ဒီရောဂါလက္ခာက အပြောမများကြပေမယ့် လူတွေမှာ အဖြစ်မနည်းလှပါဘူး။ ကျောက်ကပ်မှာ ရေစုတာ ဒါမှမဟုတ် ဆီးဝပ်တယ်ဆိုတဲ့ရောဂါက ကျောက်ကပ်ကနေ ဆီးအိမ်ဆီကို ဆီးတွေပို့တဲ့ လမ်းကြောင်းကျဥ်းသွားလို့ သို့မဟုတ် ပိတ်သွားလို့ ဆီးတွေ ကျောက်ကပ်မှာစုလာတဲ့အခါ ကျောက်ကပ်ကြီးလာပြီး ဖောင်းတင်းလာတဲ့အခြေအနေကို ဆိုလိုတာပါ။ Hydronephrosis ဖြစ်တဲ့နှုန်းက အရွယ်ရောက် လူတွေရဲ့ ဘဝတစ်ချိန်ချိန်မှာ အယောက် ၁၀၀ တွင် ၁ယောက်တော့ ဖြစ်လေ့ရှိတယ်လို့ ဆိုထားပါတယ်။
ကျနော်တို့လူတွေရဲ့ ကျောက်ကပ်နဲ့ဆီးလမ်းကြောင်းကို လေ့လာကြည့်ကြရအောင်ပါ။ နှလုံးကနေ ထုတ်လွှတ်လိုက်တဲ့ သွေးတွေက ဝမ်းဗိုက်သွေးလွှတ်ကြောမကြီးနှင့် ကျောက်ကပ်သွေးလွှတ်ကြောတို့မှတဆင့် ကျောက်ကပ်ဆီကို ရောက်ပါတယ်။ ကျောက်ကပ်မှာ အဆိပ်အတောက်နဲ့ မလိုအပ်တော့တဲ့ ဓါတ်သတ္တုတွေကို ဆီးအဖြစ် ထုတ်ပေးပါတယ်။ သန့်ပြီးသား သွေးတွေကတော့ သွေးပြန်ကြောမှတဆင့် နှလုံးဆီကိုပြန်လည်ရောက်ရှိသွားပါတယ်။ စွန့်ထုတ်လိုက်တဲ့ဆီး ( Urine ) ကိုတော့ ဆီးပို့ပြွန် ( Ureter ) မှတဆင့် ဆီးအိမ် ( Bladder ) ထဲကို ပို့ပေးတာဖြစ်ပါတယ်။ ဆီးအိမ်ထဲကနေ ဆီးထုတ်ပြွန် ( Urethra ) မှ အပြင်သို့ ဆီးအဖြစ် စွန့်ထုတ်တာ ဖြစ်ပါတယ်။ ဒီသဘောတရားကို နားလည်ပြီဆိုရင် Hydronephrosis ကိုလည်း နားလည်သွားမယ်လို့ ထင်ပါတယ်။ ရှေ့ဆက်ပါမယ်။ ဆိုတော့ ကျောက်ကပ်ကနေ ဆီးထုတ်ပြွန်ကြား အထိ တစ်နေရာရာမှာ ကျဥ်း ( သို့ ) ပိတ်နေလျှင် ကျောက်ကပ်ရေစုခြင်း၊ ဆီးဝပ်ခြင်း ( Hydronephrosis ) ဖြစ်လာမှာပါ။
အမျိုးသားဆီးလမ်းကြောင်းစနစ် အမျိူးသမီးဆီးလမ်းကြောင်းစနစ်
ဖြစ်စေသည့်အကြောင်းအရင်းများ
-ကျောက်ကပ် ( Renal ) တွင်ကျောက်တည်ခြင်း
-ဆီးပို့ပြွန် ( Ureter ) တွင်ကျောက်တည်ခြင်း
-ဆီးလမ်းကြောင်းကျဥ်းခြင်း ( မွေးရာပါ၊ ထိခိုက်မှု၊ ရောဂါပိုးဝင်ခြင်း၊ ခွဲစိပ်မှု စသည်တို့ကြောင့် )
-အာရုံကြောနှင့် ကြွက်သားဆိုင်ရာရောဂါတချို့
-Ureterocele နှင့် Vesico-ureteric reflex ကဲ့သို့သော မွေးရာပါ ဆီးပို့ပြွန် ချို့ယွင်းချက်များ
-ဆီးလမ်းကြောင်းတလျှောက်ရှိ အခြားကိုယ်တွင်းအင်္ဂါများတွင် အကြိတ်ဖြစ်ပြီး ဆီးလမ်းကြောင်းကို ပိတ်မိခြင်း
အမျိုးသားများတွင်
-ဆီးကြိတ်ကြီးခြင်း
-ဆီးကြိတ်ကင်ဆာဖြစ်ခြင်း
အမျိုးသမီးများတွင်
-ကိုယ်ဝန်ဆောင်ခြင်း
-သားအိမ်လျှောကျခြင်း
-ဆီးအိမ်လျှောကျခြင်း စသည်တို့သည် ကျောက်ကပ်ရေစုခြင်း၊ ဆီးဝပ်ခြင်း တို့ကို ဖြစ်စေနိုင်ပါတယ်။
ကျောက်ကပ်ရေစုခြင်း အမျိုးအစားများ
ကျောက်ကပ်ရေစုခြင်းကို ဖြစ်တဲ့အချိန်ရယ်၊ တစ်ဘက်တည်းလား နှစ်ဘက်လားရယ်နဲ့ ဘယ်လောက်အထိ ကျဥ်း/ပိတ်သလဲ ပေါ်မူတည်ပြီး
-ရုတ်တရက်ချက်ခြင်း သို့မဟုတ် ရက်လရှည်ကြာပြီးမှ ရေစုခြင်း
-ကျောက်ကပ်တစ်ဘက်တည်း သို့မဟုတ် နှစ်ဘက်လုံး ရေစုခြင်း
-တချို့တဝက် ပိတ်ခြင်း သို့မဟုတ် အပြည့်ပိတ်ခြင်း စသည်ဖြင့် ခွဲခြားထားပါတယ်။
ရောဂါလက္ခဏာများ
ရောဂါလက္ဏာတွေအနေနဲ့ကတော့ ကျောက်ကပ်ရေစုစေတဲ့အကြောင်းအရင်းပေါ်မူတည်ပြီး ရှေ့ပြေးလက္ခဏာကော ရောဂါလက္ခဏာတွေကော အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ကျောက်ကပ်ရေစုတဲ့အဆင့်ရောက်ပြီဆိုလျှင်တော့
-ကျောအောင့် ခါးအောင့်ခြင်း
-ပျို့အန်ခြင်း
-ဆီးထဲသွေးပါခြင်း
-ဆီးကုန်အောင်မပေါက်နိုင်ခြင်း
-ပုံမှန်ထက်ဆီးနည်းခြင်း ( သို့မဟုတ် ) များခြင်း စတာတွေ ခံစားရပါမယ်။
ကျောက်ကပ်မှာစုနေတဲ့ဆီးထဲ ရောဂါပိုးဝင်လျှင်တော့
-ချမ်းတုန်ဖျားခြင်း
-ဆီးအောင့်ခြင်း
-ဆီးနောက်ခြင်း စတာတွေပါ ခံစားရပါလိမ့်မယ်။
ကျောက်ကပ်ရေစုခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးများ
-ကျောက်ကပ်ထဲပိုးဝင်၍ရောင်ရမ်းခြင်း
-ဆီးဝပ်နေတဲ့ ကျောက်ကပ်တစ်လုံးပျက်စီးခြင်း
-ကျောက်ကပ် ( ၂ ) ဘက်လုံးဖြစ်နေခဲ့ရင် ကျောက်ကပ်အလုပ် မလုပ်နိုင်တော့ခြင်း ( Renal Failure ) တွေဖြစ်နိုင်ပါတယ်။ အဲဒါတွေက အဆိုးဆုံးနောက်ဆက်တွဲဆိုးကျိုးတွေပဲဖြစ်ပါတယ်။
ရောဂါရှာဖွေခြင်းနည်းလမ်းများ
အာထွာဆေားင်းရိုက်တဲ့အခါ ကျောက်ကပ်ရေစုနေတာကို သေချာပေါက်တွေ့ရမှာဖြစ်ပြီး အရင်းခံရောဂါရှာဖို့ နဲ့ ဆက်လက်ကုသဖို့အတွက်ကတော့ CT နှင့် MRI တွေရိုက်ဖို့ လိုအပ်ပါတယ်။
ကုသမှုနည်းလမ်းများ
ဆီးလမ်းကြောင်းပွင့်စေဖို့နဲ့ ကျောက်ကပ်မထိခိုက် မပျက်စီးရအောင် ကုသဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဘာအကြောင်းကြောင့်ဆိုတာသေချာ မသိရသေးဘဲ ရုတ်တရက် ကျောက်ကပ်မှာရေစုတဲ့အခါ အရေးပေါ်ကုသမှု ( Nephrostomy ) လုပ်ပေးရပါတယ်။ ဒီနည်းကတော့ ကျောက်ကပ် ပျက်စီးမသွားဖို့အတွက် နောက်ကျောကနေ အပေါက်ဖောက်ပြီး ကျောက်ကပ်မှာ ပိတ်ပြီးစုနေတဲ့ဆီးတွေကို ခန္ဓာကိုယ် အပြင်ကို လမ်းလွှဲဖောက်ထုတ်ပေးရခြင်းဖြစ်ပါတယ်။ ကျန်တာတွေကတော့ ကျောက်တည်လို့ ရေစုလျှင် ကျောက်ခြေခြင်း ခွဲထုတ်ခြင်း၊ ဆီးလမ်းကြောင်းကျဥ်းနေလျှင် Stent ထည့်ပေးခြင်း၊ ဆီးကြိတ်ကြီးနေလျှင် ဆီးကြိတ်ကို ခွဲစိပ်ကုသခြင်း စသည်ဖြင့် အရင်းခံရောဂါကို ကုသပေးလျှင် ကျောက်ကပ်ရေစုတာလည်း သက်သာပျောက်ကင်းမှာဖြစ်ပါတယ်။
ကာကွယ်နည်းများ
ကျာက်ကပ်ရေစု ရောဂါ ခံစားနေရပြီဆိုလျှင် ကျောက်ကပ်ပျက်စီးဆုံရှုံးနိုင်မှုများလာပြီး ကျောက်ကပ်ဆေးရနိုင်ခြေနဲ့ ကျောက်ကပ်အစားထိုရနိုင်ခြေတွေ ဖြစ်လာနိုင်တာကြောင့် မိမိတို့မှာ ကျောက်ကပ်ရေစုနိုင်ခြေရှိတဲ့ အရင်းခံရောဂါတွေရှိခဲ့လျှင် တတ်ကျွမ်းနားလည်တဲ့ဆရာဝန်တွေနဲ့ ပုံမှန်ပြသ အကြံဥာဏ် ယူသင့်ပါကြောင်း အသိပေးရေးသားလိုက်ပါတယ်။
Dr.Fleming
https://my.clevelandclinic.org/health/diseases/15417-hydronephrosis