ဝဲ...ဝဲ...ဝဲ
ဝဲစို...ဝဲခြောက်
နူရာဝဲစွဲ...လဲရာ သူခိုးထောင်း
အဲဒီဟာတွေ အားလုံး ဝဲ ရောဂါကို ပြောတာပါပဲ။
ဝဲရောဂါကိုတော့ လူတိုင်းကြားဖူး ကြုံဖူးကြမှာ သေချာပါတယ်။
ဒါပေမယ့် ဝဲရောဂါ ဘာကြောင့်ဖြစ်တာလဲကိုတော့ လူတိုင်း မသိကြသေးဘူးထင်ပါတယ်။
အမှန်က Sarcoptes scabei var. hominis ဆိုတဲ့ အကောင်လေးတွေကြောင့် ဖြစ်တာပါ။
ဝဲကောင်လေးတွေက ဒီလိုပုံရှိပါတယ်
ဒါက Microscope နဲ့ကြည့်မှ မြင်ရတဲ့ ဝဲကောင်ပုံလေးတွေ ဖြစ်ပါတယ်။ မြင်ဖူးကြပီဟုတ် ရှေ့ဆက်ပါမယ်။
ဝဲရောဂါက အရေပြားမှာပဲ ဖြစ်တဲ့ ကူးစက်ရောဂါ ဖြစ်တယ် ဆိုတာကော သိကြမယ် ထင်ပါတယ်။
ဘယ်လို လူတွေ ဘယ်လို အခြေနေတွေမှာ ကူးစက်ခံရလဲဆိုတော့
-လူအများစုနေတဲ့ အိမ်၊ အဆောင်၊ ဘော်ဒါ၊ စစ်ဘေးရှောင်စခန်းတွေ
-တကိုယ်ရေသန့်ရှင်းမှု မရှိသူတွေ
-အစာအာဟာရချို့တဲ့နေသူတွေ
-ကိုယ်ခံအား ကျဆင်း နေသူတွေ
-ဆင်းရဲနွမ်းပါးသူတွေ ( တကိုယ်ရေ သန့်ရှင်းကို ဂရုမစိုက်နိုင်၊ လူအများ ကြပ်ကြပ်တည်းတည်းနေထိုင်ကြရ ) တွေမှာ ဝဲရောဂါတွေ ဖြစ်လေ့ရှိကြပါတယ်။
ဝဲကောင်လေးတွေက လူ့အရေပြားအောက်မှ မိတ်လိုက်ပီး ဥ,ဥ ကြတယ်။ တွားသွားနေကြတယ် ။
အဲဒီမှာ လူက ယားယံတဲ့ ဝေဒနာ ခံစားရတော့တာပါ။ ဝဲကောင်လေးတွေ ကိုယ့်ဆီ ကူးကူးခြင်းမှာ ယားယံတာ မဟုတ်ပါ။
အကူးခံရပြီး ၄ ပတ်ကနေ ၆ ပတ်အကြာမှာမှ ယားယံမှုကို ခံစားကြရတာ။
ဝဲ ရောဂါ ကဲ့သို့ ယားယံတာမျိုး မရှိကြပါဘူး။ ဝဲရောဂါက အယားဆုံး ရောဂါပါပဲ။
လူရှေ့ သူရှေ့ မရှောင် မရှက်နိုင် မဖုံးနိုင် ကုတ်ကြရတဲ့ အထိပါပဲ။ ညတွေ မှာ ပိုပြီး ယားယံမှုကို ခံစားကြရတယ်။
ဝဲရောဂါက တကိုယ်လုံးကို ယားယံစေပေမယ့် ယားယံမှု အလွန်ခံစားရနေရာလေးတွေ သီးခြား သတ်သတ်မှတ်မှတ် ရှိကြပါတယ်။ အဲနေရာလေးတွေက တော့
-လက်
-လက်ကောက်ဝတ်
-တံတောင်ဆစ်
-ဂျိုင်း
-ရင်အုပ်
-ခြေဖဝါး
-ပေါင်
-တင်ပါး
-တင်ပဆုံ ပတ်ပတ်လည်တွေ
-နို့နဲ့ အမျိုးသမီး အင်္ဂါတွေ ၊ အမျိုးသားအင်္ဂါ တွေမှာ ယားယံမှု အဖြစ်ဆုံးနေရာတွေပါပဲ။
လည်ပင်း၊ မျက်နှာ နှင့် ဦးခေါင်းတွေမှာတော့ လုံးဝ မယားပါ။ ဒါပေမဲ့ ကလေးလေးတွေ၊ သက်ရွယ်ကြီးရင့်သူတွေနဲ့ AIDS လိုမျိုး ခုခံအားကျဆင်းမှု ရှိနေသူတွေမှာတော့ အဲနေရာတွေလည်း ယားယံကြပါတယ်။
ဝဲရောဂါ အတွက် ဆေးမလိမ်း မခြင်း မသောက်မခြင်း မပျောက်တော့ပါဘူး။ ဒါကြောင့် ဝဲရောဂါအတွက် ဆေးတွေ ကို စနစ်တကျ သောက်ပေး လိမ်းပေးမှ ပျောက်မှာပါ။ ဆေးပတ်လည်ပီဆိုရင်တောင် ဝဲကောင်လေးတွေ သေသွားပေမဲ့ ယားယံမှုက ၃-၄ ပတ် အထိ ဆက်ခံစားရနိုင်ပါသေးတယ်။
ဝဲရောဂါက ယားယံတာ အပြင် အနီပိန့် တွေ အဖုလေးတွေ ထွက်စေတတ်ပါသေးတယ်။ ကုတ်ရတဲ့ ဒဏ်ရာတွေမှာ ဘက်တီးရီးယား ပိုးထပ်ဝင်ပြီး ပြည် တည် တတ်ပါသေးတယ်။
ဝဲကောင်လေးတွေ အရေပြားအောက် တွားသွားနေတဲ့ scabies burrows လို့ခေါ်တဲ့ ဝဲလမ်းကြောင်းလေးတွေလည်း သေချာကြည့်ရင် တွေ့ကြရပါမယ်။
ဝဲရောဂါ အတွက် ကုတဲ့ဆေးတွေကတော့ လိမ်းဆေးကော သောက်ဆေးကော ရှိပေမယ့် လိမ်းဆေး နဲ့ပဲ ပျောက်ကင်း သက်သာသွားကြလေ့ရှိပါတယ်။
၁၊ 5% permethrin cream or lotion (Lorix)
၂၊ 25% Benzyl Benzoate lotion (Burscabies)
၃၊ 1%Gamma Benzene Hexachloride ( Lindane ၊ Scaboma )
၄၊ 0.5% malathion aqueous solution (Malathion lotion USP 0.5% )
ဒီလိမ်းဆေးတွေထဲက တခုခု သုံးလို့ရပါတယ်။လိမ်းတဲ့အခါမှာတော့ မေးရိုးကနေ အောက် ခြေဖျားအထိ တကိုယ်လုံး လက်သည်းကြား ခြေသည်းကြားမကျန် အကြားအလပ်မရှိိ လိမ်းပေးရပီး ၈-၁၂ နာရီကြာတဲ့အထိ ထားပေးရမယ်။ အဲဒီအချိန် အတွင်း ရေချိုးတာတွေ ၊ ခြေလက်ရေဆေးတာတွေ မလုပ်ရပါ။ ၁ပတ်အကြာမှာ ထပ်ပီးလိမ်းပေးရပါမယ်။ ဒါမှမဟုတ် ၃ရက်ဆက်တိုက် လိမ်းပေးလည်း ရပါတယ်။
တခု သတိထားရမှာရှိပါသေးတယ်။ အဝတ်တွေ၊ စောင် နှင့် အိပ်ယာခင်းတွေကို ရေပူပူနဲ့ စိမ်လျှော် တာတွေ သို့မဟုတ် ဆေးနဲ့ စိမ်ပေးတာတွေပါ တပြိုင်နက် လုပ်ပေးပါမှ ဝဲရောဂါ အမြစ်ပြတ်မှာပါ။
ကိုယ်ဝန်ဆောင်တွေလည်း လိမ်းလို့ရပါတယ်။
သောက်ဆေးအနေနဲ့ကတော့ Ivermertin ကို သောက်လို့ရပါတယ်။ လိမ်းဆေး သေချာ မလိမ်းနိုင်သူတွေ၊ လိမ်းဆေးနဲ့ မပျောက်ကင်းသူတွေအတွက် သောက်ဆေးကို သုံးရပါမယ်။ တပတ်အကြာမှာ နောက်တခါ ထပ်သောက်ပေးရပါမယ်။ ကိုယ်ဝန်ဆောင်တွေအတွက် တော့ သုံးလို့မရပါ။
ဒီလောက်ဆိုရင်တော့ ခံရခက်တဲ့ မရှက်နိုင် မဖုံးနိုင် အထိ ယားယံ တဲ့ ဝဲရောဂါ အကြောင်း သိရှိလာပါလိမ့်မည်ဟု ယူဆပါသည်။အကျိုးရှိပါစေဟု ရည်သန်လျက်
Dr. Fleming.