ကျောက်ရောဂါ small pox ဆိုတာ ကမ္ဘာမှာ ပပျောက်သွားခဲ့ပြီလို့ ၁၉၈၀ ခုနှစ်က ကြေငြာခဲ့ပါတယ်။ ၁၉၇၈ က စတင်လို့ ကျောက်ရောဂါ လူနာ အသစ် လုံးဝ မတွေ့ရတော့ဘူးလို့ ဆိုပါတယ်။ ဒါကလည်း ကျောက်ရောဂါ ကာကွယ်ဆေး ရဲ့ အကျိုးကျေးဇူးကြောင့်ပါဘဲ။ ဒါပမေဲ့လည်း ကျောက်ရောဂါပိုးနဲ့ မျိုးနွယ်ဆင်တူ ဗိုင်းရပ်စ် ပိုးကြောင့် monkeypox (Mpox) ခေါ်တဲ့ မျောက်ကျောက် ရောဂါကတော့ ကပ်ရောဂါအသွင် ကူးစက်ပျံ့ပွားမှုကို ၂၀၂၂ မှာ တွေ့လာရပြန်ပါတယ်။

ရာဇဝင်
---------
မျောက်ကျောက်ကို ၁၉၅၈ ခုနှစ် ကတည်းက မျောက်တွေမှာ ကျောက်ရောဂါ ကပ်အသွင်လိုမျိုး ဖြစ်ပွားတာ သုတေသနပြုရာက စတင်တွေ့ရှိခဲ့ပါတယ်။ လူတွေမှာတော့ ၁၉၇၀ ခုနှစ် မှာ ကွန်ဂို နိုင်ငံမှာ စတင် တွေ့ရှိရပြီး အာဖရိကတိုက် တဝှမ်းနိုင်ငံတွေမှာ ကူးစက်ပျံ့ပွားလာကြတာပါ။ ၂၀၂၂ ခုနှစ်မှာတော့ ကမ္ဘာတဝှမ်း ကပ်အသွင် ဖြစ်ပွားမှုကို ကြုံခဲ့ရတာပါ။
အစဉ်အလာအားဖြင့် အာဖရိကတိုက် အလယ်ပိုင်းနဲ့ အနောက်ပိုင်းတွေမှာသာ ဖြစ်ပွားတတ်ပေမဲ့ နိုင်ငံတကာ ခရီးသွားလာမှု ၊ တိရိစ္ဆာန်တွေ တင်ပို့မှု နဲ့ ရောဂါရှိတဲ့ လူ သို့မဟုတ် တိရိစ္ဆာန်တွေနဲ့ ထိတွေ့မှုတွေကနေ အာဖရိကတိုက်ပြင်ပကို ရောက်ရှိလာတာပါ။
ဘယ်တုန်းကမှ ဒီရောဂါ မဖြစ်ပွားတတ်တဲ့ အမေရိကန်လို နိုင်ငံမျိုးတွေမှာ မျောက်ကျောက် ရောဂါကို ၂၀၂၂ မှာ စတင်တွေ့ရှိလာကြတာပါ။ ၂၀၂၂ ကနေ ၂၀၂၄ ဇူလိုင်အထိ နိုင်ငံပေါင်း ၁၁၆ နိုင်ငံမှာ ရောဂါပိုးတွေ့ရှိသူ ၉၉၉၁၇၆ ဦး ရှိပြီး သေဆုံးသူ ၂၀၈ ယောက် ရှိတယ်လို့ ဆိုပါတယ်။

မျောက်ကျောက် ဆိုတာ 
---------------------------
Monkeypox သို့မဟုတ် mpox ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ရတဲ့ ရှားပါး ရောဂါတခုပါဘဲ။ ပုံမှန်အားဖြင့် ကြွက်တွေနဲ့ မျောက်လို သတ္တဝါတွေမှာသာ ဖြစ်တတ်ပေမဲ့ လူတွေမှာလည်း ကူးစက်ဖြစ်ပွားလာတာပါ။ မျောက်ကျောက် ဗိုင်းရပ်စ် ပိုးက Clade I နဲ့ Clade II လို့ အမျိုးအစားတွေ ရှိကြပြီး Clade I မှာ Clade I a နဲ့ Clade I b ရှိသလို Clade II မှာ Clade II a နဲ့ Clade II b လို့ ထပ်ခွဲပါတယ် ။ အခု ဖြစ်ပွားများနေတာက Clade II အမျိုးအစား အဖြစ် တွေ့ရှိရပြီး သေပျောက်မှု နည်းပါးတယ်လို့ ဆိုပါတယ်။ Clade Ib ကတော့ လိင်ဆက်ဆံမှုကနေ ပိုပြီး ကူးစက်တာ တွေ့ရတယ်လို့ ဆိုပါတယ်။

မျောက်ကျောက် ရဲ့ ရောဂါ လက္ခဏာတွေ
-----------------------------------------------
ရောဂါပိုး ထိတွေ့ ဝင်ရောက်ပြီး ၃ ရက်ကနေ ၁၇ ရက်လောက်အထိ ကြာမှ လက္ခဏာတွေ ပေါ်လာတတ်ပါတယ်။ ရက်သတ္တပတ် ၂ ပတ်ကနေ ၄ ပတ်လောက်အထိ ကြာအောင်ခံစားရလေ့ ရှိတဲ့ လက္ခဏာတွေကတော့ -

• ဖျားတာ

• အရေပြားမှာ အဖုအပိန့်တွေ ထွက်တာ -

- အဖျားဝင်ပြီး ၁ ရက်ကနေ ၄ ရက် အတွင်းမှာ အရေပြား အဖုအပိန့်တွေ ထွက်လာတတ်ပါတယ်။

- အဖုအပိန့်တွေက မျက်နှာ ၊ လက်ဖဝါး၊ ခြေဖဝါး တွေမှာ စတင်ပေါ်ပေါက်ပြီး တကိုယ်လုံးကို ပျံ့နှံ့သွားတတ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ဖြစ်ပွားသူတွေကျတော့ လိင်အင်္ဂါ အနီး နေရာတွေနဲ့ ပါးစပ်၊ လည်ချောင်းတွေမှာ စတင်ပေါ်ပေါက်လာကြတာ တွေ့ရတယ်လို့ ဆိုပါတယ်။

- အဖုအပိန့် တွေက အရေပြားပေါ်မှာ အစက်အပြောက်လိုမျိုးကနေ ရေကြည်ဖုလေးတွေ အထိ ဆင့်ဆင့် ပြောင်းလဲလာတတ်ပါတယ်။

- အဖုတွေက ပြည်တည်လာပြီး ၂ ပတ်ကနေ ၄ ပတ် လောက်ကြာရင်တော့ အနာဖေးကွာကျသွားတတ်ပါတယ်။

• အကျိတ်တွေ ယောင်ရမ်းတာ

• ခေါင်းကိုက်တာ

• ကြွက်သားတွေ နာကျင်ကိုက်ခဲတာ နဲ့ ခါးနာခါးကိုက်တာ

• ချမ်းစိမ်စိမ့် ဖြစ်တာ

• မောပန်းတာ

စတဲ့ လက္ခဏာတွေ ဖြစ်ပွားလေ့ရှိပြီး လက္ခဏာရှိနေချိန် တလျောက်လုံးမှာ တခြားသူတွေကို ကူးစက်စေနိုင်ပါတယ်။

ရောဂါ ဘယ်လို ကူစက်ပျံ့ပွားသလဲ
----------------------------------------

Mpox ဗိုင်းရပ်စ်က နေ မျောက်ကျောက် ရောဂါ ဖြစ်ပွားစေပါတယ်။ ဗိုင်းရပ်စ်ပိုးက ရောဂါ ဖြစ်ပွားနေတဲ့ လူ သို့မဟုတ် တိရိစ္ဆာန် နဲ့ အနီးကပ် ထိတွေ့မှုကြောင့် ကူးစက်စေတာပါ။ ဒါမှမဟုတ် ရောဂါပိုးရှိနေသူ ထိတွေ့ထားတဲ့ ပစ္စည်း ပစ္စယတွေ ထိမိကိုင်မိရာကနေလည်း ကူးစက်စေတာပါ။
လူတယောက်ကနေ တယောက်ကို ကူးစက်စေနိုင်တာကတော့-

• ရောဂါဖြစ်နေသူရဲ့ အရေပြား အဖုအပိန့်တွေ၊ အနာဖေးတွေ၊ ခန္ဓာကိုယ်က အရည်တွေနဲ့ တိုက်ရိုက်ထိတွေ့ခြင်း

• ရောဂါဖြစ်ပွားနေသူရဲ့ အသက်ရှုလမ်းကြောင်းထွက် အမှုန်အမွှားတွေနဲ့ ၄ နာရီထက်ပိုပြီး အနီးကပ် ထိတွေ့မိခြင်း (လိင်ဆက်ဆံမှုလည်း အကျုံးဝင်ပါတယ်)

• ရောဂါရှိသူရဲ့ အရေပြား အဖုအပိန့် ၊ ခန္ဓာကိုယ်ထွက် အရည်တွေ ထိမိထားတဲ့ အဝတ်အစား၊ စောင် နဲ့ တခြား ပစ္စည်းတွေ အနီးကပ် ထိတွေ့ခြင်း

• ရောဂါ ရှိနေတဲ့ ကိုယ်ဝန်ဆောင် မိခင်ကနေ သန္ဓေသားကို ကူးစက်စေခြင်း

ရောဂါ ဖြစ်နေတဲ့ တိရိစ္ဆာန်ကနေ လူကို ကူးစက်စေနိုင်တာကတော့-

• ရောဂါ ရှိနေတဲ့ တိရိစ္ဆာန် ကိုက်တာ ၊ ကုတ်ခြစ်တာ ခံရတဲ့အခါ

• ရောဂါရှိနေတဲ့ တိရိစ္ဆာန်ရဲ့ အသားကို ကျက်အောင် မချက်ဘဲ စားမိတာ

• ရောဂါရှိနေတဲ့ တိရိစ္ဆာန် ရဲ့ အရေခွံ ၊ အမွေး တွေနဲ့ လုပ်ထားတဲ့ ပစ္စည်းတွေ ကိုင်တွယ်တာ

• ရောဂါ ရှိနေတဲ့ တိရိစ္ဆာန်ရဲ့ အရေပြား အဖုအပိန့်တွေ၊ ခန္ဓာကိုယ်ထွက် အရည်တွေ တိုက်ရိုက် ထိတွေ့မိတာ

စတဲ့ နည်းလမ်းတွေနဲ့ ကူးစက်ခံကြရတာပါ။

နောက်ဆက်တွဲ ရောဂါတွေ
------------------------------
မျောက်ကျောက် ကနေ နောက်ဆက်တွဲတွေ အဖြစ် -

• မျက်နှာ ၊ ‌ခြေ ၊ လက်တွေမှာ အမာရွတ်တွေ ဆိုးဝါး ကျန်ရစ်တတ်တာ

• မျက်စိကွယ်တတ်တာ

• တခြား ကူးစက်ရောဂါတွေ ဝင်ရောက်တတ်တာ

• ရှားရှားပါးပါး လူနာ အနည်းအကျဉ်းမှာ သေဆုံးတတ်တာ

ဘယ်လို ကာကွယ်နိုင်မလဲ

ရောဂါ ပျံံနှံ့ကူးစက်မှုကို ကာကွယ်နိုင်ဖို့ လုပ်နိုင်တာလေးတွေတော့ ရှိပါတယ်-

• အရေပြားပေါ်မှာ ကျောက်ရောဂါဆန်ဆန် အဖုအပိန့်လေးတွေ ထွက်နေသူနဲ့ အနီးကပ်ထိတွေ့ခြင်းက ရှောင်ကျဉ်ပါ

• ရောဂါရှိတဲ့ လူ သို့မဟုတ် တိရိစ္ဆာန် နဲ့ ထိတွေ့မိထားတဲ့ အဝတ်အစား၊ အိပ်ရာခင်း၊ စောင် လိုမျိုးနဲ့ တခြား ပစ္ဏည်းတွေကို ထိကိုင်ခြင်း ကနေ ရှောင်ကျဉ်ပါ

• ရောဂါ ဖြစ်ပွားနေသူကို အခြားသူများနဲ့ သီးသန့်ခွဲခြား ထားပါ

• ရောဂါပိုးရှိနေတယ်လို့ ယူဆရတဲ့ လူ သို့မဟုတ် တိရိစ္ဆာန်တွေနဲ့ ထိတွေ့မိရင် လက်ကို ပ်ေပြာနဲ့ ရေ သုံးပြီး သေချာစွာ ဆေးကြောပါ ၊ ရေနဲ့ ဆပ်ပြာ အဆင်မပြေရင် အရက်ပျံပါဝင်တဲ့ လက်ဆေးရည်တွေ အသုံးပြုပါ။

• ရောဂါ သယ်ဆောင်တတ်တဲ့ ကြွက် ၊ မျောက် လို သတ္တဝါတွေကို ရှောင်ကျဉ်ပါ

ကာကွယ်ဆေးနဲ့ မျောက်ကျောက်
--------------------------------------
မျောက်ကျောက် ရောဂါပိုးက ကျောက်ရောဂါပိုးနဲ့ ဆက်စပ်မှု ရှိတာကြောင့် ကျောက်ရောဂါ ကာကွယ်ဆေး ACAM2000 နဲ့ Jynneos တွေ အသုံးပြုပြီး ကာကွယ်နိုင်ပါတယ် ။ ဒါပေမဲ့ ရောဂါ မပြင်းထန်ဖို့ နဲ့ ဆေးရုံတက် ကုသရတာမျိုးတွေ မဖြစ်ဖို့သာ အထောက်အကူဖြစ်ပြီး တိကျတဲ့ ကာကွယ်မှုလို့တော့ မဆိုနိုင်ပါဘူး။ ရောဂါ ကူးစက်ဖို့ အခွင့်အလမ်းများတဲ့ ကျန်းမာရေးလုပ်သားတွေ ၊ ရောဂါခံစားမှု ပြင်းထန်နိုင်ချေရှိတဲ့ သက်ကြီးရွယ်အိုနဲ့ နာတာရှည် ရောဂါ ရှိသူတွေကို ထိုးနှံတာမျိုးတော့ အကြံပြုကြပါတယ် ။အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ရေး CDC ကတော့ အဲဒီ ကာကွယ်ဆေးတွေ လူတိုင်းကို ထိုးနှံဖို့တော့ တိုက်တွန်း အကြံပေးတာ မရှိပါဘူး။

ဘယ်လို ကုသနိုင်မလဲ
-------------------------
မျောက်ကျောက် ရောဂါအတွက် တိကျတဲ့ ကုသမှု မရှိသေးပါဘူး။ လက္ခဏာတွေ သက်သာဖို့သာ လုပ်ဆောင်ပေးနိုင်ပါတယ်။ အဓိက ပြုစုပေးနိုင်တာကတော့ -

• အရေပြားမှာ အဖုအပိန့်တွေကြောင့် ဖြစ်လာတဲ့ အနာတွေကို ကုသပေးတာ

• ရေများများသောက်စေတာ

• နာကျင်မှုအတွက် သာမန် နာကျင် ကိုက်ခဲ သက်သာစေတဲ့ ဆေးတွေ တိုက်တာ

စတာတွေ လုပ်ဆောင်ပေးနိုင်ပါတယ်။
ကပ်ကြီးသုံးပါးနဲ့ မပြတ်လပ်တဲ့ ရေမြေမှာ နောက်ထပ် ကပ်ရောဂါ တခု ဖြစ်ပေါ်လာနိုင်တာကို သတိပေးရင်း တတ်နိုင်တဲ့ နည်းလမ်းတွေ ကျင့်သုံးပြီး သက်သာရာ ရနိုင်စေကြောင်း စုစည်း ဝေမျှပေးလိုက်ပါတယ် ။ ။

Reference;https://www.mayoclinic.org/.../monkeypox-faq/faq-20533608