အမျိုးသမီးတွေမှာ ပျိုဖော်ဝင်မှစပြီး သွေးမဆုံးခင်အချိန်အထိ လစဥ်မီးယပ်သွေး ( ဓမ္မတာသွေး ) ပေါ်တာက ပုံမှန်ဖြစ်စဥ်ပါပဲ။ ကိုယ်ဝန်ဆောင်ချိန်နှင့် မီးဖွားပြီး ( ၆ ) လလောက်အထိ ကလေးနို့တိုက်နေစဥ်အတွင်း ရာသီသွေးမပေါ်တာကလည်း ပုံမှန်ဖြစ်စဥ်ပဲဖြစ်ပါတယ်။ နောက်တစ်ခု လူတွေအသိနည်းတာက မိန်းမသားတွေမှာအဖြူဆင်းတာက ရောဂါကြောင့်ချည်းမဟုတ်ဘဲ ပုံမှန် သဘာဝ ( ဟော်မုန်းများကြောင့် ) အဖြူဓမ္မတာကလည်း လစဥ်မဟုတ်ပေမဲ့ လများစွာမှာ သူ့ရက်နဲ့သူ သူ့အချိန်နဲ့သူ ဆင်းတတ်တယ်ဆိုတာပါပဲ။ အမျိုးသမီးတွေ အရွယ်ရောက် အပျိုဖော် အပျိုပေါက် ရောက်လာကြပြီဆိုတာနဲ့ ဟော်မုန်း အီစထရိုဂျင် ကြောင့် အမျိုးသမီးအင်္ဂါ ယောနိ မှာ သူရဲ့ သဘာဝကပ်ပါးကောင်တွေဖြစ်တဲ့ Lactobacilli ဘက်တီးရီးယားပိုးကောင်တွေက Lactic acid ထုတ်ပေးပြီး ယောနိလမ်းကြောင်းကိုအက်ဆစ် ပတ်ဝန်းကျင်ဖြစ်အောင်ထိန်းပေးထားပါတယ်။ အဲဒါမှသာ ယောနိလမ်းကြောင်းက ကျန်းမာသန့်ရှင်းနေမှာဖြစ်ပါတယ်။ Lactobacilli တွေနည်းသွားပြီ၊ Lactic acid တွေနည်းသွားပြီဆိုရင်တော့ ယောနိလမ်းကြောင်း ကျန်းမာရေးထိခိုက်ပြီး မူမမှန်တဲ့ အဖြူဆင်းတာတွေ ( အရောင်၊ အနံ့၊ အနည်းအများ ) ပြောင်းလဲလာပြီး ရောဂါခံစားစေရမှာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ရောဂါကြောင့်မဟုတ်တဲ့ ( Physiological vaginal discharge ) အဖြူဓမ္မတာ အကြောင်း ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
ကဲ.., ဒီတော့
မိန်းမသားတွေမှာ သဘာဝ ပုံမှန် ဓမ္မတာဆင်းနည်းကို လေ့လာကြည့်ကြရအောင်
အဖြူဆင်းတယ်ဆိုတာက အရည် ဆင်းတာပါပဲ။ ဒါကြောင့် အဖြူအရည်ရဲ့
-အရောင်အဆင်း
-အနံ့
-ပမာဏအနည်းအများ
-ယားယံမှုနှင့်ဆက်စပ်ခြင်း
-အရည် ပြစ်ကျဲမှု စေးကပ်မှု အနေအထား စတာတွေပေါ်သုံးသပ်ပြီး ပုံမှန် သဘာဝအဖြူဆင်းတာလား၊ ရောဂါပိုးကြောင့် ဆင်းတာလား၊ ရောဂါပိုးမဟုတ်တဲ့ရောဂါတွေကြောင့် ဆင်းတာလား ဆိုပြီး ခန့်မှန်းခွဲခြားလို့ ရပါတယ်။ ရောဂါကြောင့် အဖြူဆင်းတာတွေက အဖြူရောင်မဟုတ်ဘဲ အဝါရောင်၊ အစိမ်းရောင်တွေ ဆင်းစေတာအပြင် ယားယံမှုနဲ့ မခံနိုင်လောက်တဲ့ သဘာဝမဟုတ်တဲ့ အနံ့ပြင်းတာမျိုးတွေနဲ့ တွဲဖြစ်ပါတယ်။
အမျိုးသမီးတွေ ရာသီမလာခင်နှင့် ရာသီလာအပြီးတွေမှာ ရောဂါကြောင့်မဟုတ်ဘဲ ဟော်မုန်းတွေကြောင့်သဘာဝ အဖြူဆင်းတတ်ကြပါတယ်။ အဲဒီအခါမှာ အရည်က အဖြူရောင်ရှိပြီး ပျစ်ချွဲစေးကပ်နေကာ အနံ့ပြင်းတာမျိုး၊ အနံ့မခံနိုင်တာမျိုးတော့မရှိပါဘူး။ ယားယံမှုလည်း မရှိကြပါဘူး။ ဒီလိုအဖြူဆင်းတာက သဘာဝကြောင့် အဖြူဆင်းတာပါ။
အမျိုးသမီးတွေသားဥကြွေချိန် ( Ovulation ) မှာလည်း အဖြူဆင်းတတ်ကြပါသေးတယ်။ အချိန်ခန့်မှန်းခြေအားဖြင့် ရာသီသွေးလာပြီး နဲ့ နောက်ရာသီမလာခင် ( ၁၄ ) ရက်အကြာဝန်းကျင်မှာပဲဖြစ်ပါတယ်။ သားဥမကြွေခင်လေးအဆင့်မှာတော့ အရည်က ကြည်လင်နေပြီး ကျဲတဲတဲဖြစ်နေပါတယ်။ အမျိုးသမီးတွေ လိင်ဆက်ဆံချိန်မှာ ဖြစ်လာတဲ့ အရည်လိုပဲလို့ ဆိုပါတယ်။အကယ်၍ အိမ်ထောင်ရှိခဲ့ပြီးလိင်ဆက်ဆံမှုရှိခဲ့ရင် သန္ဓေအောင်ဖို့အတွက် သဘာဝက ဖန်းတီးပေးထားတဲ့အခြေအနေပါပဲ။ သားဥကြွေသွားပြီးချိန်မှာတော့ ပျစ်ခဲခဲ စေးကပ်ကပ်ဖြစ်သွားပါတယ်။ ဒီအခါမှာလည်း အဖြူဆင်းတာက ယားယံမှုတွေ၊ ပုံမှန်ထက်အနံ့ပြင်းတာတွေ၊ မခံနိုင်လောက်တဲ့အနံ့မျိုးတွေ မရှိကြပါဘူး။ ဒါကလည်း သဘာဝကြောင့် အဖြူဆင်းတာပဲ ဖြစ်ပါတယ်။
အမျိုးသမီးတွေအနေနဲ့ အဖြူဆင်းတာက အမြဲကြုံတွေ့နေရနိုင်တဲ့ အခြေအနေ တစ်ခုပါ။ ခုလည်းကြုံနေကြတယ်။ နောက်နောင်လည်း ကြုံနေကြဦးမှာပါ။ အဖြူဆင်းတဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ လူကြားသူကြားမှာ အနေခက် အနေရှက်ကြမှာပါပဲ။ ဒါတွေကို အမျိုးသမီးသုံးပစ္စည်းတွေ ခံဝတ်ကြပြီး ဖြေရှင်းလို့ရပါတယ်။
ဒါကြောင့် အသိပေးချင်တာကတော့ အဖြူဆင်းတိုင်းရောဂါကြောင့် မဟုတ်ပါ။ အဖြူဆင်းတိုင်း ဆရာဝန်နဲ့ ပြရန် မလိုအပ်ဘူးလို့ အသိပေးချင်တာပါ။ အဖြူဆင်းတာက အနံ့မဆိုးဘူး၊ ယားယံမှုတွေနဲ့ တွဲမနေဘူးဆိုရင် မိမိရာသီခွင်နဲ့ ညှိပြီး သဘာဝ အဖြူဓမ္မတာလား ရောဂါကြောင့်လားဆိုတာ ခန့်မှန်းနိုင်ကြပါစေဟု ရည်ရွယ်လျှက်
Dr. Fleming
https://gpnotebook.com/pages/gynaecology/physiological-normal-vaginal-discharge