီးဘဲ စိုစွတ်တဲ့​နေရာ​တွေမှာ သွားလာလှုပ်ရှား​နေသူ​တွေမှာလည်း ​ခြေ​ထောက်​တွေမှာ မှို​ရောဂါစွဲ​လေ့ရှိပါတယ်။

​ပွေးအမျိုးမျိုး

-တခြား​ပွေး​တွေက​တော့ ကိုယ်ခန္ဓာအနှံ့​နေရာစုံမှာ​ပေါက်နိုင်ပါတယ်။ ​​ပွေး​တွေရဲ့သ​ဘောက အကွင်းလိုက် အဝိုင်းလိုက်အကွက်​တွေထမယ်။ နီရဲ​နေမယ် သို့မဟုတ် မဲနက်​နေမယ်။ ယားမယ်။ အ​ရေပြား​တွေ ကွာကျမယ်။ ဒီလိုပုံစံ​တွေ ​တွေ့ရမယ်။ ​ပေါင်ခြံနှင့်ဖင်ကြားတဝိုက်က ​ပွေး​တွေကို Tinea cruris လို့​ခေါ်ပြီး ခန္ဓာကိုယ်တခြား​နေရာ​တွေ​မှာပေါက်တဲ့​ပွေး​တွေကို​တော့ Tinea corporis လို့​ခေါ်ကြပါတယ်။

ညှင်း ( Pityriasis versicolor )

-ညှင်းဆိုတာက​တော့ ခန္ဓာကိုယ်​ပေါ်မှာအဖြူကွက်​တွေ အရွယ်အစားမျိုးစုံ​ပေါ်လာတဲ့ မှို​ရောဂါ တစ်မျိုးပါပဲ။တခါတ​လေ ယားယံတာမျိုး ခံစားရ​လေ့ရှိပါတယ်။ အများစုက​တော့ အဖြူကွက်​တွေ ​ပေါက်ကြ​ပေမဲ့ အနီ​ရောင်အကွက်၊ ပန်း​ရောင်အကွက် သို့မဟုတ် တင်းတိပ်ကဲ့သို့​သော အညို​ရောင် အကွက်​တွေလည်း ဖြစ်​လေ့ရှိကြပါတယ်။ဆယ်​ကျော်သက်နှင့် လူငယ်ပိုင်း​တွေမှာ အဖြစ်များကြပါတယ်။

မှို​ရောဂါရှိ​နေပြီဆိုလျှင် ဘယ်လို​နေထိုင်ရမလဲ

-​​ပွေးညှင်းဒက်​တွေကို ​နေ့စဥ် သန့်ရှင်း​ရေးလုပ်​ပေးရမယ်
-ယားလို့ဆိုပြီး မကုတ်ပါနဲ့။ လက်မှတဆင့် တခြား​နေရာ​တွေကို ကူးသွားနိုင်လို့ပါ။
-ကိုယ်လက်​ဆေး​ကြောပြီးတိုင်း၊ ​​ရေချိုးပြီးတိုင်း ​ခြောက်​သွေ့​အောင်သုတ်ပါ။
-​ချောင်ချိ​သော အဝတ်​အစားတွေ ဝတ်ရပါမယ်။
-ဖိနပ်အကြပ်​တွေ မစီးရပါ။
-အိပ်ယာခင်း​တွေ၊​စောင်​တွေ နှင့်အဝတ်​အစား​တွေကို ပုံမှန်​လျှော်ပါ။

ဘယ်လိုကုသရမလဲ

​-​ပွေးညှင်း​တွေ​ပေါက်​နေပီဆိုရင်​တော့ လိမ်း​ဆေး​တွေ လိမ်း​ပေးလို့ရပါတယ်။ Miconazole၊ Clotrimazole နဲ့ Terbinafine ပါတဲ့ လိမ်း​ဆေး​တွေ လိမ်း​ပေးရပါမယ်။ ​ပွေးညှင်း​​တွေ​ပျောက်ပြီး ၂-ပတ်ကြာတဲ့အထိဆက်လိမ်းမှ အမြစ်ပြတ်မှာပါ။

ဆရာဝန်နဲ့ တိုင်ပင်ကုသပါ

-သင့်မှာ ​ပွေးညှင်း​တွေ ခန္ဓာကို​နေရာ​အ​တော်များများမှာ ​ပေါက်​နေပြီဆိုလျှင်
-​ခြေသည်းလက်သည်း မှိုစွဲ​နေပြီဆိုလျှင်
-လိမ်း​ဆေး​တွေနဲ့ မ​ပျောက်​တော့ဘူးဆိုလျှင်
-ခုခံအားကျဆင်း​သော​အ​ခြေအ​နေရှိ​နေလျှင်
-ဒက်​ပေါက်​နေပြီဆိုလျှင်​တော့ ဆရာဝန်ဆိုင်ပင်ပြီး ​သောက်​ဆေး​တွေနဲ့ ကုသမှု ခံယူရပါမယ်။ ၆-လအထိ​သောက်​ဆေး​တွေ ​သောက်ရနိုင်ပါတယ်။

​ပွေးညှင်းဒက်​တွေ မ​ပေါက်ရ​အောင် ဒီနည်းလမ်း​တွေ​ဆောင်

-​ခြေလက်​ဆေး​ကြောပြီးတိုင်း၊​ရေချိုးပြီးတိုင်း ​ခြောက်​သွေ့​အောင်သုတ်ပါ။
-ဖိနပ်မစီးဘဲ သွားလာလှုပ်ရှားခြင်းမပြုရ။
-​ချောင်ချိ​သော အဝတ်​အစား​တွေဝတ်ပါ။
-ဖိနပ်အကြပ်မစီးရ။
-တခြားသူ​တွေရဲ့တကိုယ်​ရေသုံးပစ္စည်းများကို မသုံးရ။
-​​​တွန့်​ခေါက်​နေ​သော အ​ရေပြားကြားများကို ​​သေချာ​ဆေး​ကြောပါ။
-ဆီးချို​ရောဂါရှိ​နေလျှင် ​​သေချာကုပါ။
-​ခွေး၊ ​ကြောင် စ​သောအိမ်တွင်းတိရစ္ဆာန်များတွင် ​ပွေး ဒက် ရှိ​နေလျှင် ​သေချာကုပါ။
-အိမ်တွင် ​ပွေး၊ဒက် ​ပေါက်​နေသူရှိလျှင် ​သေချာကုပါ။ အသုံးအ​ဆောင်များကို ​သေချာ ပိုးသတ်ပါ။
အထက်ပါ အချက်​တွေကို ​သေ​သေချာချာ လိုက်နာလျှင်ဖြင့် အ​ရေပြားမှိုစွဲ​ရောဂါ အမျိုးမျိုးမှ ကင်း​ဝေးကြမှာပါ။ အကယ်၍ ​ရောဂါဖြစ်လာသည့်တိုင် လိမ်း​ဆေး​​တွေနဲ့ ​​​သောက်​ဆေး​တွေ အ​ကြောင်းဗဟုသုတရ​စေရန် ရည်ရွယ် ​ရေးသားလိုက်ရပါသည်။

Dr. Fleming

https://www.bupa.co.uk/health-information/healthy-skin/fungal-skin-infections#prevention

Scroll to Top