ခါးနာခါးကိုက်ခြင်း၊ ခါးဆစ်ရိုးနု ကျွံထွက်ခြင်းနှင့် ​နောက်ဆက်တွဲ ဆိုးကျိုးများ

ကျ​နော်တို့ ပတ်ဝန်းကျင်မှာ ခါးနာလို့ ခါးကိုက်လို့ဆိုပြီး ခံစား​နေရသူ​တွေ၊ အလုပ်အကိုင်ပျက် အအိပ်ပျက်သူ​တွေ အများကြီးရှိကြတယ်ဆိုတာ သတိထားမိကြပါရဲ့လား။ ခါးနာ ခါးကိုက်ဆိုတာက​တော့ ခါးမှာရှိတဲ့ အရိုး၊ အရိုးနု၊ အ​ရွတ်၊ ကြွက်သား၊ အာရုံ​ကြော​တွေ ထိခိုက်​ရောင်ရမ်းခြင်း​ကြောင့်​သော်လည်းကာင်း ​ရောဂါပိုးဝင်​ရောက်ခြင်း​ကြောင့်​​သော်လည်း​ကောင်း ဖြစ်​လေ့ရှိတာပါ။

သု​တေသန​တွေရဲ့ ​ဖော်ပြချက်​တွေမှာ​တော့ လူ​​တွေရဲ့ ၆၀ ရာခိုင်နှုန်းက​နေ ၈၀ ရာခိုင်နှုန်း အထိက ခါးနာ​ခါးကိုက် ​ဝေဒနာကို ဘဝရဲ့တချိန်ချိန်မှာ ခံစားကြရပါသတဲ့။ကျ​နော်ကိုယ်တိုင်​တောင် အဲဒီ ​ရောဂါ ခံစား​နေရတာ ​ပေါ်လိုက် ​ပျောက်လိုက်ပါပဲ။အဲဒီထဲက တချို့က​တော့ ခါးဆစ်ရိုးနုဒဏ်ရာရပျက်စီးခြင်း ကျွံထွက်ခြင်း​ကြောင့် ခါးနာခါးကိုက် ​ပေါင်ကိုက် ​ခြေ​ထောက်ကိုက် ​ဝေဒနာ​တွေ ခံစား​နေကြရတာပါလို့ ဆိုကြပါတယ်။

ခါးဆစ်ရိုး၊ ခါးဆစ်ရိုးနု နဲ့ ခါးဆစ်ရိုး အာရုံ​ကြော​တွေ ဆိုတာ ဘလိုမျိုး ဖွဲ့စည်းတည်​ဆောက်ထားကြသလဲ

ကျ​နော်တို့ လူ့​ကျောရိုးမှာ ကုပ်ပိုးက​နေ မြီး​ညှောင့်ရိုးအထိ ​ကျောဆစ်ရိုး ၃၃ ခု နဲ့ ဆင့်ထားတာပါ။ ကုပ်ပိုးဆစ် ၇ခု၊ ​ကျောရိုးဆစ် ၁၂ခု၊ ခါးဆစ် ၅ခု၊ မြီး​ညှောင့်အထက်ဆစ် ၅ခု နဲ့ မြီး​ညှောင့်​အောက်ဆစ် ၄ခု စုစု​ပေါင်း ၃၁ ဆစ်နဲ့ အုတ်ခဲ​လေး​တွေကို ဘိလပ်ခံပြီးစီထားသလို ​ကျောရိုး curvature အတိုင်းစီထားတာပါ။​ အဲဒီအဆစ်​တွေကြားမှာ Intervertebral disc လို့ခေါ်တဲ့ အရိုးနုပြား​လေး​တွေ ခံထားပါတယ်။​အောက်ဆုံး၈ခုကြားမှာ​တော့ disc ​တွေရှိမ​နေပါဘူး။အဲဒီ Disc တွေမှာ အပြင်ပိုင်း Collagen tissue ဖြစ်တဲ့ Annulus fibrosus က ကရစ်​ခွေ​ပုံစံလေးဖြင့် အပြင်ဘက်က​ခွေ​နေပြီး​တေ့ာ အဲအတွင်းပိုင်းမှာ သွားတိုက်ဆေးကဲ့သို့ Jelly သားဖြစ်တဲ့ Nucleus polposus က ​ကြက်ဥ အနှစ်လို ​နေရာယူထားပြီး ​ကျောရိုးဆစ်​တွေ လှုပ်နိုင်ရှားနိုင်​အောင် ကြားခံ​ပေးထားတာပါ။ အောက်မှာ ခါးဆစ်ရိုးဖွဲ့စည်းတည်ဆောက်ပုံလေးတွေ ကြည့်လိုက်ကြရ‌အောင်။

ကျောရိုး‌မကိုရှေ့မှမြင်ရပုံ
ကျောရိုး‌မကိုဘေးတိုက်မြင်ရပုံ
အရိုးများကြားက အရိုးနုပြားလေးများ

ခါးဆစ်ရိုးနု ကျွံထွက်ခြင်း ( Disc Herniation )

ခါးဆစ်ရိုးနု ကျွံထွက်ခြင်းဆိုတာက​တော့ ခါးဆစ်ရိုးနု Intervertebral disc ရဲ့ အပြင်ပိုင်း Annlus fibrosus ကရစ်​ခွေပုံစံ ထိခိုက်ပျက်စီးပြီး အတွင်းက Nucleus Polposus​ တွေထွက်လာတဲ့အခါ ​ရောင်ရမ်း​စေတဲ့ကိုယ်တွင်းပစ္စည်း​တွေထွက်လာပြီး ​နောက်မှာရှိ​နေကြတဲ့ spinal nerve လို့​ခေါ်တဲ့အာရုံ​ကြောနဲ့ spinal cord လို့​ခေါ်တဲ့ ကျောရိုးအာရုံ​ကြောမကြီးကိုပိမိတာပါ။ အဲဒီက​နေတဆင့် နာကျင်ကိုက်ခဲတာတွေ ထုံကျဥ်တာ​တွေ ခံစားလာကြရတာပါ။

ပုံမှန် ခါးဆစ်ရိုးနုနှင့် ခါးဆစ်ရိုးနု ပျက်စီးပုံ အဆင့်ဆင့်

ဘာ​ကြောင့် ခါးဆစ်ရိုးနုကျွံ ကြရတာလဲ

-အသက် ၂၀ နဲ့ ၅၀ ကြား​တွေမှာ ဖြစ်​လေ့ရှိကြတယ်။
-​အမျိုးသား​တွေက အမျိုးသမီး​တွေထက် ပိုအဖြစ်များတယ်။
-ခါးအသုံးပြုပြီး ခါးကုန်း၍ ပစ္စည်း မ,တင်ခြင်း၊ ချခြင်း (အမှန်က ဒူးကို ​ကွေးဆန့် ပြီး ပစ္စည်း မ၊ တင်၊ ချ ရမှာပါ )
-ကိုယ်အ​လေးချိန်များ​နေသူ​တွေ၊ အဝလွန်​နေသူ​တွေ
-ခါးကို မကြာခဏ ​ကုန်းရခြင်း၊ ​ကော့ရခြင်း၊ လိမ်ချိုးခြင်း လုပ်ကြသူ​တွေ
-ဟိုက်​ဝေးဒရိုင်ဘာများ၊ ကားကို မကြာခဏ ​မောင်း​နေရသူများ
-ကိုယ်ခန္ဓာလှုပ်ရှားမှု အလွန်နည်းသူများ
-​ဆေးလိပ်​သောက်သူများ

အစရှိသူ​တွေမှာ အဖြစ်များ​လေ့ ရှိကြပါတယ်။

​​ရောဂါလက္ခဏာများ

-ခါးနာ ခါးကိုက်ခြင်း
-တင်ပါးစုံက​နေ ​ခြေသလုံး ​ခြေဖဝါးအထိ ​နေရာသတ်သတ်မှတ်မှတ်မရှိဘဲ ကြိုးအရှည်ကြီး ထိုးထည့်ထားသလို နာကျင် ကိုက်ခဲခြင်း ( Sciatica Pain )
-​ပေါင်၊ ​ခြေသလုံးနှင့် ​​ခြေထောက်တို့တွင် ထုံခြင်းကျဥ်ခြင်း
-​​ပေါင်၊ ​ခြေသလုံး၊ ​ခြေ​ထောက် တခုခုတွင် အားနည်းခြင်း ( ​လှုပ်ရှားမှု​လျော့ခြင်း၊ မလှုပ်ရှားနိုင်ခြင်း၊ ဖိနပ်မစီးနိုင်ခြင်း၊ မတ်တပ်မရပ်နိုင်ခြင်း၊ လမ်းမ​လျှောက်နိုင်ခြင်း )
-ဆီးဝမ်း မထိန်းနိုင်ခြင်း ၊ ဆီးဝမ်း မသွားနိုင်ခြင်း ( ရှားပါး ၊ အ​ရေး​ပေါ်ကုသရန် လိုအပ် ) တို့ကို ခံစားရလေ့ ရှိကြပါတယ်။

ခါး၊ ပေါင်၊ ခြေသလုံး နာကျင်ကိုက်ခဲ ခံစားရလေ့ရှိသည့်ပုံစံ

ကုသနည်းများ

ခါးဆစ်ရိုးနုကျွံလို့ နာကျင်ကိုက်ခဲလာပြီဆိုရင်

၁- ​ဆေး​သောက်ခြင်း

-နားနား​နေ​နေ ​နေရပါမယ်။
-အရမ်းဆိုးလျှင် အိပ်ယာထဲမှာ ၂-ပတ်အထိ လဲ​လျောင်း အနားယူရပါမယ်။
-အကိုက်အခဲ ​ပျောက်​ဆေး​တွေ ​သောက်ရပါမယ်။
-သက်သာလာလျှင်​တော့ ပုံမှန်သွားလာမှု​တွေ လုပ်​ပေးလို့ရ​ပေမယ့် ခါး​ကော့ခြင်း၊ ခါးကုန်းခြင်း၊ ​​ခါးစောင်းခြင်း၊
ခါးလှည့်ခြင်းတို့ကို လုပ်လို့မရ​သေးပါ။
လူနာအများစုက​​တော့ ဆေး​သောက်ပြီး နားနား ​နေ​နေ ​နေခြင်းဖြင့် ​ရောဂါလက္ခဏာ​တွေ ၃-၄ပတ်အတွင်းမှာ သက်သာသွား​လေ့ရှိပြီး ၃-၄ လအကြာမှာ ​ပျောက်သွား​လေ့ရှိပါတယ်။

၂-ခါးဆစ်ရိုးအတွင်းသို့ ​ဆေးထိုးခြင်း ( Epidural steroid injection )

-နားနား​နေ​နေ​ ​နေခြင်း ၊ ​​သောက်ဆေး​တွေ ​သောက်​နေလျက်နဲ့ ၆ ပတ်​ကျော် ကြာသည် အထိမသက်သာလျှင်​တော့ Depo-Medrol လို့​ခေါ်တဲ့ Steroid ​ဆေးကို ခါးဆစ်ရိုးထဲ ( Epidural space ) ထိုး​ပေးမှ သက်သာသာပါလိမ့်မယ်။

၃-ခွဲစိပ်ကုသခြင်း( Discectomy or Laminectomy )

-​ခြေ​ထောက်၏အစိတ်အပိုင်းတခုတွင် အားနည်းခြင်း ( ​​ခြေ​ထောက် မ​ကော့နိုင်ခြင်း၊ ဖိနပ်မစီးနိုင်ခြင်း )
-လမ်းမ​လျှောက်နိုင်​တော့ခြင်း
-ဆီးဝမ်း မထိမ်းနိုင်​တော့ခြင်း၊ ဆီးဝမ်း မသွားနိုင်ခြင်း
ဒါ​တွေ ဖြစ်​နေပြီဆိုလျှင်​တော့ MRI လို့ ​ခေါ်တဲ့ သံလိုက်ဓါတ်မှန်ရိုက်ပြီး မဖြစ်မ​နေ ခွဲစိပ်ကုသရပါမယ်။
အထက်ပါလက္ခဏာ​တွေ ခံစား​နေရပြီဆိုလျှင်​တော့ အ​​ရေး​ပေါ် ခွဲစိပ်ကုသမှ သက်သာပါလိမ့်မယ်။

MRI သံလိုက်ဓါတ်မှန်ရိုက်လျှင် တွေ့ရမည့် ကျွံထွက်နေသော အရိုးနုပြား ပုံစံများ

ခါးနာ ခါးကိုက် ​ရောဂါမှ ကင်း​ဝေးကြပါ​စေ၊ ခွဲစိပ်ကုသမှုအန္တရာယ်မှ ကင်း​ဝေးကြပါ​စေဟု ရည်သန်လျှက်

မှတ်ချက်။ ။​အောက်က link ထဲမှာ ခါးဆစ်ရိုးနု ပျက်စီးပုံ Video file နဲ့ ​ရောဂါ သက်သာ​ရေးအတွက်​လေ့ကျင့်ခန်းနှင့် ​နေထိုင်နည်း​တွေပါတဲ့ Video files ​တွေ ပါပါ​သေးတယ်။ကြည့်ပါက အကျိုးရှိပါမည်။

Dr Fleming

https://orthoinfo.aaos.org/en/diseases–conditions/herniated-disk-in-the-lower-back/

Scroll to Top