ပြီးခဲ့တဲ့အပတ်က အမျိုးသမီးတွေမှာ သဘာဝကြောင့် အဖြူဆင်းတာတွေ ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ရောဂါကြောင့် အဖြူဆင်းခြင်းကို အသိပညာပေးဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ရောဂါကြောင့် အဖြူဆင်းတာတွေထဲကမှ Candida albican or yeast infection အကြောင်းဆွေးနွေးပေးသွားမှာပါ။
အမျိုးသမီးတွေရဲ့ ယောနိလမ်းကြောင်း မှာ Lactobacilli လို့ခေါ်တဲ့ Bacteria ပိုးတွေက သဘာဝကပ်ပါးပိုတွေအဖြစ် အဓိက ပေါက်ဖွားနေထိုင်ကြပြီး အခြား Bacteria ပိုးအချို့နဲ့ yeast or fungi လို့ခေါ်တဲ့ မှိုပိုးအချို့လည်း သဘာဝကပ်ပါးပိုးတွေ အဖြစ်နေထိုင်ကြပါသေးတယ်။ ယောနိလမ်းကြောင်းကို အက်ဆစ် ပတ်ဝန်းကျင်ဖြစ်နေအောင် Lactobacilli ပိုးတွေက Lactic acid ထုတ်ပေးပြီး ရောဂါ မဖြစ်အောင် ထိန်းပေးထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်က ဆွေးနွေးခဲ့တဲ့အတိုင်းပဲ အမျိုးသမီးတွေ ယောနိလမ်းကြောင်းက သွေးဓမ္မတာ မဆင်းဘဲ အခြားအရည်ဆင်းတဲ့အခါ ဆင်းတဲ့အရည်ရဲ့
-အရောင်အဆင်း
-အနံ့
-ပမာဏအနည်းအများ
-ယားယံမှုနှင့်ဆက်စပ်ခြင်း
-အရည် ပြစ်ကျဲမှု စေးကပ်မှု အနေအထား စတာတွေပေါ်သုံးသပ်ပြီး ပုံမှန် သဘာဝအဖြူဆင်းတာလား၊ ရောဂါပိုးကြောင့် ဆင်းတာလား၊ ရောဂါပိုးမဟုတ်တဲ့ရောဂါတွေကြောင့် ဆင်းတာလား ဆိုပြီး ခန့်မှန်းခွဲခြားလို့ ရပါတယ်လို့ ဆိုခဲ့တာ မှတ်မိကြမယ် ထင်ပါတယ်။
အမျိုးသမီးတွေ ယောနိလမ်းကြောင်းမှာ ဘာကြောင့် မှိုရောဂါ ဖြစ်ရတာလဲ
အကြောင်းတစ်ခုခုကြောင့် ယောနိလမ်းကြောင်းကို ကာကွယ်ပေးထားတဲ့ Lactobacilli တွေလျော့နည်းသွားပြီး Candida albican လို့ခေါ်တဲ့မှိုပိုးတွေ ပွားများလာတဲ့အခါ ယောနိမှိုစွဲရောဂါ ဖြစ်ပွားလာတော့ပါပဲ။ ရောဂါဖြစ်နိုင်တဲ့ အကြောင်းအရာတွေကတော့
-ဆီးချိုရောဂါရှိနေခြင်း
-ပဋိဇီဝဆေး ( Antibiotic ) ၁၀ ရက်အထက် အသုံးပြုရခြင်း
-ခုခံအားကျဆင်းနေခြင်း
-စိတ်ဖိစီးမှုများနေခြင်း
-ကိုယ်ဝန်ရှိနေခြင်း
-သန္ဓေတားဆေး သောက်နေရခြင်း စတဲ့အခြေအနေတွေပဲဖြစ်ပါတယ်။
ဘယ်လိုရောဂါလက္ခဏာတွေ ခံစားရမလဲ
-အမျိုးသမီးအင်္ဂါယားယံခြင်း
-အမျိုးသမီးအင်္ဂါမှ မလိုင်ဖတ်ကဲ့သို့ အဖြူများဆင်းခြင်း
-အမျိုးသမီးအင်္ဂါယောင်ရမ်းနာကျင်ခြင်း
-ဆီးပူခြင်း
-လိင်ဆက်ဆံစဥ်နာကျင်ခြင်း စတာတွေခံစားရမှာပဲ ဖြစ်ပါတယ်။
ကုသမှု
Candida မှိုပိုးကြောင့်ဖြစ်တာဆိုတော့ မှိုသတ်ဆေးတွေအသုံးပြုကုသရပါတယ်။ လိမ်းဆေး၊ သောက်ဆေး ဒါမှမဟုတ် အမျိုးသမီးအင်္ဂါထဲ ထည့်ရတဲ့ ဆေးတောင့် ကို ( ၁ ) ရက်မှ ( ၆ ) ရက်အထိ အသုံးပြုနိုင်ပါတယ်။ အသုံးပြုလို့ရတဲ့ မှိုပိုးသတ်ဆေး Antifungal တွေကတော့
-Clotrimazole
-Fluconazole
-Miconazole
-Butoconazole
-Terconazole စတာတွေထဲက တစ်မျိုးအသုံးပြုပြီး ကုသပေးလို့ရပါတယ်။
အမျိုးသမီးတွေရဲ့ဘဝမှာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကြုံတွေ့ရနိုင်တဲ့တဲ့ မှိုကြောင့် အဖြူဆင်းခြင်းကို ဗဟုသုတ အဖြစ် ရေးသားဖော်ပြလိုက်ပါတယ်။
Dr. Fleming
https://www.healthline.com/health/vaginal-yeast-infection#treatment