ကာလဝမ်း​ရောဂါ ( Cholera ) အ​ကြောင်း သိ​ကောင်းစရာများနှင့် ကမ္ဘာ့ကပ်​ရောဂါ အသွင် ဖြစ်ပွားခဲ့မှုများ

ကာလဝမ်း​ရောဂါဆိုတာ Vibrio Cholera ​ဘက်တီးရီးယား ရောဂါပိုး​ကြောင့် ဝမ်းပျက်ဝမ်း​လျှောဖြစ်တာကို ဆိုလိုပါတယ်။ ဝမ်းပျက်ဝမ်း​လျှောဖြစ်တိုင်း ကာလဝမ်း​ရောဂါမဟုတ်ပါ။ ဝမ်း​ပျက်ဝမ်း​လျှော​စေတဲ့ အခြား​ရောဂါပိုး​တွေလည်းရှိပါ​သေးတယ်။ WHO ရဲ့မှတ်တမ်းများအရ ကမ္ဘာ​ပေါ်မှာ နှစ်စဥ် ကာလဝမ်း​ရောဂါဖြစ်ပွားမှုက ၁.၃ သန်း နဲ့ ၄ သန်းကြား ဖြစ်​နေပြီး နှစ်စဥ် ၂၁၀၀၀ နဲ့ ၁၄၃၀၀၀ ကြား​သေဆုံး​နေကြပါတယ်။

ကာလဝမ်း​ရောဂါက တစ်ကမ္ဘာလုံးကပ်​ရောဂါအသွင်နဲ့ ဖြစ်တာ ၇ ကြိမ်​မြောက်ရှိ​နေပါပြီ။ ခရစ်နှစ် ၁၈၁၇ က​နေစတင်ဖြစ်ပွါးလာခြင်းဖြစ်ပါတယ်။ အခုလက်ရှိ ၇ ကြိမ်​မြောက် ကပ်​ရောဂါက ၁၉၆၁ က​နေ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခုချိန်ထိ မပြီး​သေးဘဲ ကမ္ဘာ​ပေါ်မှာ ဆက်လက်ဖြစ်ပွား​နေဆဲပါ။

ဒီ​ရောဂါက စစ်မက်ဖြစ်ပွား​နေတဲ့နိုင်ငံ​တွေ၊ ဆင်းရဲမွဲ​တေ​နေတဲ့နိုင်ငံ​တွေ၊ ရုတ်တရက်သဘာဝ​ဘေးအန္တရာယ်ကျ​ရောက်​နေတဲ့ (​ရေကြီး ​ရေလျှံ၊ ငလျင်ဒဏ် ) နိုင်ငံ​တွေမှာ အစားအ​စာနဲ့ရေ သန့်ရှင်း​ရေးအတွက် အချိန်မ​ပေးနိုင်တာ​ကြောင့် ကပ်​ရောဂါ ဖြစ်နိုင်​ချေများပါတယ်။

ကာလဝမ်း​ရောဂါနဲ့ပတ်သက်ပြီး သမိုင်း​ကြောင်းကို ပြန်ကြည့်ရလျှင်

-ပထမဆုံးအကြိမ်မှ ခရစ်နှစ် ၁၈၁၇ မှာ အိန္ဒိယနိုင်ငံမှာစတင်ဖြစ်ပွားပြီး အင်္ဂလိပ်စစ်သား တစ်​သောင်း နှင့် အိန္ဒိယ လူမျိုး သိန်းချီ​သေဆုံးခဲ့ပါတယ်။ ကိုးရီးယားမှာတင် လူတစ်သိန်းခန့် ​သေဆုံးပါတယ်။အိန္ဒိယမှ တရုတ် အ​ရှေ့​တောင်အာရှနှင့် ဥ​ရောပကက်စ်ပီယံပင်လယ်​ဒေသအထိ ကူးစက် ပျံ့နှံ့ခဲ့ပြီး ၇ နှစ်အကြာ ၁၈၂၄ မှာအဆုံးသတ်သွားခဲ့ပါတယ်။
-ဒုတိယအကြိမ် အ​နေနဲ့ ၁၈၂၆ မှ ၁၈၃၇ အထိ ၁၁ နှစ် ကြာဖြစ်ပွားခဲ့ပြန်ပါတယ်။ ဒုတိအကြိမ်အတွင်းမှာ ရုရှ၊ ဟန်​ဂေရီနှင့် ဂျာမဏီ၊ အင်္ဂလန်၊ ပြင်သစ်နှင့် အ​မေရိက အထိ ​ရောက်ရှိသွားပြီး လူသန်းချီ ​သေဆုံးခဲ့ပြန်ပါတယ်။
-၁၈၄၆ မှ ၁၈၆၀ အထိ တတိယအကြိမ်
-၁၈၆၃ မှ ၁၈၇၅ အထိ စတုတ္ထအကြိမ်
-၁၈၈၁ မှ ၁၈၉၆ အထိ ပဥ္စမအကြိမ်
-၁၈၉၉ မှ ၁၉၂၃ အထိ ဆ​ဌမအကြိမ်
-၁၉၆၁ မှ ယ​နေ့အချိန်ထိ သတ္တမအကြိမ် အဖြစ် ဆက်လက်ဖြစ်ပွား​နေဆဲပါ။
၁၈၇၉ ​နောက်ပိုင်းမှသာလျှင် ကာလဝမ်း​ရောဂါဟာ Vibrio Cholera ဘက်တီးရီးယားပိုး​ကြောင့် ဖြစ်ကြတယ် ဆိုတာကို သိလာရပြီး ကာကွယ်​ဆေး​တွေလည်း ထွက်​ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီ​ရောဂါရဲ့ သမိုင်းအ​ထောက်အထားကို ကြည့်ခြင်းအားဖြင့် လူသား​တွေအတွက် မည်မျှအန္တရာယ်ရှိ​ကြောင်း သိရှိရမှာ ဖြစ်သလို ဒီ​ရောဂါကို တွန်းလှန်တိုက်ဖျက်ဖို့ လိုအပ်​နေ​သေးတယ်ဆိုတာကို ​​တွေ့ကြရမှာပဲ ဖြစ်ပါတယ်။

Vibrio Cholera ​ရောဂါပိုးဆိုတာ

Choleraဝမ်း​ရောဂါပိုးက မိုက်ကရိုစကုပ်နဲ့ကြည့်လျှင် ဒီလိုပုံဖော်လို့ရပါတယ်။

ရောဂါပိုးကိုယ်ထဲက CTX၊ TCP၊ Accessory Toxins၊ MARTX၊ Zot၊ Ace နဲ့ အခြား Toxins ​တွေထုတ်ပြီး လူတွေကို ဝမ်းပျက်ဝမ်း​လျှော​​ရောဂါကို ဖြစ်​စေတာပဲ ဖြစ်ပါတယ်။
ဒီပိုးက ​ရေထဲမှာရှင်သန်​ပေါက်ဖွားတာဖြစ်ပြီး အစာလမ်း​ကြောင်းမှတဆင့် ကူးစက်ခံရပါတယ်​။ ဒါ​ကြောင့် ​​သောက်​ရေသုံး​ရေ မသန့်လျှင် ၊ အစားအ​စာများ မသန့်ရှင်းလျှင် ​ရောဂါပိုးကူးစက်ခံကြရတာပါ။

ကူးစက်နည်းများ

-​ရောဂါပိုးပါ​သော​ရေ​သောက်ရာမှတဆင့်
-အသီးအရွက် ​သေချာမ​ဆေး​ကြောဘဲ အစိမ်းစားမိရာမှတဆင့်
-ပင်လယ်စာများ အစိမ်းစားခြင်း၊ ​သေချာမချက်ပြုတ်ဘဲစားမိရာမှတဆင့် ကူးစက်ခံကြရတာပါ။

ကူးစက်ခံရနိုင်​ခြေရှိသည့်အ​ခြေအ​နေများ

လူတိုင်း​ရောဂါပိုးကူးစက်ခံရနိုင်​ပေမယ့်
-​သောက်သုံး​ရေ သန့်ရှင်းမှု မရှိသည့် ​နေရာ​ဒေသများ
-မိသားစုထဲတွင်/ပတ်ဝန်းကျင်တွင် ကာလဝမ်း​ရောဂါဖြစ်ပွား​နေသည့်အ​ခြေအ​နေများ
-အစာအိမ်ထဲတွင် အက်ဆစ်နည်း​နေသူများ/ အစာအိမ်​ဆေး( Omeprazole၊ Cimetidine ) ​သောက်သုံး​နေရသူများ
-​သွေးအုပ်စု ‘ O ‘ သမားများ
-အသားငါး၊ အသီးအရွက်များ ​သေချာစွာ မချက်ပြုတ်ဘဲ စားသူများက ပိုမိုကူးစက်ခံရပြီး ပြင်းထန်နိုင်ကြပါတယ်။

​ရောဂါလက္ခဏာများ

ရုတ်တရက် ဝမ်းပျက်ဝမ်း​လျှော ခံစားရပါမယ်။ ပျို့မယ် အန်မယ် ဒါ​တွေခံစားကြရပါမယ်။ ​​ရေဓါတ်ဆုံးရှုံးမှုများလာတဲ့အခါ
-​မောပန်းနွမ်းနယ်ခြင်း
-​ရေအရမ်းဆာ​လောင်ခြင်း
-အာ​ခေါင်​ခြောက်လာခြင်း
-အ​ရေပြားကို ဆွဲကြည့်​သောအခါ ရှုံ့တွ​နေခြင်း၊
-ဆီးနည်းခြင်း
-​သွေး​ပေါင်ချိန်ကျဆင်းခြင်း စတာ​တွေ ခံစားကြရပြီး အချိန်မှီ ကုသမှု မရရှိလျှင် အသက်အန္တရာယ် ​သေဆုံးနိုင်ပါတယ်။ ပြင်းထန်​သော ကာလဝမ်း​ရောဂါခံစား​နေရသူတချို့ဆိုလျှင် နာရီပိုင်းအတွင်းမှာပင် ​သေဆုံးနိုင်ပါတယ်။

ကုသမှုများ

ဝမ်းပျက်ဝမ်း​လျှောဖြစ်တိုင်း မဖြစ်မ​နေ လုပ်ရမှာက ဓါတ်ဆားရည် ( ORS ) ကို မဖြစ်မ​နေ တိုက်​​ပေးရမှာပါ။ အန်လွန်း​နေလျှင် အ အန် သက်သာ​အောင် ​ဆေးထိုး​ဆေး​သောက်လုပ်ရပါမယ်။ ဓါတ်ဆား​ရေမဝင်သူ​တွေ၊ ဝမ်းတအား သွား​နေသူ​တွေနဲ့ ​သွေး​ပေါင်ကျဆင်း​နေသူ​တွေကို​တော့ Normal saline သွင်း​ပြီးခံယူရမှာပါ။ ကာလဝမ်း​ရောဂါက ဘက်တီးရီးယား​ကြောင့် ဖြစ်တာဆို​တော့ ပိုးသတ်​ဆေး ( Antibiotic ) ကို မှန်ကန်စွာ ​ဆေးပတ်လည်​အောင် ​သောက်ရမှာဖြစ်ပါတယ်။ ပိုးသတ်​ဆေးကို​တော့ ဆရာဝန်နဲ့ ကျန်းမာ​ရေးဝန်​ဆောင်မှုပေး​နေသူ​တွေက ညွှန်ကြား​ပေးပါလိမ့်မယ်။ ဒါ​ကြောင့် ဝမ်းပျက်ဝမ်း​လျှော​ရောဂါ ဖြစ်လို့ ဓါတ်ဆားရည် ​သောက်​​ပေမဲ့ မသက်သာတဲ့အခါ နီးစပ်ရာ ကျန်းမာ​ရေးဌာန​တွေကို အချိန်မှီ သွား​ရောက်ပြသင့်ပါတယ်။

​ရောဂါ ဘယ်လိုရှာ​ဖွေရသလဲ

ဝမ်းပျက်ဝမ်း​လျှော​ရောဂါဖြစ်​တဲ့ ပိုး​တွေ အများအပြားရှိတာ​ကြောင့် ဝမ်း​လျှောဝမ်းပျက်ဖြစ်တဲ့အခါတိုင်းကာလဝမ်း​ရောဂါ မဟုတ်ပါဘူး။ ရောဂါခံစား​နေရသူရဲ့ ဝမ်း၊ မစင်ကို ဓါတ်ခွဲစစ်​ဆေးကြည့် ( Stool RE ) ​သောအခါ ကာလဝမ်း​ရောဂါဖြစ်​စေတဲ့ Vibrio Cholera ကို​တွေ့လျှင် ကာလဝမ်း​ရောဂါ ​သေချာပြီပဲ ဖြစ်ပါတယ်။ ကာလဝမ်း​ရောဂါက ​​နေရာ​ဒေသတစ်ခုမှာ ကပ်​ရောဂါအသွင်ဖြစ်​နေပြီဆိုလျှင်​တော့ သက်ဆိုင်ရာအဖွဲ့က ​ရောဂါဖြစ်​နေသူအချို့ကို Stool RE စစ်​ဆေးပြီး အတည်ပြု ​ကြေငြာချက်ထုတ်ပြန်ကာ ကပ်​ရောဂါအဖြစ်သတ်မှတ်လျှင်​တော့ အခြားသူများကို Stool RE စစ်​​ဆေးမှု မလို​တော့ပါဘူး။ အောက်ပါပုံတွေကတော့ Microscope နဲ့စစ်ဆေးကြည့်လျှင် တွေ့ရတဲ့ ပုံတွေဖြစ်ပါတယ်။

ကာကွယ်ခြင်းနည်းလမ်းများ

-လက်ကို မကြာခဏ ​သေချာစွာ ​ဆေး​ကြောပါ။
-အစားအစာပြင်ဆင်တဲ့အခါတိုင်း နဲ့ အစာမစားမှီတိုင်း လက်ဆေးပါ။
-ကျိုချက်ထား​သော ​ရေကိုသာ ​သောက်သုံးပါ။ (​ရေသန့်)
-မကျိုချက်နိုင်လျှင် ကလိုရင်း ( Chlorine ) ဖြင့်ပိုးသတ်ထား​သော ​ရေကို ​သောက်သုံးပါ။
-နို့နှင့် နို့ထွက်ပစ္စည်များကို ​ရှောင်ကြဥ်ပါ။
-ပင်လယ်စာများကို အစိမ်းစားခြင်းမှ ​ရှောင်ကြဥ်ပါ။ ​သေချာချက်ပြုတ်ပြီးမှ စားပါ။
-အသီးအရွက်များကို အစိမ်းစားခြင်းမှ ​ရှောင်ကြဥ်ပါ။အစိမ်းစားမည်ဆိုပါက အခွံလှီး၍စားပါ။

ကာကွယ်​ဆေးများ

ကာလဝမ်း​ရောဂါ ကပ်​ရောဂါဖြစ်ပွား​နေတဲ့​နေရာ​ဒေသ​တွေကို သွားရန်လိုအပ်တဲ့အခါ ​သောက်သုံးရပါမယ်။
WHO က ကာလဝမ်း​ရောဂါ ကာကွယ်​ဆေး ​သောက်​ဆေး ၃မျိုး လမ်းညွှန်ထားပါတယ်။
-Dukoral
-Euvichol-plus၊ Euvichol
-ShanChol စသည်တို့ဖြစ်ပါတယ်။ အ​မေရိကန်မှာ​တော့ Vaxchora ​သောက်​ဆေးတစ်မျိုးတည်းသာလျှင် သုံးခွင့်ပြုထားပါတယ်။

Global Task Force for Cholera Control က 2017 ခုနှစ်မှာ ချမှတ်ထားတဲ့ရည်ရွယ်ချက်က
‘ Ending Cholera: A Global Roadmap to 2030 ‘ ဖြစ်ပါတယ်။ ခရစ်နှစ် 2030 အ​ရောက်မှာ ကမ္ဘာ့နိုင်ငံ​ပေါင်း၂၀ မှ ကာလဝမ်း​ရောဂါ ကပ်​ရောဂါဖြစ်ပွားမှုများ အဆုံးသတ်နိုင်ဖို့နဲ့ ​ဒီရောဂါ​ကြောင့် ​သေဆုံးမှု ၉၀ ရာခိုင်နှုန်း ​လျှော့ချနိုင်ဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။
အားလုံး မိမိကိုယ်တိုင်ရော ၊ မိမိပတ်ဝန်းကျင်မှာပါ ကာလဝမ်း​ရောဂါ ကင်း​စင်ရန် နေထိုင်ကျင့်ကြံ နိုင်ပါဟု​စေရန် ဆန္ဒဖြင့်

Dr. Fleming
https://en.m.wikipedia.org/wiki/History_of_cholera
https://www.ncbi.nlm.nih.gov/pmc/articles/PMC10196187/
https://www.healthline.com/health/cholera#vaccine

Scroll to Top