မေးခိုင်ရောဂါက Clostridium tetani လို့ခေါ်တဲ့ ရောဂါပိုး ဝင်ရောက်တဲ့အခါ ခံစားရတဲ့ ရောဂါလက္ခဏာစုဖြစ်ပါတယ်။ မေးခိုင်ကာကွယ်ဆေးဆိုပြီးလည်း အားလုံးကြားဖူးပြီးသားဖြစ်မှာပါ။ ခုခေတ်မှာမေးခိုင်ရောဂါဖြစ်နှုန်းက ရှားပါးသွားပြီ ဖြစ်ပါတယ်။ အကြောင်းကတော့ မေးခိုင်ကာကွယ်ဆေး ငယ်စဥ်ကတည်းက ထိုးထားခဲ့ကြလို့ ဖြစ်ပါတယ်။ သို့သော် ယခုလို တိုင်းပြည် စစ်မက်ဖြစ်ပွားချိန်မှာတော့ ထိခိုက်ဒဏ်ရာတွေရပြီး မေးခိုင်ရောဂါဖြစ်ပွားသူ များလာနိုင်ပါတယ်။ မေးခိုင်ရောဂါ ဖြစ်လာလျှင်တော့ အသက်ရှုလမ်းကြောင်းထိခိုက်ပြီး သေဆုံးနိုင်ချေ ရှိတဲ့အတွက်ကြောင့် မပေါ့ဆဖို့ အရမ်းအရေးကြီးပါတယ်။
ရောဂါပိုးကူးစက်ပုံနှင့် ရောဂါဖြစ်ပွားပုံ
မေးခိုင်ရောဂါဖြစ်စေတဲ့ Clostridium tetani ပိုးက မြေကြီးပေါ် နှင့် ဖုန်တွေ၊ မြင်းချေး နွားချေးတွေထဲမှာရှိနေပါတယ်။ လူ့ခန္ဓာကိုယ်အရေပြားတွေပေါ်မှာရှိတဲ့ အနာအဆာ၊ အပေါက်အပြဲ၊ အကွဲအရှ တွေမှတဆင့် ခန္ဓာကိုယ်ထဲရောဂါပိုးဝင်ရောက်သွားကြပါတယ်။ အဲဒီနောက် Tetanospasmin လို့ခေါ်တဲ့ Toxin spore ထုတ်ပြီး ဗဟိုကျောရိုးအာရုံကြောစနစ်ဆီဦးတည်တိုက်ခိုက်ကာ ပုံမမှန်တဲ့ ကြွက်သားတောင့်တင်းမှုတွေ ဖြစ်စေတော့တာပါပဲ။ ဥပမာအားဖြင့် ပန်းခြံထဲမှာ မြေတူးဆွနေရင်း ထိခိုက်ရှနာ ဖြစ်လျှင်တောင် မေးခိုင်ရောဂါပိုးဝင်ရောက်နိုင်ပါတယ်။ မေးခိုင်းရောဂါပိုးဟာ လူတစ်ယောက်ဆီကနေ အခြားလူတစ်ယောက်ထံတေ့ မကူးစက်ပါဘူး။
ရောဂါလက္ခဏာများ
ဒဏ်ရာ၊ အနာတွေမှတဆင့် မေးခိုင်ပိုးဝင်ရောက်ပြီး အများစုဟာ ( ၁၄ ) ရက်အတွင်း မေးခိုင်ရောဂါလက္ခဏာတွေ ခံစားရတော့တာပါပဲ။ ပုံမှန်အားဖြင့် ရောဂါပျိုးချိန်က အနည်းဆုံး ( ၃ ) ရက်မှ အများဆုံး ( ၂၁ ) ရက်အထိ ကြာတတ်ပါတယ်။ မေးခိုင်ရောဂါဆိုတဲ့အတိုင်း
-မေးခိုင်ခြင်း ( ပါးစပ် မဟ နိုင် )
-အစားအစာနှင့်ရေ မစားနိုင် မသောက်နိုင်ခြင်း
-ခြေလက်၊ ကျော နှင့် ဝမ်းဗိုက်ကြွက်သားများ တောင့်တင်းနေခြင်း၊ နာကျင်နေခြင်း
-တက်ခြင်း
-ဖျားခြင်း၊ ခေါင်းကိုက်ခြင်း
-ချွေးပြန်ခြင်း၊ နှလုံးခုန်မြန်ခြင်း
-အသက်မရှုနိုင်ဖြစ်ပြီး သေဆုံးခြင်း
အစရှိတာတွေ ခံစားရမှာဖြစ်ပါတယ်။
ဒါ့အပြင် မွေးကင်းစ ကလေးမေးခိုင်ရောဂါလည်းရှိပါသေးတယ်။ ဒီရောဂါက မွေးမိခင်က ကိုယ်ဝန်ဆောင်စဥ် မေးခိုင်းကာကွယ်ဆေး ထိုးမထားလျှင် မွေးကင်းစကလေးတွေမှာ မေးခိုင်ရောဂါ ဖြစ်တာပါ။ ဒီရောဂါမှာတော့
-မွေးကင်းစကလေးက ( ၂ ) ရက်ကျော်ပြီးနောက် နို့မစို့နိုင်တော့ခြင်း
-ဖျားခြင်း၊ တက်ခြင်း
-အဆက်မပြတ်ငိုခြင်း
-ကျောကော့နေခြင်း
-ခြေလက်များတောင့်တင်းနေခြင်း
-လက်သီးဆုပ်နေခြင်း
-အသက်မရှုနိုင်ဖြစ်ပြီး သေဆုံးခြင်း စတာတွေ ခံစားရမှာဖြစ်ပါတယ်။
ဒါကြောင့် မေးခိုင်ရောဂါက အသက် သေဆုံးနိုင်တယ်ဆိုတာပါပဲ။
စစ်ဆေးခြင်းနည်းလမ်း
မေးခိုင်ရောဂါသေချာစေဖို့ ဓါတ်ခွဲစစ်ဆေးစရာ မလိုပါဘူး။ ရောဂါလက္ခဏာတွေ ပေါ်လာတာနဲ့ ဒီရောဂါမှန်း သေချာနေပါပြီ။
ကုသနည်းများ
လူနာကို အမြန်ဆုံး မေးခိုင်ပဋိဆေးများ ( Tetanus Immunoglobulin ) ဆေးတွေ ချက်ခြင်းသွင်းပေးရပါမယ်။ အခြားဆေးတွေအနေနဲ့ကတော့
-မေးခိုင်ပိုးသတ်ဆေးများ
-မေးခိုင်ကာကွယ်ဆေး
-ကြွက်သားပျော့ဆေးများ
-အစာ၊ ရေ ပိုက်ထည့်ပေးခြင်း
-ဒဏ်ရာများ၊ အနာများကို သန့်ရှင်းအောင်ပြုလုပ်ပေးခြင်း
-လိုအပ်ပါက အသက်ရှု စက်တပ်၍ ကူညီပေးခြင်းများ
အထက်ပါနည်းလမ်းများဖြင့် ထိထိရောက်ရောက် ကုသမှု ပေးကြရပါတယ်။
ကာကွယ်ခြင်း
မေးခိုင်ပိုးဟာ ပတ်ဝန်းကျင်မှာအမြဲတမ်းရှိနေတယ်။ ထိခိုက်ဒဏ်ရာဖြစ်လျှင် အချိန်မရွေး ရောဂါအကူးစက်ခံရနိုင်တယ်။ ဒီရောဂါက သေစေနိုင်တယ်ဆိုတော့ ကြိုတင်ကာကွယ်ထားဖို့ အရမ်းအရေးကြီးပါတယ်။ မေးခိုင်ကာကွယ်ဆေးလည်း ပေါ်နေတာကြာပြီဆိုတော့ ကာကွယ်ဆေးကို စနစ်တကျ မှန်ကန်ပြည့်ဝစွာ ထိုးထားဖို့ လိုအပ်ပါတယ်။ တစ်ကမ္ဘာလုံးရှိ မွေးကင်းစ အရွယ်တွေမှာ မေးခိုင်ကာကွယ်ဆေး တစ်လ တစ်ကြိမ် ( ၃ )ကြိမ်ဆက်တိုက်ထိုးထားကြပေမဲ့ ရောဂါကာကွယ်နိုင်စွမ်းက ကြာလာတာနဲ့အမျှ လျော့လာတာဖြစ်တဲ့အတွက်ကြောင့် လူတိုင်း
-ထိခိုက်ဒက်ရာ ရသောအခါ
-ခွဲစိတ်မှု ပြုလုပ်သောအခါ
-အသက် ( ၄၀ ) ကျော်သောအခါ
မေးခိုင်ကာကွယ်ဆေးများကို အမြန်ဆုံး ထပ်ဆောင်း ထိုးထားကြရပါမယ်။
အမျိုးသမီးများ အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ မေးခိုင်ကာကွယ်ဆေးကို သတ်မှတ်ထားတဲ့အချိန်အတိုင်း ပြည့်ပြည့်ဝဝ ထိုးထားကြရပါမယ်။
WHO အနေနဲ့ကလည်း မူလပထမ မေးခိုင်ကာကွယ်ဆေး ( ၃ ) ကြိမ်ထိုးထားပြီးသူတိုင်း
-အသက် ( ၁ ) နှစ်မှ ( ၂ ) နှစ်အတွင်း ထပ်ဆောင်း တစ်ကြိမ်
-အသက် ( ၄ ) နှစ်မှ ( ၇ ) နှစ်အတွင်း ထပ်ဆောင်း တစ်ကြိမ်
-အသက် ( ၉ ) နှစ်မှ ( ၁၅ ) နှစ်အတွင်း ထပ်ဆောင်း တစ်ကြိမ်
စုစုပေါင်း မေးခိုင်ကာကွယ်ဆေး ( ၃ ) ကြိမ် ထပ်မံ ထိုးထားသင့်တယ်လို့လည်း အကြံပြုထားပါတယ်။
အခုလို ထိခိုက်ဒဏ်ရာ ရနိုင်ချေများနေတဲ့အချိန်၊ ဆေးကုသဖို့လည်း လက်လှမ်းမမှီ၊ လက်လမ်းမှီသော်လည်း လုံခြုံမှု မရှိတဲ့ အခြေအနေတွေမှာ မေးခိုင်ရောဂါ အန္တရာယ်ကို ကြိုတင် ကာကွယ်ထားနိုင်ကြပါစေဟု ဆန္ဒပြုလျှက်
Dr Fleming
https://www.who.int/news-room/fact-sheets/detail/tetanus
https://www.cdc.gov/tetanus/hcp/clinical-overview/index.html