အရင်အပတ်တွေက ငယ်စဥ်တောင်ကျေး ကလေးဘဝကတည်းက ထိုးထားကြရတဲ့ DPT လို့ခေါ်တဲ့ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး နဲ့ မေးခိုင်ရောဂါ ကာကွယ်ဆေးတွေနဲ့ ရောဂါတွေအကြောင်း ရေးခဲ့ပြီးဖြစ်ပါတယ်။
ဒီတစ်ပတ်မှာတော့ နောက်ထပ် ကာကွယ်ဆေးမဖြစ်မနေသောက်ထားရမဲ့ ထိုးထားရမဲ့ ရောဂါတစ်ခု အကြောင်းပဲဖြစ်ပါတယ်။
အဲဒါကတော့... ပိုလီယို ရောဂါ အကြောင်းပဲဖြစ်ပါတယ်။
ပိုလီယိုရောဂါဆိုတာက အသက် (၁၅)နှစ်အောက် အထူးသဖြင့် အသက်(၅)နှစ်အောက်ကလေးငယ်တွေမှာ ရုတ်တရက်အကြောသေပျော့ခွေ ခံစားရတဲ့ ရောဂါပဲဖြစ်ပါတယ်။ ပိုလီယိုကြောင့် အကြောသေတာက ပုံမှန်အတိုင်း ပြန်မဖြစ်တော့ပါဘူး။ ဘဝတလျှောက်လုံး နာတာရှည် ရောဂါဖြစ်ပြီး ဒုက္ခိတ အနေနဲ့ ဖြစ်သွားကြပါတယ်။ ဒါကြောင့် ဒီပိုလီယို ရောဂါကို ကာကွယ်ဖို့ အလွန်လိုအပ်ပြီး ကာကွယ်ဆေးကို သောက်ထား ထိုးထားကြဖို့ အရေးကြီးပါတယ်။
ပိုလီယို ရောဂါ ဘာကြောင့်ဖြစ်တာလဲ
ပိုလီယို အကြောသေရောဂါက ပိုလီယိုဗိုင်းရပ်စ် ပိုးအကူးစက်ခံရလို့ပဲဖြစ်ပါတယ်။ ပိုလီယိုဗိုင်းရပ်စ်ပိုး (၃)မျိုးရှိပြီး PV1 ၊ PV2 နဲ့ PV3 လို့ခေါ်ကြပါတယ်။ PV2 နဲ့ PV3 ကြောင့် ပိုလီယိုရောဂါ မဖြစ်ကြတော့ဘဲ PV1 ကြောင့်သာ ဖြစ်ပွားမှုရှိပါတော့တယ်။ ရောဂါပျိုးချိန်က (၃) ရက်မှ (၂၁) ရက်အထိ ကြာတတ်ပါတယ်။
ရောဂါပိုးက ဘယ်လိုကူးစက်တာလဲ
အဓိကအားဖြင့်တော့ ဒီရောဂါပိုးက ရောဂါပိုးပါတဲ့ အစားအစာ၊ ရေနဲ့ အသုံးအဆောင်ပစ္စည်းများမှ စားသုံးမိပြီး အစာလမ်းကြောင်းမှ တဆင့် ကူးစက်စေတာ ဖြစ်ပါတယ်။
ရောဂါလက္ခဏာများ
ပိုလီယိုဗိုင်းရပ်စ် ပိုး ကူးစက်ခံရသူတွေရဲ့ အများစု (၇၀) ရာခိုင်နှုန်းခန့်ဟာ ဘာရောဂါလက္ခဏာမှ ခံစားရလေ့မရှိပါ။ (၂၅) ရာခိုင်နှုန်းခန့်ကတော့
-ဖျားခြင်း
-ခေါင်းကိုက်ခြင်း
-အန်ခြင်း
-ဝမ်းလျှောခြင်း စတဲ့ တုပ်ကွေးရောဂါလက္ခဏာများကို (၅)ရက်အထိ ခံစားကြရလေ့ရှိပါတယ်။
ရောဂါပိုးကူးစက်ခံရသူ (၁) ရာခိုင်နှုန်းအောက် ကလေးငယ်တွေမှာတော့ ( Acute Flaccid Paralysis ) လို့ခေါ်တဲ့ ရုတ်တရက် အကြောသေ ပျော့ခွေ ဖြစ်သွားကြပြီး အသက်အန္တရာယ်ဆုံးရှုံးခြင်း (သို့မဟုတ်) နာတာရှည် အကြောသေအဖြစ် ခံစားသွားကြရပါတယ်။
ကုသမှု
ပိုလီယိုရောဂါပိုးကူးစက်ခံရပြီး သာမာန် ဖျားနာကိုက်ခဲသူများအတွက် ပါရာစီတမော စတဲ့ အိမ်သုံးဆေးဝါးတွေသောက်ပြီး သက်သာအောင်ကုသပေးလို့ရပါတယ်။
ပိုလီယိုကြောင့် အကြောသေပျော့ခွေ ဖြစ်သွားရင်တော့ ပျောက်ကင်းအောင်ကုသတဲ့နည်းလမ်းမရှိပါဘူး။ ဘဝတသက်သာ တလျှောက်လုံး အကြောသေရောဂါခံစားရမှာဖြစ်တာကြောင့် ကာကွယ်ဆေးကိုစနစ်တကျမှန်ကန်ပြည့်ဝစွာ သောက်ထားဖို့ ထိုးထားဖို့ အလွန်အရေးကြီးလှပါတယ်။
ပိုလီယိုကာကွယ်ဆေးများ
ပိုလီယိုအကြောသေရောဂါက ကလေးငယ်တွေမှာ အဖြစ်များတဲ့အတွက် ပိုလီယို ကာကွယ်ဆေးကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ (၁၉၈၈) ကစပြီး သုံးစွဲလာခဲ့ကြတာပါ။ အဲနှစ်ကတည်းက စပြီး ပိုလီယို ဖြစ်နှုန်းတွေကျဆင်းလာခဲ့ပြီး ပိုလီယိုးပိုး (၂) နဲ့ (၃) ( PV-2၊ PV-3 ) တို့ဟာ ကမ္ဘာပေါ်မှာ ဖြစ်ပွားနှုန်းကင်းစင်သွားပြီဖြစ်ပါတယ်။ ပါကစ္စတန် နဲ့ အာဖဂန်နစ္စတန် နိုင်ငံတွေမှာတော့ ၂၀၂၀ ခုနှစ်တွေအထိ ပိုးလီယိုရောဂါပိုး အမှတ် ၁ ( PV-1 ) ကြောင့် ပိုလီယိုရောဂါတွေ ဖြစ်နေဆဲပါ။
ပိုလီယို ကာကွယ်ဆေးမှာ အစက်ချသောက်ဆေး( OPV- Oral polio vaccine ) နဲ့ ထိုးဆေး ( IPV- Inactivated Polio Vaccine ) ဆိုပြီးရှိပါတယ်။ အစက်ချသောက်ဆေးကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ သုံးနေကြပါတယ်။ အစောပိုင်းမှာ ပိုလီယိုရောဂါပိုး (၃)မျိုးလုံးအတွက် ပေါင်းစက်ထားတဲ့ ကာကွယ်ဆေးကိုသုံးခဲ့ပြီး ပိုလီယိုရောဂါပိုးအမှတ်(၂) ကြောင့် ရောဂါဖြစ်ပွားမှုမရှိတော့တာကြောင့် ၂၀၁၆ နောက်ပိုင်းမှာ (၂)မျိုးစပ် ပိုလီယိုကာကွယ်ဆေးကိုပဲ သုံးပါတော့တယ်။
သောက်ဆေးမှာက ပီုလီယိုဗိုင်းရပ်စ်ကို အားနည်းအောင်ပြုပြင်ဖန်းတီးပြီး ပိုးအရှင်ကို သုံးထားတာပဲ ဖြစ်ပါတယ်။ သောက်ဆေးရဲ့ အားသာချက်တွေကတော့ ထိရောက်မှုရှိပြီး စျေးလည်းသက်သာတယ်။ ပြုပြင်ထားတဲ့ အားနည်းရောဂါပိုးကို အသုံးပြုတာဖြစ်ပြီး ကာကွယ်ဆေးသောက်ထားသူကနေ အခြားလူများကို ကူးစက်သွားရင် အခြားလူတွေအတွက်လည်း ကာကွယ်နိုင်စွမ်းပေးပါသေးတယ်။ အားနည်းချက်အနေနဲ့ကတော့ ကာကွယ်ဆေးကြောင့် အကြောသေခြင်း ( VAPP ) ဖြစ်တတ်ပြီး ရှားပါးဖြစ်စဥ်ပါ။ လူ ၂ သန်း ၇ သိန်း. မှ တစ်ယောက်လောက် ဖြစ်တတ်တာမျိုးပါ။ ပထမအကြိမ် ကာကွယ်ဆေးတိုက်ပြီးချိန်မှာ ဖြစ်တတ်တာပါ။ နောက်တစ်ခုအနေနဲ့ ကာကွယ်ဆေးတိုက်ကျွေးခြင်း လွမ်းခြုံမှုနည်းပါးသောဒေသများတွင် ( cVDPV- circulating derived poliovirus ) ဟုခေါ်တဲ့ အချိန်ကာလကြာတဲ့အခါ ကာကွယ်ဆေးတွင်ပါဝင်သောဗိုင်းရပ်စ်ကြောင့် အကြောသေရောဂါ ဖြစ်တတ်ပါသေးတယ်။ ဒါလည်းအလွန်ရှားပါးဖြစ်စဥ်တစ်ခုပါ။
ပိုလီယိုရောဂါကာကွယ်ဆေး ထိုးဆေးဖြစ်တဲ့ ( IPV ) ကတော့ ပီုလီယိုရောဂါပိုး အသေကိုသုံးပြီး ကာကွယ်ဆေးဖော်ထုတ်ထားတာပါ။ ထိရောက်မှုကောင်းပြီး စျေးကြီးပါတယ်။ ရောဂါပိုး အသေကိုသုံးထားတဲ့အတွက်ကြောင့် ( VAPP ) မဖြစ်ပါ။ ထိုးဆေးဖြစ်တာကြောင့် ကရိကထ များပါတယ်။ ထိုးထားတဲ့လူကိုပဲ ကာကွယ်ပေးပြီး သောက်ဆေးကဲ့သို့ အခြားသူတွေကို ကာကွယ်မပေးနိုင်ပါ။ ထိုးဆေးတစ်မျိုးတည်းကိုပဲ အမေရိကန် နိုင်ငံမှာ ၂၀၀၀ ခုနှစ်စပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အသုံးပြုနေပါတယ်။ ကျန်နိုင်ငံတွေမှာတော့ အစက်ချသောက်ဆေး ၃ ကြိမ် တိုက်ကျွေးပြီး ထိုးဆေး ၁ကြိမ်နဲ့ တွဲ အသုံးပြုနေကြပါတယ်။ ကာကွယ်ဆေး ၄ကြိမ် ပြည့်မှ တသက်သာ ကာကွယ်နိုင်စွမ်းရှိမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ အမေရိကန် ( CDC ) တို့က တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အစက်ချသောက်ဆေးကိုပဲ ကလေးအသက် (၂)လ၊ (၄)လ နဲ့ (၆)လတို့မှာတိုက်ကျွေးပြီး ထိုးဆေးကို အသက် (၄) မှာ ထိုးပေးပါတယ်။
စစ်မက်ဖြစ်ပွားမှုတွေကြောင့် ကာကွယ်ဆေး မရခဲ့ရင် ကလေးငယ်တွေမှာ ပိုလီယိုရောဂါ ပြန်လည် ဖြစ်ပွားနိုင်တာကြောင့် ပိုလီယိုရောဂါကာကွယ်ဆေးကို တိုက်ထားဖို့ ထိုးထားဖို့ အရေးကြီးကြောင်း ရေးသားသတိပေးလိုက်ရပါတယ်။
Dr. Fleming
https://www.who.int/health-topics/poliomyelitis#tab=tab_1
https://www.cdc.gov/polio/hcp/vaccine-considerations/index.html
https://polioeradication.org/about-polio/the-vaccines/opv/
https://polioeradication.org/about-polio/the-vaccines/ipv/