ဒီရောဂါကို သိပ်ရင်းနှီးမယ် မထင်ပါ။ ကျနော်တို့ပတ်ဝန်းကျင်မှာ အဖြစ်နည်းကြလို့ဖြစ်ပါတယ်။ ဒါပေမဲ့ ကျောက်ကပ်ကင်ဆာကလည်း လူတိုင်း ဖြစ်နိုင်ကြတော့ ဗဟုသုတ အလို့ငှာ ဖော်ပြရေးသားလိုက်ပါတယ်။ ကင်ဆာရောဂါဆိုတာက ခန္ဓာကိုယ်ရဲ့ အင်္ဂါ အစိတ်အပိုင်းတစ်ခုခုကဆဲလ်တွေဟာ အကြောင်းတစ်ခုခုကြောင့် ပုံမှန်ထိန်းချုပ်မှုကနေ လွတ်ထွက်သွားပြီး ခပ်မြန်မြန်ပွားများကြီးထွားလာကြတာဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အခြားနေရာများသို့ ပျံ့နှံ့သွားတတ်ပြီး အဲဒီအခါ ခန္ဓာကိုယ်ရဲ့ ဇိဝဖြစ်စဥ်တွေကို နှောက်ယှက်ဖျက်ဆီးပြီး အသက်အန္တရာယ် ရှိစေတာပဲဖြစ်ပါတယ်။
ဘယ်သူတွေမှာ ဖြစ်လေ့ရှိကြသလဲ
ပုံမှန်အားဖြင့် ကင်ဆာအများစုက အသက်ကြီးမှ ဖြစ်ကြတာပါ။ ကျောက်ကပ်ကင်ဆာကလည်း အသက်ကြီးသူတွေမှာပဲ ဖြစ်လေ့ရှိပါတယ်။ အသက် ၆၅ နှစ်မှ ၇၄ နှစ်အတွင်းမှာ စဖြစ်လေ့ရှိကြပါတယ်။ အမျိုးသားတွေက အမျိုးသမီးထက် ဖြစ်နိုင်ချေ (၂ ) ဆပိုများပါတယ်။ ရှားရှားပါးပါးဖြစ်တတ်တဲ့ Wilm's tumor ဆိုတဲ့ကျောက်ကပ်ကင်ဆာကတော့ ကလေးတွေမှာဖြစ်တတ်ပါတယ်။ အောက်ဖော်ပြပါလူများ
-မျိုရိုးထဲမှာ ကျောက်ကပ်ကင်ဆာ ဖြစ်ဖူးသူများ
-von Hippel-Lindau ( VHL ) လို့ခေါ်တဲ့မွေးရာပါ ရောဂါရှိသူများ
-ဆေးလိပ်သောက်သူများ
-အဝ လွန်သူများ
-သွေးတိုးရောဂါရှိသူများ
-နာတာရှည်ကျောက်ကပ်ရောဂါအတွက် ကြာရှည်ကျောက်ကပ်ဆေးနေရသူများ
-Tuberous sclerosis complex ရောဂါရှိသူများ
-ဓါတ်ရောင်ခြည်ကုသမှုခံယူနေရသူများ ၊ ဓါ်တ်ရောင်ခြည်အသင့်ခံရသူများ ကတော့ ကျောက်ကပ်ကင်ဆာရောဂါ ဖြစ်နိုင်ချေ ပုံမှန်ထက် အလားအလာများကြပါတယ်။
ဘယ်လိုရောဂါလက္ခဏာတွေ ခံစားကြရသလဲ
-ဗိုက်မှာ အကြိတ်/အလုံးစမ်းမိခြင်း (ကျောက်ကပ်ရှိတဲ့နေရာ )
-ဗိုက်အောင့်ခြင်း
-ဆီးထဲသွေးပါခြင်း
-သွေးတိုးရောဂါရှိလာခြင်း
-နုံးခွေခြင်း
-အစားအသောက်ပျက်ခြင်း
-တငွေ့ငွေ့ဖျားခြင်း
-ခန္ဓာကိုယ်အလေးချိန် သိသိသာသာ ကျဆင်းခြင်း
-သွေးအားနည်း ( ဟေမိုဂလိုဘင်ကျဆင်း ) လက္ခဏာများ ခံစားရခြင်း စတာတွေ ခံစားရနိုင်ပါတယ်။
ကျောက်ကပ်မှ ကင်ဆာကြိတ်ကို သရုပ်ဖော်ထားပုံ ခွဲစိပ်ထားသောကျောက်ကပ်အတွင်းမှကင်ဆာကြိတ်ကိုတွေ့ရပုံ
ရောဂါစစ်ဆေးရှာဖွေအတည်ပြုခြင်း
အာထွာဆောင်း ( Ultrasound-Abdomen ) ရိုက်ကြည့်လျှင်တော့ ကျောက်ကပ်မှာအကြိတ်တည်နေတာကိုတွေ့ရမှာပါ။ ကင်ဆာရောဂါဆိုတာ အတည်ပြုဖို့အတွက်တော့ CT Scan ရိုက်ခြင်း၊ MRI ရိုက်ခြင်း နှင့် ( Biopsy ) အသားစစစ်ဆေးခြင်းတို့ပြုလုပ်ပြီး အတည်ပြုရမှာဖြစ်ပါတယ်။
ကုသမှုများ
ကင်ဆာရောဂါတွေ ကုသတဲ့အခါ ရောဂါတွေကို စောစောသိလေ ထိရောက်မှုရှိလေ ဖြစ်ပါတယ်။ ကင်ဆာတွေကိုတော့ ရောဂါ အတိမ်အနက် နဲ့ တုံ့ပြန်မှုတွေ အပေါ်မူတည်ပြီး ခွဲစိပ်ကုသခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်း၊ ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်း ၊ သောက်ဆေးဖြင့်ကုသခြင်း စတာတွေနဲ့ ကုသပေးနေကြတာပါ။
ကျောက်ကပ်ကင်ဆာရောဂါအတွက် ခွဲစိပ်ကုသမှုက အထိရောက်ဆုံးဖြစ်ပါတယ်။ စောစောသိလေ စောစောခွဲစိပ်ကုသပေးလိုက်လျှင် ပျောက်ကင်းနိုင်ချေ များပါတယ်။
ခွဲစိပ်ကုသနည်းတွေမှာလည်း စောစောသိရလျှင်တော့ကင်ဆာအကြိတ်ကိုပဲ ခွဲထုတ်ဖို့လိုပါတယ်။ အကြိတ်ကကြီးပြီးနောက်ကျမှသိရလျှင်တော့ ကျောက်ကပ်တစ်ခုလုံး ခွဲထုတ်ရမှာပါ။
ရောဂါရဲ့ ပျံ့နှံ့မှု၊ အတိမ်အနက်၊ လူနာ၏ ရောဂါအခံနဲ့ အသက်အရွယ်တွေပေါ်မူတည်ပြီး သင့်တော်တဲ့ကုသနည်းနဲ့ ကုသကြရမှာပါ။
အခြားကုသနည်းများကတော့ အအေးငွေ့ဖြင့် ကင်ဆာကိုဆဲလ်များကိုတိုက်ဖျက်ခြင်း၊ လျှပ်စစ်အပူဖြင့်မီးရှို့တိုက်ဖျက်ခြင်း၊ ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်း၊ ဆေးသွင်းကုသခြင်း၊ Targeted drug therapy နဲ့ Immnuotherapy ဆိုပြီး လည်းရှိကြပါသေးတယ်။
ကာကွယ်ခြင်း
ဒီရောဂါ ဘာကြောင့်ဖြစ်ရသလဲဆိုတာ သေသေချာချာ မသိရတာကြောင့် ကာကွယ်လို့ မရဘူးလို့ ဆိုရမှာပဲဖြစ်ပါတယ်။ သို့သော် ဆေးလိပ်မသောက်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ ခန္ဓာကိုယ်အလေးချိန်ပုံမှန်ဖြစ်အောင်ထိမ်းသိမ်းခြင်း၊ သွေးတိုးနဲ့ဆီးချိုရောဂါတွေ ကာကွယ်ခြင်း၊ ကုသမှုခံယူခြင်းတွေကို သေချာလုပ်ပေးလျှင်တော့ဖြင့် ကျောက်ကပ်ကင်ဆာရောဂါ ဖြစ်နိုင်ချေကို အတိုင်းအတာတခုအထိလျှော့ချနိုင်မှာပါ။ ဒါကြောင့်အသက်ကြီးလာတဲ့အခါ ကျန်းမာရေး စစ်ဆေးမှု ပုံမှန်ပြုလုပ်ပြီး ရောဂါဖြစ်လာလျှင် စောစီးစွာ ကုသမှု ခံယူသင့်ပါတယ်လို့ အကြံပြုလိုက်ပါရစေ။
Dr Fleming
Reference..,
https://my.clevelandclinic.org/health/diseases/9409-kidney-cancer-overview