ခွေးရူးပြန်ရောဂါ ဆိုတာ ကြားမိလိုက်တာနဲ့ ဒီရောဂါဖြစ်နေသူဟာ သေချာပေါက်သေဆုံးရတော့မယ်ဆိုတာ အားလုံးသိကြပြီးဖြစ်ပါလိမ့်မယ်။မှန်ပါတယ် ဒီခွေးရူး ဗိုင်းရပ်ပိုးဟာ လူနဲ့နို့တိုက်သတ္တဝါတွေမှာ ကူးစက်ခံရပီဆိုတာနဲ့ ကျောရိုးအာရုံကျောမကနေတဆင့် ဦးဏှောက်အထိ ရောက်ရှိကာ ဦးဏှောက်ပျက်စီးပြီး သေဆုံးစေတာပဲဖြစ်ပါတယ်။ဒီခွေးရူးပြန်ပိုးဖြစ်တဲ့ Rabies viruses တွေဟာ တောတွင်းတိရိစ္ဆာန်ဖြစ်တဲ့ လင်းနို့တွေကတဆင့် ခွေး၊ တောကြောင်၊ မြေခွေး၊ ကြောင်နဲ့လူ စတဲ့ နို့တိုက်သတ္တဝါတွေဆီရောက်ရှိပြီး ရောဂါဖြစ်ပွားစေတာပဲဖြစ်ပါတယ်။ဒီရောဂါပိုးကူးစက်ခံရပြီဆိုလျှင်တော့ ခွေးရူးပြန်ရောဂါဖြစ်ဖို့ ရောဂါပျိုးချိန် ၂-ပတ်ကနေ ၇-နှစ်အထိ ကြာနိုင်ပါတယ်။ ဒါကြောင့် ဒီရောဂါမဖြစ်အောင် ခွေးရူးပြန်ကာကွယ်ဆေးတွေကို အချိန်မှီနဲ့ စနစ်တကျ ထိုးဖို့ အင်မတန် အရေးကြီးလှပါတယ်။
ဒါကြောင့် ခွေးကရူးမနေလည်း သူ့ကိုယ်တွင်းမှာ ခွေးရူးပိုးရှိနေနိုင်လို့ ခွေးကိုက်ခံရပြီဆိုတာနဲ့ ကာကွယ်ဆေးထိုးသင့်ပါတယ်။ကိုယ့်အိမ်မှာ ကာကွယ်ဆေးထိုးထားတဲ့ အလှမွေးခွေးကိုက်ခံရတာဆိုလျှင်တော့ စဥ်းစားရမှာပေါ့။ ဘာပဲဖြစ်ဖြစ် လူတွေကို ကိုက်တတ် ခြစ်တတ်တဲ့ ခွေး ကြောင် အကိုက်ခံရပြီလျှင်တော့ ကာကွယ်ဆေးထိုးတာက စိတ်အချရဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ခွေးအကိုက်မခံရလည်း ကိုယ်ပေါ်မှအနာကို ခွေး၊ကြောင်တွေရဲ့ လျှာနဲ့အယက်ခံရလျှင် ခွေးရူးပိုးကူးစက်ခံရနိုင်ပါသေးတယ်။ခွေး ကြောင်တွေရဲ့ သွားရည်တွေမှာ ခွေးရူးပိုးရှိနေနိုင်လို့ပါ။
ခွေးကိုက်ခံရပြီဆိုလျှင်( ကာကွယ်ဆေးမထိုးဖူးသေးသူများအတွက် )
၁။ ခွေးကိုက်ဒဏ်ရာကို ဆေးကြောခြင်း
-ပထမဦးစွာ ဒဏ်ရာကို ရေတဖျောဖျောလောင်းပြီးဆပ်ပြာနဲ့ ဆေးပေးရပါမယ်။
-Iodine ပါတဲ့ဆေးရည်နဲ့လည်း ထပ်မံဆေးပေးရပါမယ်။
-မေးခိုင်ရောဂါကာကွယ်ဆေး တပြိုင်နက်ထိုးပါ။
-ဘက်တီးရီးယားပိုဝင်ပြီး အနာရင်းနိုင်တာကြောင့် ပိုးသတ်ဆေးလည်း သောက်ပေးရပါမယ်။
၂။ခွေးရူးပြန်ကာကွယ်ဆေးထိုးပါ။ ( Rabies vaccines )
-ခွေးကိုက်ရပြီဆိုတာနဲ့ ကာကွယ်ဆေး တစ်လုံးစထိုးပါ။
-ပထမတစ်လုံးထိုးပြီး ၃-ရက်အကြာမှာ တစ်လုံး
-ပထမတစ်လုံးထိုးပြီး ၇-ရက်အကြာမှာ တစ်လုံး
-ပထမတစ်လုံးထိုးပြီး ၁၄-ရက်အကြာမှာ တစ်လုံး ထိုးပေးရပါမယ်။ ရက်အကွာအခြားကိုတော့ ( 0-3-7-14 ) လို့မှတ်လို့ရပါတယ်။
ကိုယ်ခံအားကျဆင်းနေသူတွေမှာဆိုရင်တော့ ပထမတစ်လုံးထိုးပြီး ၂၈ရက်အကြာမှာ တစ်လုံး ထပ်ထိုးရပါမယ်။ဒီလိုထိုးတဲ့အချိန်မှာ စုစုပေါင်း ၄-လုံးထိုးမှာလား ၅-လုံး ထိုးမှာလားနဲ့ ရက်အကွာအခြားက ကာကွယ်ဆေးအမျိုးအစားပေါ်မူတည်ပြီးကွာခြားတတ်ကြပါတယ်။နီးစပ်ရာ ဆရာဝန်နဲ့တိုင်ပင်ရပါမယ်။
မှတ်ချက်။ လူကြီးဆိုလျှင်တော့ လက်မောင်းမှာ ထိုးပေးရပြီး ကလေးတွေမှာတော့ ပေါင်ဘေးမှာထိုးပေးရပါမယ်။တင်ပါးမှာ လုံးဝမထိုးရပါ။
ကိုယ်ဝန်ဆောင်မိခင်များလည်း ထိုးလို့ရပါတယ်။
ခွေးရူးပြန်ကာကွယ်ဆေး ခွေးရူးပြန်ကာကွယ်ဆေး
၃။ခွေးရူးပိုးအမြန်သတ်ဆေးထိုးရပါမယ်။ ( Immunoglobulin )
-Rabies immunoglobulin ကို 20IU/Kg နှုန်းနဲ့တွက်ပြီး ဒဏ်ရာတဝိုက်အမြန်ဆုံးထိုးပေးရပါမယ်။အဲဒီဆေးက ခွေးရူးဗိုင်းရပ်တွေကို တိုက်ရိုက် သတ်ပေးပါတယ်။
Rabies immunoglobulin
ကာကွယ်ဆေးထိုးဖူးသူများအတွက်
-ခွေးအကိုက်ခံရပြီဆိုတာနဲ့ခွေးရူးပြန်ကာကွယ်ဆေးတစ်လုံးချက်ခြင်းထိုးပါ။
-၃ရက်အကြာမှာ ဒုတိယ တစ်လုံးထိုးပေးလျှင်လုံလောက်ပါပြီ။
-Rabies Immnoglobulin ထိုးပေးရန်မလိုအပ်ပါ။
ခွေးရူးပြန်ရောဂါအန္တရာယ်မှ ကင်းဝးကြေပါစေ။
Dr. Fleming
https://www.cdc.gov/rabies/medical_care/vaccine.html
http://annapurnapharmacy.com/drug/5968-equirab-inj-antirabies-immunoglobulin-