ခေါင်းတစ်ခြမ်းကိုက်ရောဂါ ( Migraine ) ဆိုတာ

လူတိုင်းနီးပါး ခေါင်းကိုက်ဝေဒနာ ခံစားဖူးကြမယ် ထင်ပါတယ်။ သွေးတိုးလို့ခေါင်းကိုက်တာ၊ ဖျားလို့ခေါင်းကိုက်တာ၊ ဦးဏှောက်အမြှေးရောင်လို့ ခေါင်းကိုက်တာ၊ စိတ်ဖိစီးမှုများလို့ ခေါင်းကိုက်တာ အစရှိသည်ဖြင့် ခေါင်းကိုက်စေတဲ့ ရောဂါ အများကြီးရှိကြပါတယ်။ ခေါင်းကိုက်စေတဲ့ ရောဂါတွေထဲမှ ခေါင်းတစ်ခြမ်းကိုက် ( Migraine ) ရောဂါအကြောင်း ဗဟုသုတ ရစေဖို့ ဖော်ပြပေးသွားမှာပါ။ ခေါင်းတစ်ခြမ်းကိုက်လို့ ခေါ်တဲ့အတိုင်းပဲ ခေါင်းတစ်ခြမ်းထဲပဲကိုက်တာပါ။

ရောဂါလက္ခဏာများ

-ခေါင်းတစ်ခြမ်းကိုက်ခြင်း ( နားထင်နားမှာ အဖြစ်အများဆုံးပါ )
-ပြည်တည်နာကိုက်သကဲ့သို့ ကိုက်ခြင်း‌၊ နှလုံးခုန်သံကဲ့သို့ စည်းချက်မှန် တဆစ်ဆစ်ဖြင့်ကိုက်ခြင်း၊ သွေးကြောပေါက်ထွက်သွားမတတ်ကိုက်ခြင်း
-ခေါင်းကိုက်ဝေဒနာက အနည်းဆုံး ၄ နာရီ မှ ၃ ရက် ၇ရက်ခန့်ကြာသည်အထိကိုက်နေခြင်း စသည်ဖြင့် တမျိုးမျိုး ခံစားနေရမှာပါ။ အမျိုးသမီးများက အမျိုးသားထက် ပိုမို ဖြစ်လေ့ရှိပါတယ်။အသက် ၁၀ နှစ်မှ ၄၅ အတွင်းဖြစ်တတ်ကြပါတယ်။ ခေါင်းတစ်ခြမ်းကိုက် ရောဂါဖြစ်စဉ်မှာ အဆင့် ၃ ဆင့်ရှိပါတယ်။ Prodrome အဆင့်၊ Attacking အဆင့် နဲ့ Postdrome အဆင့်တို့ဖြစ်ပါတယ်။

Prodrome အဆင့်တွင် စိတ်ဓါတ်ကျဆင်းခြင်း၊ အားနည်းသကဲ့သို့နုံးနေခြင်း၊ စိတ်တိုစိတ်ဆတ်ခြင်း၊ မကြာခနသမ်းခြင်း၊ ဇက်ကြောတောင့်တင်းခြင်း၊ အစား‌အရမ်းစားခြင်း၊ အလုပ်အရမ်းလုပ်ခြင်း စသည့် လက္ခဏာတချို့ကို တစ်ရက် နှစ်ရက်ခန့်ခံစားရမှာဖြစ်ပါတယ်။

Attacking အဆင့်မှာတော့အထက်မှာဖော်ပြခဲ့တဲ့အတိုင်း ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို ခံစားရမှာဖြစ်ပါတယ်။ အလင်းရောင်မြင်လျှင်၊ အသံဗလံကြားရလျှင် ခေါင်းကိုက်တာက ပိုဆိုးပါတယ်။ ဘယ်သူနဲ့မှ စကားမပြောချင်ဘဲ အခန်းအမှောင်ထဲမှာပဲ နေချင်စိတ် ပေါ်နေမှာပါ။ ခေါင်းကိုက်တာအပြင် ပျို့အန်တာ မူးဝေနေတာမျိုးလည်းခံစားနေရနိုင်ပါတယ်။

Postdrome အဆင့်မှာတော့ ခေါင်းကိုက်ဝေဒနာ ပျောက်ကင်းသွားပြီး ဗုံးဗုံးကျနုံးချိနေနိုင်သလို ပျော်ရွှင်သွက်လက်နေနိုင်ပါတယ်။

‌လှုံ့ဆော်မှုများ

-ပြိုးပြိုးပြက်ပြက်အလင်းရောင်များမြင်ရခြင်း
-ကျယ်လောင်စူးရှသောအသံများကြားရခြင်း
-အနံ့ပြင်းများရှူမိခြင်း
-စိတ်ဖိစီးမှုများခြင်း
-ရာသီဥတု ပူလွန်း အေးလွန်းခြင်း
-အအိပ်ပျက် အစားပျက်ခြင်း
-ကိုယ်ခန္ဓာ အရမ်းပင်ပန်းခြင်း
-အရက်အလွန်အကျွံသောက်ခြင်း
-ဆေးလိပ်အလွန်အကျွံသောက်ခြင်း
-ခရီးထွက်ရခြင်း
-OC pills နှင့် Nitrate ဆေးများသောက်ခြင်း
-အမျိုးသမီးဟော်မုန်းများ အပြောင်းအလဲဖြစ်ခြင်း စသည့်အချက်တွေက ခေါင်းတခြမ်းကိုက်ခြင်းရောဂါ ရုတ်တရက်ထကြွဖို့ အားပေးပါတယ်။

ခေါင်းတခြမ်းကိုက်ရောဂါအမျိုးအစားများ

ခံစားရသည့်ကြာချိန် နဲ့ အရေအတွက်ပေါ်မူတည်ပြီး ရုတ်တရက်ပြင်းထန် ( Acute or Episodic Migraine ) နဲ့ နာတာရှည် ( Chronic Migraine ) ဆိုပြီးခွဲထားပါတယ်။ Acute Migraine မှာ ဝေဒနာပေါ်လာတဲ့အခါ တစ်လမှာ ၁၄ ရက်အထိပဲ ကြာတတ်ပြီး ဝေဒနာပေါ်တဲ့အကြိမ်ရေ နည်းပါတယ်။ Chronic Migraine မှာတော့ ခေါင်းကိုက်ဝေဒနာခံစားရချိန်က တစ်လမှာ ၁၅ ရက်ကျော်အောင်ခံစားရပြီး အကြိမ်ရေအားဖြင့် ၃ လ သို့မဟုတ် ထိုထက်မက အကြိမ်ရေများပါတယ်။ ပြီးတော့ စိတ်ဖိစီးမှုကြောင့်ခေါင်းကိုက်ခြင်း ( Tension Headache ) နဲ့လည်း တွဲနေနိုင်တာကြောင့် ရက်ရှည် လရှည် ခံစားရလေ့ရှိပါတယ်။

နောက်ပြီး နိမိတ်မပြ ( Migraine without aura ) နဲ့ နိမိတ်ပြ ( Migraine with aura ) ဆိုပြီးလည်း ခွဲခြားထားပါသေးတယ်။ နိမိတ်ပြရောဂါမှာ နိမိတ်ပြလက္ခဏာတွေက Prodrome အဆင့်အပြီး ခေါင်းမကိုက်ခင်မှာ မိနစ်ပိုင်းမှ နာရီပိုင်းအထိ ပေါ်လာမှာပါ။ နိမိတ်ပြလက္ခာတွေကတော့ အကြားအာရုံ အမြင်အာရုံမူမမှန်ဖြစ်ခြင်းများ၊ စကားပြောခက်ခဲခြင်းနှင့် ကိုယ်ခန္ဓာလှုပ်ရှားမှု မူမမှန်ဖြစ်ခြင်းတို့ဖြစ်ပါတယ်။ နိမိတ်မပြရောဂါမှာတော့ ဆိုခဲ့တဲ့ နိမိတ်ပြလက္ခဏာတွေ မရှိပါဘူး။

ကုသမှု

ခေါင်းတစ်ခြမ်းကိုက်ဝေဒနာခံစားရပြီဆိုလျှင် အရမ်းခံရပါတယ်။ သေမတတ်ခံစားရတာကြောင့် ထိရောက်တဲ့ဆေးဝါးတွေကို သောက်သင့်ပါတယ်။ အောက်ပါဆေးများက ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို သက်သာစေပါတယ်။
-Ibuprofen နဲ့ Aspirin ကဲ့သို့ NSAID အကိုက်အခဲပျေက်ဆေးများ
-Sumatriptan , Eletriptan စသော Triptans ဆေးများက ခေါင်းတစ်ခြမ်းကိုက်ရောဂါအတွက် ပထမဦးစားပေးဆေးများဖြစ်ပါတယ်။
-Migranal , Avamigram စသော Ergot alkaloids ဆေးများက အထက်ပါဆေးတွေနဲ့ မသက်သာရင် သောက်ရတဲ့ဆေးတွေပါ။

ကာကွယ်ဆေးများ

နာတာရှည်ခေါင်းတစ်ခြမ်းကိုက်ရောဂါဖြစ်သူတွေမှာတော့ ကာကွယ်ဆေးက အရေးကြီးပါတယ်။
-Sodium valporate နဲ့ Carbamazepine ကဲ့သို့သောတချို့ အတက်ကျဆေးတွေ
-Beta-blocker နဲ့ Angiotensin receptor blocker ကဲ့သို့သော သွေးကျဆေးတွေ
-Amitriptyline ကဲ့သို့ စိတ်ကျရောဂါအတွက်သုံးတဲ့ဆေးတွေကို ခေါင်းတစ်ခြမ်းကိုက်ရောဂါသမားတွေမှာ ကာကွယ်ဆေးအဖြစ် သုံးစွဲလို့ရပါတယ်။
ခေါင်းတစ်ခြမ်းကိုက် ရောဂါရှင်တွေအတွက် အကူအညီ ဖြစ်ပါစေဟု ရည်သန်လျှက်

Dr Fleming
https://www.healthline.com/health/migraine#causes

Scroll to Top