ဆီးလမ်း​ကြောင်းတွင် ​ကျောက်တည်သည်ဟု ဆိုရာဝယ်

ဗိုက်အရမ်း​အောင့်လို့ ​​​ဆေးခန်းသွားပြရာမှတဆင့်​သော်လည်း​ကောင်း၊ ဆီးထဲ​သွေးပါလို့ ပြရာမှ​သော်လည်း​ကောင်း ​ကျောက်ကပ်မှာ​ကျောက်တည်လို့၊ ဆီးလမ်း​ကြောင်းမှာ ​ကျောက်တည်လို့ဆိုပြီး ​တွေ့ကြုံဖူးကြမယ် ထင်ပါတယ်။ ​ကျောက်​တွေမှာလည်း အမျိုးမျိုးရှိကြပါတယ်။ ဆီး​ကျောက်တည်သူ​တွေရဲ့ ၈၅ ရာခိုင်နှုန်းဟာ Calcium ​ကျောက်များဖြစ်ကြပါတယ်။ ကျန် ၁၅ ရာခိုင်နှုန်းက​တော့ Uric acid ​ကျောက်များ၊ Cystine ​ကျောက်များနှင့် Struvite ​ကျောက်များဖြစ်ကြပါတယ်။

ဘာ​ကြောင့်ဆီး​ကျောက်တည်ရသလဲ

-​ရေအ​သောက်နည်းသူများ
-​ရေဓါတ်ဆုံးရှုံးမှုမကြာခဏ ဖြစ်သူများ
-တိရစ္ဆာန်အသား အရမ်း စားသုံးသူများ
-ဗီတာမင် စီ အရမ်း ​သောက်/စားသုံးသူများ
-Calcium စားသုံးမှုနည်းသူများ
-Hyperparathyroidism ​ရောဂါရှိသူများ
-Renal tubular acidosis ​ရောဂါရှိသူများ
-Sarcoidosis ​ရောဂါရှိသူများ
-အချို့ကင်ဆာ​ရောဂါများ
-အစာအိမ်ချုံ့ ခွဲစိပ်မှုခံယူထားသူများ
-Indinavir ​​သောက်သုံးရသူများ
-အစားအစာတွင် မယ်လမင်း ပါဝင်မှုများခြင်း
-မျိုးရိုးထဲတွင် ဆီး​ကျောက်တည်ဖူးခြင်း စတာ​တွေက ဆီးလမ်း​ကြောင်းမှာ ​ကျောက်တည်​စေဖို့ အား​ပေးပါတယ်။

အမျိုးသားဆီးလမ်းကြောင်းစနစ်
အမျိုးသမီးဆီးလမ်းကြောင်းစနစ်

ရောဂါလက္ခဏာများ

​ကျောက်ငယ်လေး​တွေက​တော့ ဘာ​ရောဂါလက္ခဏာမှ ပြ​လေ့မရှိပါ။ ကျောက်နဲနဲကြီးလာပြီဆိုလျှင်​တော့
-ဆီး​အောင့်ခြင်း
-ဆီးကျဥ်ခြင်း၊ ဆီးခဏ ခဏ သွားချင်ခြင်း၊ ဆီးသွားရ မဝခြင်း
-ဆီးထဲ​သွေးပါခြင်း
-ဆီးစပ်​အောင့်ခြင်း ( ဆီးအိမ်တွင် ​ကျောက်တည်လျှင် )
-ခါး၊ ဗိုက် အရမ်း ထိုးရစ် ​အောင့်ခြင်း ( ​ကျောက်ကပ် သို့မဟုတ် ဆီးပို့ပြွန်တွင်​ကျောက်တည်လျှင် )
-ချမ်းတုန်ဖျားခြင်း
-ပျို့အန်ခြင်း ၊ ဗိုက်အရမ်း​အောင့်၍ဂဏာမငြိမ်ဖြစ်ခြင်း

​နောက်ဆက်တွဲဆိုးကျိုးများ

-​ကျောက်ကပ်တွင်ဆီးစုခြင်း၊ ပြည်တည်ခြင်း
-​ကျောက်ကပ် ခွဲထုတ်ရခြင်း
-​ကျောက်ကပ်တစ်ဖက်ပျက်စီးသွားခြင်း အစရှိသည်ဖြင့် ​ကျောက်ကပ်တစ်လုံး လုံးဝပျက်စီးသွားသည်အထိ ဖြစ်နိုင်ပါတယ်။

ဆီးလမ်းကြောင်းနေရာအသီးသီးတွင်ဆီးကျောက်များတည်နေပုံ

ရောဂါကိုဘယ်လိုရှာ​ဖွေစစ်​ဆေးရသလဲ

-USG ( Abdomen ) အာထွာ​ဆောင်းရိုက်ခြင်း
-X-rays ရိုက်ခြင်း
-CT Scan ရိုက်ခြင်းများဖြင့် ဆီး​ကျောက်တည်ခြင်းကို စစ်​ဆေးအတည်ပြု​လို့ရပါတယ်။

ဆီး​ကျောက်​တည်​ရောဂါကုသနည်းများ

ဆီး​​​ကျောက်ရှိနေ​သရွေ့ ဗိုက်​အောင့်တာ​တွေ၊ ဖျားနာ​တာတွေက ခဏခဏ ဖြစ်​နေနိုင်ပါတယ်။ အရမ်းဆိုးလျှင် ပိတ်​နေ​သော ​ကျောက်ကပ် ပြည်တည်သွားသည်အထိ၊ လုံးဝပျက်စီးသွားသည်အထိ ဖြစ်နိုင်ပါသည်။ ဆီး​ကျောက်က သူ့ဘာသူ ထွက်ကျလျှင်ကျ၊ မကျလျှင် ထုတ်​ပေးပါမှ ​ရောဂါလက္ခဏာများ ခံစားရမှုမှ ကင်း​ဝေးပါလိမ့်မည်။
၁-/ Extracorporeal Short Wave Lithotripsy ( အသံလှိုင်းဖြင့်​ကျောက်​ခြေခြင်း )
၂-/ Ureteroscope and Lithotripsy ( ဆီးပို့ပြွန်ထဲသို့ မှန်​ပြောင်းကြည့်ပြီး​ကျောက်ကို​ချေမွထုတ်ခြင်း )
၃-/ Percutaneous Nephrolithotomy ( ခါးတွင်အ​ပေါက်​ဖောက်ပြီး​ကျောက်ကပ်အတွင်းမှ ​ကျောက်ကို ​ချေမွခွဲထုတ်ခြင်း )
၄-/ Surgical removal ( ဗိုက်ကိုခွဲ၍ ​ကျောက်ထုတ်ခြင်း )
၅-/ Making Urine More Alkaline ( Uric acid ​ကျောက်များကို ​ကျောက်ပျော်​ဆေး-Potassium Citrate ၆ လတိုက်၍ ​ကျောက်​ဖျော်ခြင်း )
၆-/ Medical Resolution of Cystine Stones ( D-penicillamine or Mercaptopropinylglycine ​ဆေးတိုက်၍ ​ကျောက်​ဖျော်ခြင်း )အစရှိသည်ဖြင့် ကုသမှုများ ရှိကြပါတယ်။ ​ကျောက်အရွယ်အစား၊ အ​ရေအတွက်၊ ​နေရာအ​နေအထား ( ​ကျောက်ကပ်၊ ဆီးပို့ပြွန်၊ ဆီးအိမ် )၊ ​ကျောက်အမျိုးအစား​ပေါ်မူတည်ပြီး သက်ဆိုင်ရာ ကျွမ်းကျင်ဆရာဝန်က ကုသမှုကို ​ရွေးချယ်​ပေးသွားမှာဖြစ်ပါတယ်။

ကာကွယ်ရန်နည်းလမ်းများ

လူတစ်​ယောက်က Calcium ​ကျောက် တစ်ခါကျဖူးလျှင် သို့မဟုတ် တစ်ခါတည်ဖူးလျှင် ​နောက်​ကျောက်တစ်လုံး ထပ်တည်ဖို့
-​နောက် ၁နှစ်အတွင်း ၁၅ ရာခိုင်နှုန်း
-​နောက် ၅နှစ်အတွင်း ၄၀ ရာခိုင်နှုန်း
-​နောက်၁၀နှစ်အတွင်း ၈၀ ရာခိုင်နှုန်းရှိပါသတဲ့။ Calcium ​ကျောက်တည်လို့ Calcium ​လျှော့စားလျှင်လည်း ​ကျောက်ထပ်တည်နိုင်​ချေ များပါ​သေးတယ်တဲ့။ ဒါ​ကြောင့် ဆီး​ကျောက်တည်ဖူးလျှင်​သော်လည်း​ကောင်း၊ မတည်ဖူးလျှင်​သော်လည်း​ကောင်း ဆီး​ကျောက်တည်မလာဖို့ နဲ့ ထပ်မတည်ဖို့ အ​ရေးကြီးတဲ့အတွက်​ကြောင့် ကာကွယ်ဖို့အ​ရေးကြီး​ပါသည်။ ဆီး​ကျောက်တည်​ရောဂါကာကွယ်ရန်
-​ရေများများ​သောက်ပါ။ ( ​တစ်​နေ့လျှင် ရေ ၂လီတာခွဲမှ ၃လီတာ အနည်းဆုံး​သောက်​ပေးပါ။ )
-အငံ​လျှော့စားပါ။
-ပိုတက်ဆီယမ်ပါ​သော အစားအစာများများစား​ပေးပါ။ (​ ကျောက်ကပ်အလုပ်​ကောင်း​ကောင်းလုပ်​နေမှသာ )
-တစ်​နေ့တာ Calcium စားသုံးမှုကို 1000-1500 mg အကြားထိန်းထားပါ။
-တိရစ္ဆာန်အသား​လျှော့စားပါ။
-​ချောက်ကလက်၊ အခွံမာသီးများ ​လျှော့စားပါ။
-မုန်လာပင်၊ ဟင်းနုနွယ်များ နှင့် ငရုတ်​ကောင်း ​​လျှော့စားပါ။
-လ္ဘက်ရည်နှင့် လ္ဘက်စားသုံးမှု ​လျှော့​ပါ။
-Uric acid နှင့် Cystine ​ကျောက်သမားများ သက်ဆိုင်ရာ​ဆေးများ မှန်မှန်​သောက်ပါ။ ​
ဆီးလမ်း​ကြောင်း ​ကျောက်တည်ခြင်းမှ ကင်း​ဝေးရ​အောင် ​​စေတနာဖြင့်

Dr Fleming

https://www.msdmanuals.com/home/kidney-and-urinary-tract-disorders/stones-in-the-urinary-tract/stones-in-the-urinary-tract

Scroll to Top