ကွန်ဒုံးတွေ ပေါ်လာပြီး တွင်ကျယ်စွာ အသုံးပြုလာကြတာကြောင့် လိင်ဆက်ဆံခြင်းမှ တဆင့် ကူးစက်တတ်တဲ့ ရောဂါဖြစ်နှုန်းတွေ ကျဆင်းလာပေမယ့် ရောဂါတွေ ဖြစ်နေဆဲဆိုတာ တွေ့နေရပါသေးတယ်။
ဒီထဲမှာမှ ကူးစက်ခံရပြီး ရက်ပိုင်းအတွင်းမှာ ရောဂါခံစားရလေ့ရှိတဲ့ ဂနို လို့ခေါ်တဲ့ ဆီးပူညောင်းကျ ရောဂါ အကြောင်း ဗဟုသုတ ရရှိပြီး မကူးစက်ခံရစေရန် ဖော်ပြပေးလိုက်ပါတယ်။
ဒီရောဂါက အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကြောင့် ကိုယ့် လိင်ဆက်ဆံဖော် တယောက်ယောက်ဆီကနေ Neisserria Gonorrhoea ဆိုတဲ့ ဘက်တီးရီးယားပိုး အကူးစက်ခံရလို့ပဲ ဖြစ်ပါတယ်။
ဘယ်သူတွေမှာ အဖြစ်များတာလဲ
အသက် ၁၅-၂၄ နှစ်ကြားအရွယ်တွေမှာ အဖြစ်များကြတယ်။ အကြောင်းကတော့ လူပျိုဖော် အပျိုဖော် ဝင်လာကြပြီး လိင်ဆက်ဆံချင်စိတ် ဖြစ်လာတဲ့အခါ အိမ်ထောင်မရှိခြင်း၊ ချစ်သူရည်စား ရှိသော်လည်း လူငယ်တို့ သဘာဝ ( အကာကွယ်မဲ့ လိင်ဆက်ဆံခြင်း )အပျော်အပါး လိုက်စားရာမှ ကူးစက်ခံရခြင်း ကြောင့်ဖြစ်ပါသည်။
ဘာလက္ခဏာတွေ ခံစားရမလဲ
ရောဂါပိုးကူးစက်ခံရပြီး ၁ ရက်ကနေ ၃၀ ရက်အတွင်း ရောဂါ လက္ခဏာတွေ ခံစားကြရပါတယ်။ ဒီရောဂါပိုးက လိင်အင်္ဂါတွေ၊ ဆီးအိမ်မှထွက်လာတဲ့ ဆီးပြွန်တွေ၊ စအိုတဝိုက်၊ ပါးစပ်၊ လည်ချောင်းနှင့် မျက်လုံးတွေမှာ ရောဂါလက္ခဏာတွေ ဖြစ်စေတတ်တယ်။ဒါကြောင့်
-ဆီးကျဥ်၊ ဆီးအောင့်၊ ဆီးခဏ ခဏ သွားခြင်း
-ဆီးလမ်းကြောင်းကနေ ပြည်ထွက်ခြင်း
-အမျိုးသမီး အင်္ဂါကနေ ပြည်ထွက်ခြင်း
-လိင်အင်္ဂါတဝိုက် စအိုတဝိုက် ရောင်ရမ်းခြင်း၊ နာကျင်ခြင်း
-စအိုမှ ပြည်ထွက်ခြင်း
-ဝမ်းဗိုက်အောက်ပိုင်းတွေ အောင့်ခြင်း
-အချိန်အခါ မဟုတ် မိန်းမကိုယ်မှ သွေးဆင်းခြင်း၊ လိင်ဆက်ဆံချိန် သွေးဆင်းခြင်း
ပါးစပ်နဲ့ လိင်ဆက်ဆံ ခဲ့မယ်ဆိုရင်
-ပါးစပ်လည်ချောင်းတွေမှာ ရောင်ရမ်းနာကျင်ခြင်း
-လည်ပင်းမှာ အကျိတ်တွေ ထွက်ခြင်း
-တခုခု မျိုချတဲ့အခါလည်ချောင်း နာခြင်း
မျက်စေ့ကို ကူးစက်ခဲ့မယ်ဆိုရင်
-မျက်စေ့ ရောင်ရမ်းနာကျင်ခြင်း၊ ခိုးလိုးခုလုဖြစ်ခြင်း
-ပြည်ထွက်ခြင်း
-မွေးကင်းစကလေးတွေမှာ ရာသက်ပန် အမြင်အာရုံ ဆုံးရှုံးခြင်း(မိခင်တွင်ရောဂါရှိပြီး မွေးဖွားချိန်တွင် ကူးစက်ခံရသောကြောင့်)
ဒီလက္ခဏာတွေ ခံစားကြရပါတယ်။ တယောက်နဲ့ တယောက်တော့ ခံစားရတာခြင်း တူချင်မှ တူပါမယ်။
အချိန်မှီ မကုသခဲ့ရင်၊ ပျောက်ကင်းအောင် မကုသခဲ့ရင်
-မီးယပ်အင်္ဂါတွေ နာတာရှည် ယောင်ရမ်းနာကျင်ခြင်း ( PID )
-နေရာမှား သန္ဓေတည်ခြင်း
-မျိုးမအောင်ခြင်း ( ကလေး မရနိုင် )
-သုတ်ရည်အိတ် ပြည်တည်ခြင်း
-အဆစ်အမြစ် နာကျင် ကိုက်ခဲခြင်း
စတာတွေက နောက်ဆက်တွဲ ဆိုးကျိုး တွေပဲ ဖြစ်ပါတယ်။
ဂနိုရောဂါ ဆိုတာ သေချာပီလား
အထက်ပါ လက္ခဏာတွေ ခံစားနေရပြီဆိုရင် ဂနိုရောဂါ ဖြစ်နေပြီဆိုတာ သေချာပါတယ်။ ပုံမှန်အားဖြင့် ရောဂါလက္ခဏာတွေ ကြည့်ရုံနဲ့ သေချာတာကြောင့် နောက်ထပ် စစ်ဆေးမှုတွေ လုပ်လေ့မရှိပါ။ ဆီး၊ လိင်အင်္ဂါ၊ စအို နဲ့ မျက်စေ့တို့မှ ထွက်လာတဲ့ အရည်တွေကို ဓါတ်ခွဲ စစ်ဆေးရင်တော့ ဂနို ရောဂါပိုး Neisseria gonococci တွေကို တွေ့ရမှာပဲ ဖြစ်ပါတယ်။
ကာကွယ်လို့ရသလား
ကာကွယ်လို့ရပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကနေ ကူးစက်တဲ့ အတွက်ကြောင့် အန္တရာယ်ကင်း စိတ်ချရတဲ့ လိင်ဆက်ဆံသော အမူအကျင့်တွေကို သေချာ လိုက်နာပေးရင် ရောဂါ ကူးစက်ခံရမှာ မဟုတ်ပါ။
-လိင်ဆက်ဆံတဲ့ အခါတိုင်း ကွန်ဒုံးကို စနစ်တကျသုံး ကြပါ။
-ဂနိုရောဂါပိုး ရှိသူနဲ့ လိင်ဆက်ဆံခြင်း မပြုရန်
-ဂနိုရောဂါ လက္ခဏာ ရှိသူတွေနဲ့ လိင်ဆက်ဆံခြင်း မပြုရန်
-လိင်ဆက်ဆံဖော် လျှော့ချပါ
-ဂနိုရောဂါ ရှိနေသည်ဟု သံသယရှိလျှင် စစ်ဆေးကုသမှု ခံယူပါ။
ကာကွယ်ဆေးရှိသလား
-မရှိသေးပါ။
ဒါကြောင့် ကာကွယ်နည်းတွေကို စနစ်တကျ လိုက်နာဖို့ အရေးကြီးပါသည်။ ဂနိုရောဂါသည် ကူးစက်ခံခဲ့ရပြီဆိုရင်တောင် အချိန်မှီ ကုသမှု ခံယူပါက ပျောက်ကင်းနိုင်ပါသေးသည်။
HIV -AIDS ရောဂါကား ကူစက်ခံရပြီဆိုပါက ပျောက်ကင်းအောင် ကုသလို့ မရဘဲ တသက်လုံး ကုသရမည် ဖြစ်သောကြောင့် အန္တရာယ်ကင်းသော လိင်ဆက်ဆံခြင်း နည်းလမ်းများကို သေသေချာချာ လိုက်နာကျင့်သုံးမှသာ စိတ်ချရမည် ဖြစ်ပါသည်။
ဒါကြောင့် စနစ်တကျ သုံးကြပါ။
ကွန်ဒုံး...ကွန်ဒုံး
Dr. Fleming