အူကျရောဂါလို့ပြောလိုက်တာနဲ့ အမျိုးသားတွေက ချက်ခြင်းသိကြမှာပါ။ အမျိုးသားတွေမှာ အဖြစ်များကြတာကိုး။ ဘောကျတယ်လို့လည်း ခေါ်ပါသေးတယ်။ အမျိုးသားတွေမှာပဲဖြစ်တာ မဟုတ်ဘဲ အမျိုးသမီးတွေမှာလည်း ဖြစ်နိုင်ပါတယ်။
အူကျသွားမည့်လမ်းကြောင်း ( Inguinal canal )
ဘာကြောင့် အူကျရောဂါ ဖြစ်ကြရတာလဲ
အူကျရောဂါ အမျိုးမျိုးရှိပေမဲ့ ဒီနေရာမှာ အဓိကပြောသွားမယ့် ရောဂါက Indirect inguinal hernia ပါ။လူတိုင်းမှာ ၂-လက္မခွဲခန့်ရှိတဲ့ Inguinal canal လို့ခေါ်တဲ့ မြောင်းလေးတွေ ပေါင်ထိပ် တဖက်တချက်စီမှာ ရှိကြပါတယ်။ မြောင်းရဲ့ အပြင်ဘက်ထိပ်အစပ်က ဗိုက်ထဲက ကလီစာတွေကို ပိတ်ထားတဲ့ Parietal peritoneumနဲ့ ကြွက်သား နဲ့ ထိစပ်နေတယ်။ အတွင်းဘက် ထိပ်အစပ်က ဆီးခုံနားမှာ သွားထိစပ်နေပီး အမျိုးသားတွေမှာတော့ ကပ္ပယ်အိပ်ရဲ့ ထိပ်နဲ့ စပ်နေပါတယ်။ အကြောင်းတခုခုကြောင့် ဗိုက်ထဲက အူ သို့မဟုတ် Omentum လို့ ခေါ်တဲ့ အူအချာတွေက အဲဒီမြောင်းရဲ့ အပြင်ထိပ်ကနေ ကျလာပြီး ဆီးစပ် သို့မဟုတ် ကပ္ပယ်အိပ်ထဲ အထိကျလာတာကို 'အူကျတာ' သို့မဟုတ် 'ဘောကျတာ' လို့ခေါ်ပါတယ်။
မှတ်ချက်။ ။ ယောင်္ကျားလေးတွေ မိခင်ဝမ်းဗိုက်အတွင်း ကြီးထွားဖွံ့ဖြိုးစဥ်မှာ ဝှေးစေ့ ၂လုံး ဟာ ဗိုက်ထဲကနေ ပုံမှန်ရှိကြရမဲ့ ကပ္ပယ်အိတ်ထဲကို အဲဒီ Inguinal canal ကနေ တဆင့် ဆင်းပြီး ရောက်လာကြတာ ဖြစ်တယ်။ အဲလိုဆင်းပြီးရင် အဲဒီ မြောင်း ထိပ်အပေါက်ကော အောက်အပေါက်ပါ ပိတ်သွားကြရတာဖြစ်တယ်။ သို့သော် ကလေးတချို့မှာ အပေါက် ၂ခုလုံးပိတ်မသွားပဲ ဆက်ရှိနေရင် မွေးရာပါ အူကျရောဂါ ဖြစ်လာမှာပါ။ အဲဒီရောဂါကို Congenital indirect inguinal hernia လို့ခေါ်ပါတယ်။
အောက်ပုံ ၂ ပုံသည် ကလေးများတွင်တွေ့ရသော ပုံမှန်ကပ္ပယ်အိပ်ဖြစ်ပြီး အထက်ပုံ ၂ ပုံသည် ကလေးများတွင်တွေ့ရသော မွေးရာပါ အူကျရောဂါပုံများဖြစ်ပါတယ်။
အူကျရောဂါ ဖြစ်ရတဲ့ အကြောင်းတချိုကတော့
-မျိုးရိုးဗီဇလိုက်လေ့ရှိတယ်။
-အူကျရောဂါဖြစ်ဖူးရင် နောက်တဖက်မှာထပ်ဖြစ်တတ်တယ်။
-အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုဖြစ်တယ်။
-လမစေ့ဘဲ စောမွေးတဲ့ကလေးတွေမှာ ပိုဖြစ်လေ့ရှိတယ်။
-ဝ တဲ့လူတွေမှာ ပိုဖြစ်လေ့ရှိတယ်။
-ကိုယ်ဝန်ဆောင်တွေမှာ ပိုဖြစ်လေ့ရှိတယ်။
-နာတာရှည်ချောင်းဆိုးရောဂါရှိသူတွေ
-ကာလကြာရှည်ဝမ်းချုပ်သူတွေ၊ ဆီးညှစ်ပေါက်ရသူတွေမှာဖြစ်တတ်တယ်။
-Cystic fibrosis ရောဂါရှိသူတွေ ဖြစ်တတ်တယ်။
-အလေးအပင် မကြာခဏ မ,ရသူများ မှာ ဖြစ်တတ်ကြတယ်။
ရောဂါလက္ခဏာများ
-အူကျလာတဲ့အတွက်ကြောင့် ပေါင်ထိပ်မှာ ဖောင်းလာမယ်။ ကပ္ပယ်အိတ်ထဲ အထိ ရောက်သွားနိုင်တယ်။ဘောကျတယ်လို့ခေါ်တယ်။
-ကျလာတဲ့ အူက အစောပိုင်းမှာ ပြန်သွင်းလို့ရတယ်။ ပက်လက် လှဲလိုက်ရင် ပြန်ဝင်မယ်။ မတ်တပ်ရပ်လျှင်၊ ချောင်းဆိုးလျှင်၊ အလေးအပင်မလိုက်လျှင် ထွက်ကျလာမယ်။
-အူကျတဲ့နေရာမှာ နာမယ်၊ အောင့်မယ်၊ ပူစပ်စပ်ဖြစ်မယ်။
-ကပ္ပယ်အိတ်ထဲထိရောက်လျှင်တော့ လေးပင်နေသလို ခံစားရမယ်။
-ကျနေတဲ့အူ ဗိုက်ထဲကို ပြန်သွင်းလို့ရနေသရွေ့၊ ပြန်ဝင်နေသရွေ့တော့ အူကျရောဂါက အန္တရယ်မရှိပါဘူး။
နောက်ဆက်တွဲဆိုးကျိုးများ
ပြန်သွင်းလို့မရတော့ဘူးဆိုလျှင်တော့အန္တရာယ်နဲ့ နီးစပ်ပြီလို့ တွေးထားရတော့မယ်။ ပြန်သွင်းမရတော့ဘူးဆိုလျှင်တော့ ကျလာတဲ့အူတွေ အချိန်မရွေးပိတ်နိုင်တယ်။သွေးကြောတွေ လိမ်အညှစ်ခံရပြီး အူတွေ အချိန်မရွေး ပုပ်နိုင်တယ်။အဲဒီအချိန်မှာ ကျနေတဲ့အူတွေကတင်းရောင်ဖောင်းကားလာပြီးအထိမခံနိုင်ဘဲ ဗိုက်အောင့်ပျို့အန် ဝမ်းချုပ် ဗိုက်တွေပါဖောင်းကားလာတာမျိုးတွေ ခံစားကြရပါတယ်။ ဒီလိုတွေ ဖြစ်လာပြီဆိုလျှင်တော့ အရေးပေါ်ခွဲစိပ်ကုသရပါမယ်။ ခွဲစိပ်ဖို့နောက်ကျပြီဆိုလျှင်တော့ အသက်ဆုံးရှုံးရသည်အထိ ဖြစ်နိုင်ပါတယ်။ဒါကြောင့် အူကျရောဂါရှိနေပြီဆိုလျှင်တော့ ခွဲစိပ်ဖို့ ပြင်ဆင်ထားရပါမယ်။ အူတွေ ပြန်သွင်းလို့ရနေတုန်းမှာ ခွဲစိတ်ဖို့ကြိုတင်ပြင်ဆင် ထားသင့်ပါကြောင်း အကြံပေးလိုက်ပါတယ်ခင်ဗျာ။
Dr Fleming