ကြောက်စရာ​ကောင်းတဲ့ ဆင်​ခြေ​ထောက်

ဆင်​ခြေ​ထောက်​ရောဂါကြားဖူးကြတယ်မလား။ ​တွေ့​ကော ​တွေ့ဖူးကြရဲ့လား။ ​တွေ့ဖူးသူရှိမယ်ထင်သလို မ​တွေ့ဖူးသူလည်း များကြမယ်ထင်ပါတယ်။ ကျ​နော်ကတေ့ ​တွေ့ဖူးပါတယ်။ 2017 ခုနှစ်က ကျိုက်ထီးရိုးဘုရား သွားခဲ့တဲ့အခါ ဆင်​ခြေ​ထောက်​ရောဂါသည်တွေကို ​တွေ့ခဲ့ရတာပါ။ ဆင်​ခြေ​ထောက်​ရောဂါရှင်တွမှာ ​ခြေလက်​တွေက ဆင်​တွေရဲ့​ခြေ​ထောက်​တွေကဲ့သို့ ကြီးမားတုတ်ခိုင်သွားကြတာပါ။ ကျ​နော်တို့ မြန်မာပြည်မှာလည်း ဆင်​ခြေ​ထောက်​ရောဂါကာကွယ်​ဆေးဆိုပြီး ​ကျောင်း​တွေ၊ အ​ဆောင်​တွေ နဲ့ ရပ်ကွက်​တွေမှာ ​ဆေး​တွေ လိုက်လံ​ဝေငှတာ​တွေ ရှိကြပါတယ်။ WHO ရဲ့မှတ်တမ်းများအရ ကမ္ဘာ​ပေါ်မှာ ဆင်​ခြေ​ထောက်​ရောဂါပိုး ကူးစက်ခံရနိုင်​ခြေရှိသူ ၈၈၂ သန်း၊ ​ရောဂါပိုးကူးစက်ခံထားရသူ ၅၁ သန်း နဲ့ ​ရောဂါလက္ခဏာများ ခံစား​နေရသူ ၃၆ သန်းလို့ ထုတ်ပြန်ထားတာကြည့်ရင် ​တော်​​တော်ကြောက်ဖို့ ​ကောင်းပါတယ်။

ဆင်​ခြေ​ထောက်​ရောဂါဆိုတာ ဘယ်လို​​​ရောဂါလဲ

ဆင်​ခြေ​ထောက်​ရောဂါကို Lymphatic Filariasis သို့မဟုတ် Elephantiasis လို့​​​ခေါ်ပါတယ်။ Lymphatic vessels ​တွေမှာ Adult Wuchereria bancrofti ​တွေ​ပိတ်ဆို့ခြင်း​ကြောင့် ​​ခြေလက်​တွေ​ရောင်ကြီးလာပြီး ဆင်​ခြေ​ထောက်​တွေလို ကြီးလာလို့ ဆင်​ခြေ​ထောက်​ရောဂါလို့ ​ခေါ်ဆိုကြခြင်းဖြစ်ပါတယ်။

အရွယ်ရောက်ဆင်​ခြေ​ထောက်ရောဂါပိုး အမကောင်နှင့် အထီးကောင် ပုံများ

ဘာ​ကြောင့်ဖြစ်ရတာလဲ

Culex လို့​ခေါ်တဲ့ ခြင်မ အကိုက်ခံရတဲ့အခါ ဆင်​ခြေ​ထောက်​ရောဂါဖြစ်​​စေမယ့် Wuchereria bancrofti ရဲ့ Third stage larva သား​လောင်း​လေး​တွေ လူ​တွေရဲ့ခန္ဓာကိုယ်ထဲ​ရောက်လာကြပါတယ်။ W. bancrofti အပြင် Brugia malayi နဲ့ Brugia timori တို့ကလည်း ဆင်​ခြေ​ထောက်​ရောဂါဖြစ်​စေတဲ့ကပ်ပါးပိုး​ကောင်​တွေပါပဲ။ သူတို့ဝင်လာတဲ့အခါ ​သွေး​ကြောထဲက​နေ ပြန်ရည်​ကြော ( Lymph vessel ) ထဲ​ရောက်လာပြီး ပြန်ရည်​ကြော​တွေကို ​ရောင်ရမ်း​စေကာ ချမ်းတုန်ဖျားခြင်း၊ အင်ပြင်ထ၍အ​ရေပြားယားယံခြင်းများ ဖြစ်​စေပါတယ်။ ဒီအ​တောအတွင်း လူ့ခန္ဓာကိုယ်ထဲမှာ ​သား​လောင်းဘဝမှ အ​ကောင်ကြီး​တွေဖြစ်လာကာ အထီး​ကောင် နှင့် အ​မ​ကောင်တို့​ပေါင်းစပ်ပြီး Microfilaria ​တွေ ​ပေါက်ဖွားလာကြပါတယ်။ အရွယ်​ရောက်အမ​ကောင် က ၃-၄ လက်မအထိရှည်နိုင်ပြီး လုံးပတ်က၀.၂၅ မီလီမီတာ​လောက်ရှိပါတယ်။ အရွယ်​ရောက်အထီး​ကောာင်က​တော့ ၁-၂ လက်မအထိရှည်နိုင်ပြီး လုံးပတ်က ၀.၁ မီလီမီတာ​လောက်ပဲရှိပါတယ်။ သူတို့က လူ့ခန္ဓာကိုယ်ထဲမှာ ၁၅ နှစ်​လောက်အထိအသက်ရှင်နိုင်ကြပါတယ်။ အဲဒီ Microfilaria ပိုးတွေ ​ပြန်ရည်ကြိတ်၊ ပြန်ရည်​ကြောထဲမှ သွေး​​ကြောတွေထဲ ​ရောက်ရှိသွားပြီး ခြင်က လူကိုလာကိုက်တဲ့အခါ ခြင်​တွေထံ ​ရောဂါပိုးထပ်မံ​ကူးစက်ရောက်ရှိသွားကြပါတယ်။ အဲလိုပုံစံနဲ့ ဒီ​ရောဂါက သံသရာ လည်​နေတာဖြစ်ပါတယ်။ ခြင်ကိုက်လို့ လူခန္ဓကိုယ်ထဲဝင်လာတဲ့အ​ကောင်​တွေကြီးလာပြီး နှစ်ရှည်လများကြာလာတဲ့အခါ ပြန်ရည်​ကြော​တွေ ပိတ်ဆို့လာပြီး အ​ရေပြား​တွေထူထဲ​ယောင်ယမ်းလာပါတယ်။​နောက်ဆုံး ဆင်​ခြေ​ထောက်​တွေလို ကြီးမားလာပြီး ​ကွေးမရ ဆန့်မရ​တာတွေ ဖြစ်လာတာဖြစ်ပါတယ်။ မှတ်ထားဖို့က ​ရောဂါပိုးပါတဲ့ခြင်အကိုက်ခံရလို့ ​ရောဂါဖြစ်တာဆိုတာပါပဲ။ လူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ Microfilaria အ​ကောင်​ပေါက်​လေး​တွေသည်လည်း လူကို ခြင်လာကိုက်တဲ့အခါ ခြင်ကို ​ရောဂါပိုး ကူးစက်သွားပြန်တာပါပဲ။ ဒီ​ရောဂါက အသက်အရွယ်မ​ရွေး၊ ကျားမ မ​ရွေး ကူးစက်ခံရနိုင်ပါတယ်။ အရပ်​​ဒေသအားဖြင့်​တော့ဒီခြင်​တွေက အပူပိုင်းဇုံ နဲ့သမပိုင်းဇုံ​တွေမှာ ​ပေါက်ဖွား​နေထိုင်ကြ​လေ့ရှိတာ​ကြောင့် အာဖရိက၊ အ​ရှေ့​တောင်အာရှ၊ အိန္ဒိယ နဲ့ ​တောင်အ​မေရိက နိုင်ငံ​တွေက လူ​တွေ အဖြစ်များကြပါတယ်။

လူနှင့်ခြင်တွင် ဆင်​ခြေ​ထောက်ရောဂါပိုး သံသရာလည်နေပုံ

ရောဂါလက္ခဏာများ

ဒီ​ရောဂါက နှစ်ရှည်လများ ကြာလာမှသာဆင်​ခြေ​​ထောက်​တွေကဲ့သို့ ​ခြေလက်​တွေကြီးလာတဲ့အဆင့်​ရောက်​ပေမဲ့ အ​စောပိုင်းအဆင့်​တွေမှာ ​ရောဂါလက္ခဏာ​တွေ သိသိသာသာ ပြ​လေ့မရှိပါဘူး။ ပြတတ်တဲ့လက္ခဏာ​တွေက​တော့
-ပြန်ရည်​ကြော၊ ပြန်ရည်ကြိတ်များ​ရောင်ရမ်း၍ ချမ်းတုန်ဖျားခြင်း
-အင်ပြင်ထ၍ အ​ရေပြားယားယံခြင်း ဒီအဆင့်မှာ​တော့ ​ရောဂါကို အချိန်မှီကုသလိုက်လျှင် ​ရောဂါ​ပျောက်ကင်းသွားမှာဖြစ်ပါတယ်။
-Non-pitting oedema လို့​ခေါ်တဲ့ ​ခြေလက်များ​ဖော​​ရောင်ခြင်း ( အ​ရေပြားကို ဖိနှိပ်ကြည့်​သော်လည်း မချိုင့်ဝင် )
-အ​ရေပြားများ မာ​ကြောထူထဲကြမ်းတမ်းပြီး မဲနက်လာခြင်း
-​ခြေလက် နို့အုံ စသည်များ ​ဖော​ရောင်ကြီးမားလာခြင်း၊ ဆင်​ခြေ​ထောက်များကဲ့သို့ ကြီးမားတုတ်ခိုင်လာခြင်း ဒီလက္ခဏာ​တွေဖြစ်လာပြီဆိုလျှင်​တော့ နဂိုပုံမှန်အတိုင်း ပြန်ဖြစ်​အောင် ကုသလို့မရ​တော့ပါဘူး။
​​-မျိုးပွားအင်္ဂါများကြီးထွားလာခြင်း
-အမျိုးသားများတွင် ​​​ရေမုတ္တ​ဘော ( ဆင်မုတ္တ )များဖြစ်လာခြင်း (ဒါက​တော့ခွဲစိပ်ကုသလို့ရပါ​သေးတယ် )

ရောဂါစစ်​ဆေးနည်းများ

​စစ်​ဆေးနည်းက​တော့ ဓါတ်ခွဲခန်းမှာ သွေးဖောက်ပြီးစစ်​ဆေးရပါတယ်။ ည ၁၀ နာရီမှ မနက် ၄ နာရီ အတွင်း​ဖောက်ပြီး Microscope နဲ့စစ်​ဆေးကြည့်လို့ Microfilaria ​တွေ့ရင် ဆင်​ခြေ​ထောက်​ရောဂါပိုးရှိ​နေတာ ​သေချာပါပြီ။ ၃ ည ဆက်တိုက်စစ်ရပါမယ်။
FTS လို့​ခေါ်တဲ့ ( Alere Filariasis test strip ) လွယ်ကူမြန်ဆန်စွာ စစ်​ဆေးလို့ရတဲ့ kit ​တွေလည်းရှိပါတယ်။

Microscrope ဖြင့်စစ်ဆေးတွေ့ရသောဆင်​ခြေ​ထောက်​ရောဂါပိုး
သွေးထဲတွင်တွေ့ရသောာဆင်​ခြေ​ထောက်​ရောဂါပိုးပုံ

ကုသမှုနည်းလမ်းများ

-​သွေးစစ်​ဆေးလို့ ​ရောဂါ​တွေ့ပြီ၊ ​သေချာပြီဆိုလျှင်​တော့ DEC ( Diethylcarbimazine ) ​ဆေးကို တ​စ်​နေ့ ၃ကြိမ် ၁၂ ရက်​သောက်ရပါမယ်။
-WHO ရဲ့ ဆင်​ခြေ​ထောက်​ရောဂါပ​ပျောက်​ရေး အစီအစဥ်မှာ​တော့ ၅နှစ်​ကျော်ကြာ လူအစုလိုက်အပြုံလိုက်ကာကွယ်​ဆေးတိုက်​ကျွေး​ရေး ( MDA ) အစီအစဥ်ရှိပါတယ်။ ​ဒေသအ​​ပေါ်မူတည်ပြီး ​ဆေးအုပ်စု ၃ စုရှိပါတယ်။ အဲဒါ​တွေက​တော့
၁-Albendazole နဲ့ Ivermertin
၂-Albendazole နဲ့ DEC
၃- Albenazole၊ DEC နဲ့ Ivermertin တို့ဖြစ်ပါတယ်။ ​ဒေသအလိုက် သတ်မှတ်ချက်အတိုင်း ​သောက်ရမှာဖြစ်ပါတယ်။

ကာကွယ်ရန်နည်းလမ်းများ

WHO ကသတ်မှတ်ထား​သော ​ဒေသဆိုင်ရာ MDA ရဲ့​ဆေးများကို အချိန်မှန် ​​​သောက်ပါ။
-ခြင်​ပေါက်ဖွားနိုင်​သော ​နေရာများကို ဖယ်ရှားရှင်းလင်းပါ။
-ခြင်အကိုက်ခံရနိုင်​ချေရှိပါက ခြင်​ထောင်ဖြင့်အိပ်ပါ။ အင်္ကျီရှည်၊ ​ဘောင်းဘီရှည်များဝတ်ဆင်ပါ။
-ခြင်လူး​ဆေးများအသုံးပြုပါ။
-မိမိတွင် ဆင်​ခြေ​ထောက်​ရောဂါကူးစက်ခံ​နေပြီဟုယူဆလျှင် စစ်​ဆေးမှုနှင့် ကုသမှုခံယူပါ။
-​ရောဂါကူးစက်ခံနိုင်​ချေမြင့်မား​သော​ဒေသသို့ ကာလကြာရှည် ​နေထိုင်ရမည်ဆိုပါက ကာကွယ်ဆေးကြိုတင်​သောက်ပါ။ ဆင်​ခြေ​ထောက်​ရောဂါကာကွယ်နိုင်ကြပါ​စေ၊ မိမိတွင်ဆင်​ခြေ​ထောက်​ရောဂါကူးစက်ခံရပြီဟုယူဆမိလျှင်​သေချာစွာ စစ်​ဆေးကုသမှု ခံယူနိုင်ပါ​စေဟု ရည်ရွယ်လျှက်

Dr Fleming

References

https://www.healthline.com/health/elephantiasis#diagnosis
https://mectizan.org/diseases/lf-2/
https://microbenotes.com/wuchereria-bancrofti-habitat-morphology-and-life-cycle/
https://www.cdc.gov/filarial-worms/hcp/clinical-care/index.html

Scroll to Top