ပြီးခဲ့တဲ့အပတ်တွေက မေးခိုင်ရောဂါအကြောင်း၊ ဆုံဆို့နာရောဂါအကြောင်းတွေရေးခဲ့ပြီးပြီဆိုတော့ အဲဒီရောဂါကာကွယ်ဆေးတွေနဲ့ အတူတူထိုးနှံရလေ့ရှိတဲ့ ကြက်ညှာချောင်းဆိုးရောဂါကာကွယ်ဆေးနဲ့ ကြက်ညှာချောင်းဆိုးရောဂါအကြောင်း ဗဟုသုတရစေရန် ရည်ရွယ်ရေးသားလိုက်ပါရစေခင်ဗျာ။
ကြက်ညှာချောင်းဆိုး ဘာကြောင့်ဖြစ်ရတာလဲ
ကြက်ညှာချောင်းဆိုးရောဂါက Bordetella Pertusis လို့ခေါ်တဲ့ ဘက်တီးရီးယား ရောဂါပိုး အကူးစက်ခံရလို့ ဖြစ်တဲ့ရောဂါပဲဖြစ်ပါတယ်။
ဘယ်လိုကူးစက်ခံရသလဲ
ကြက်ညှာချောင်းဆိုးရောဂါက အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်တဲ့အတိုင်းပဲ လေမှတဆင့် အသက်ရှုလမ်းကြောင်းမှတဆင့် ကူးစက်မှုတွေ ဖြစ်ပွားကြတာပါ။ ရောဂါပျိုးချိန် ( ရောဂါပိုးကူးစက်ခံရပြီး ရောဂါလက္ခဏာပေါ်ရန်ကြာချိန် ) ကတော့ ( ၄ )ရက်မှ ( ၁၂ ) ရက်အထိ ကြာတတ်ပါတယ်။
ရောဂါပိုးရှိသူက ထိရောက်မှန်ကန်တဲ့ ပိုးသတ်ဆေး ( ၅ )ရက် မသောက်ရမခြင်း၊ ဒါမှမဟုတ် ရောဂါလက္ခဏာပြပြီး ( ၂၁ )ရက် ကြာသည်အထိ အခြားသူကို ကူးစက်စေနိုင်ပါတယ်။
ကူးစက်ခံရနိုင်သူများ
-လွန်ခဲ့တဲ့ ( ၁၀ ) နှစ်အတွင်း ကြက်ညှာကာကွယ်ဆေးထိုးမထားသူများ
-ကာကွယ်ဆေး ထိုးမထားသူ ကျား/မ မရွေး၊ အသက်အရွယ်မရွေး မည်သူမဆိုကူးစက်ခံရနိုင်ပါတယ်။
ရောဂါပိုးကူးစက်ခံရပြီး အသက်အန္တရာယ်ရှိသူတွေကတော့ အသက် ( ၆ )လအောက်ကလေးတွေပဲဖြစ်ပါတယ်။
ရောဂါလက္ခဏာများ
ရောဂါပိုးကူးစက်ခံရသူအများစုကတော့ ရောဂါလက္ခဏာပြလာပြီဆိုလျှင် အအေးပတ်လက္ခဏာများကဲ့သို့
-နှာစေး နှာပိတ်ခြင်း
-ဖျားခြင်း
-ချောင်းဆိုးခြင်း
-မောပန်းနွမ်းနယ်ခြင်း စတာတွေကို (၁) ပတ်ကျော် (၂)ပတ်ကြာအောင် ခံစားရမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ချောင်းဆိုး တဲ့ပုံစံဟာ ကြက်ညှာ ရက် ( ၁၀၀ ) ချောင်းနဲ့ တူလာပါတော့တယ်။ အဲဒီအခါမှာ
-အဆက်မပြတ် ဆက်တိုက်ချောင်းဆိုးရခြင်း
-ရက် ၁၀၀ (၃လ) ကျော်ကြအောင် ချောင်းဆိုးခြင်း
-ချောင်းဆိုးစဥ် အသက်ရှူသွင်းရာ၌ တဟူဟူ ၊ တဟွတ်ဟွတ် မြည်ခြင်း
-ချောင်းဆိုးပြီးချိန်တိုင်း အန်ခြင်း
-ဆီးထွက်ကျခြင်း
-နံရိုးကျိုးခြင်း ( ချောင်းဆိုးလွန်းခြင်းကြောင့် )
ကလေးငယ်များတွင်
-ပြာနှမ်းသွားခြင်း
-သတိလစ်သွားခြင်း
-အသက်ရှူရပ်သွားခြင်း စသည်တို့ဖြစ်ပါတယ်။
အသက် (၆) လအောက်ကလေးငယ်များမှာ သေဆုံးမှုများပြားပြီး ဆယ်ကျော်သက်အရွယ်နှင့် အရွယ်ရောက်သူများမှာတော့ ချောင်းဆိုးရုံလောက်သာဖြစ်တတ်ကြပြီး တချို့မှာ ရောဂါဖြစ်လိုက်မှန်းပင် မသိလိုက်ကြပေ။
အထက်ပါအတိုင်း အချို့မှာ ရောဂါဖြစ်မှန်းပင် မသိလိုက်ကြ။ အချို့မှာ ကာလကြာရှည် ချောင်းဆိုးဖြစ်ရုံသာဖြစ်ပြီး ကလေးငယ်များတွင်မူ အသက်အန္တရာယ် ဆုံးရှုံးချေရှိနေပါတယ်။ ဒါကြောင့် ကြက်ညှာချောင်းဆိုး ရောဂါ ကာကွယ်ဆေးကို မွေးကင်းစကတည်းက ထိုးထားရန် ဆော်သြခြင်းဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံများလည်းကာကွယ်ဆေးကို အမျိုးသားကာကွယ်ဆေးအစီအစဥ် အနေနဲ့ထိုးနှံနေကြတာပဲဖြစ်ပါတယ်။
https://commons.wikimedia.org/wiki/File:Whooping_cough_boy.ogv
နောက်ဆက်တွဲ ကျန်းမာရေးပြသနာများ
နောက်ဆက်တွဲကျန်းမာရေးပြသနာများကတော့ ကလေးငယ်များတွင် အဖြစ်များကြပါတယ်။
-အစာမဝင်ခြင်းကြောင့် ရေဓါတ်ဆုံးရှုံးခြင်း
-နားအတွင်း ပိုးဝင်းခြင်း
-နမိုးနီးယားခေါ် အဆုတ်ပွခြင်း
-ဦးဏှောက်ရောင်ရမ်းခြင်း
-တက်ခြင်း၊ သတိလစ်ခြင်း
-အသက်ရှူရပ်၍သေဆုံးခြင်း စတာတွေ အထိ ဖြစ်နိုင်ပါတယ်။
ရောဂါရှာဖွေအတည်ပြုခြင်း
ရောဂါပိုးရှာဖွေရန်အတွက် ပထမ သုံးပတ်အတွင်းအသက်ရှူလမ်းကြောင်း ( နှာခေါင်းနှင့် လည်ချောင်း ) မှ ထွက်သော သလိပ်၊ အချွဲများမှ ပိုးမွေးပြီးအတည်ပြုရပါတယ်။ သွေးထဲမှပဋိပစ္စည်း ( Antibody ) ကိုစစ်ဆေးပြီးအတည်ပြုလို့လည်းရပါသေးတယ်။
ကုသမှု
ကြက်ညှာချောင်းဆိုးရောဂါ သေချာပြီဆိုလျှင်တော့ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့အတွက်
-Erythromycin (or) Azithromycin (or) Clarithromycin
-Septrin
အထက်ပါဆေးအုပ်စုထဲက သင့်တော်ရာ တစ်မျိုးမျိုးဖြင့် ရောဂါဖြစ်ပြီး ပထမ (၃)ပတ်အတွင်းမှီအောင် ဆေးပေးကုသပေးရမှာ ဖြစ်ပါတယ်။ နောက်ကျသွားပြီဆိုလျှင်တော့ ရောဂါရဲ့ကြာချိန်ကို ထိရောက်မှုရှိတော့မှာ မဟုတ်ပါ။
ရောဂါရှိသူများအနေနဲ့ ပိုးသတ်ဆေး (၅)ရက်သောက်ပြီးပါက အခြားလူများထံ ရောဂါပိုး မကူးစက်စေတော့ပါ။
ကာကွယ်ဆေး
ကြက်ညှာချောင်းဆိုးရောဂါကြောင့် ကလေးငယ်တွေ အထူးသဖြင့် အသက်(၆)လအောက် ကလေးငယ်တွေက ဆိုးဆိုးရွားရွားထိခိုက်ခံစားရပြီး အသက်ဆုံးရှူံးနိုင်ချေရှိတာကြောင့် ကာကွဆေးကို ကလေးငယ်တွေကို အဓိကထား ထိုးထားကြရပါမယ်။ မွေးပြီးကာကွယ်ဆေးမထိုးရသေးတဲ့ ကလေးတွေအတွက်လည်း အရေးကြီးပြန်တော့ အရွယ်ရောက်ကလေးတွေနဲ့ လူကြီးတွေမှာလည်း ရောဂါပိုးရှိမနေဖို့ ကာကွယ်ဆေးက ထိုးဖို့ လိုအပ်နေပါသေးတယ်။
ကြက်ညှာချောင်းဆိုးရောဂါက ကာကွယ်ဆေးထိုးမထားသူ အသက်အရွယ်မရွေး ကျား/မ မရွေးဖြစ်နိုင်တာကြောင့် လူတိုင်းကာကွယ်ဆေးကို အချိန်မှန်မှန်ထိုးသင့်ပါတယ်။
မြန်မာနိုင်ငံမှ တော့ (2021) ခုနှစ် အာဏာသိမ်းမှု မဖြစ်ပွားခင်ကတော့ ကြက်ညှာကာကွယ်ဆေးကို ( မေးခိုင်၊ ဆုံဆို့၊ အသည်းရောင်အသားဝါ (ဘီ)၊ ဦးဏှောက်အမြှေးရောင် ကာကွယ်ဆေးများ စတာတွေ ) နဲ့ပေါင်းပြီး ၅ မျိုးစပ်ကာကွယ်ဆေး အနေနဲ့ မွေးပြီး အသက် (၂) လ၊ (၄) လ၊ (၆) လနဲ့ တစ်နှစ်ခွဲတွေမှာ တစ်ကြိမ်စီ စုစုပေါင်း (၄) ကြိမ်ထိုးပေးထားပြီး အမျိုးသားကာကွယ်ဆေး အနေနဲ့ လုပ်ဆောင်ခဲ့ကြပါတယ်။
ကလေးဘဝမှာ ကြက်ညှာကာကွယ်ဆေးကို (၃) ကြိမ်မှ (၆) ကြိမ်အထိထိုးတာက တစ်သက်လုံးကာကွယ်နိုင်စွမ်းမရှိပါ။ ဒါကြောင့် ငယ်စဥ်ကလေးဘဝက ကြက်ညှာကာကွယ်ဆေးထိုးထားသော်လည်း (၁၀)နှစ်ပြည့်တိုင်း ကြက်ညှာကာကွယ်ဆေးကိုတစ်ကြိမ်စီ အားဖြည့်ကာကွယ်ဆေးအနေနဲ့ ထပ်မံထိုးထားသင့်ကြပါတယ်။
အသက် (၆)လအောက် ကလေးတွေမှာ အသက်ဆုံးရှူံးနိုင်သည် အထိဖြစ်တတ်တာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေပါ (၁၀)နှစ်အတွင်း အားဖြည့်ကာကွယ်ဆေး မထိုးရသေးဘူးဆိုလျှင် ထိုးထားကြသင့်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေမှာတော့ ကိုယ်ဝန်သက် (၂၀)ပတ်နှင့် (၃၀)ပတ်ကြားမှာ ထိုးထားဖို့ အကြုံပြထားကြပါတယ်။ ဒါမှသာ မွေးကင်းစ ကလေးအတွက်ကာကွယ်ဆေးလည်းမထိုးရသေးခင်မှာ ကာကွယ်မှု ရရှိစေနိုင်မှာပါ။
အသက် (၅၀) ကျော်သူများ၊ အသက် (၆)လအောက်ကလေးရှိသော အိမ်များမှ အရွယ်ရောက်သူများ လည်း ကာကွယ်ဆေး ထိုးထားသင့်ပါတယ်။
ကျန်းမာရေးလုပ်သားများ၊ ကလေးသူငယ်စောင့်ရှောက်သူများ နဲ့ ကမ္ဘာလှည့်ခရီးသွားများကတော့ နောက်ဆုံး (၁၀)နှစ်အတွင်း ကြက်ညှာကာကွယ်ဆေး ထိုးမထားရသေးဘူးဆိုလျှင် ထိုးထားသင့်ပါတယ်။
ယခုလို တိုင်းပြည် မငြိမ်သက်ချိန််၊ စစ်မက်ဖြစ်ပွားနေချိန်တွေမှာ စီးပွားရေးကျဆင်းမှုနှင့် လုံခြုံရေးအားနည်းမှုတွေကြောင့် ကာကွယ်ဆေးလုံလောက်စွာမရရှိနိုင်တဲ့ဒေသတွေနဲ့ ကာကွယ်ဆေးလုံးဝမရရှိနိုင်တဲ့ ဒေသမှ လူများအတွက် ကလေးဘဝကတည်းက ထိုးထားသင့်တဲ့ ကာကွယ်ဆေးများနှင့် ကာကွယ်ဆေးမရရှိပါက ဖြစ်လာနိုင်တဲ့ ရောဂေါတွကို ကြိုတင်မှန်းဆတတ်စေရန် ရည်ရွယ်ရေးသားရင်း
Dr Fleming
https://www.betterhealth.vic.gov.au/health/conditionsandtreatments/whooping-cough#diagnosis-of-whooping-cough
https://www.healthdirect.gov.au/whooping-cough
https://en.m.wikipedia.org/wiki/Whooping_cough