ရေအသက် တမနက်
ထမင်းအသက် ခုနှစ်ရက်တဲ့.....
အစားမတော် တလုတ်
အသွားမတော် တလှမ်းတဲ့.....
ကျနော်ကတော့ ဒီလို ထပ်ထည့်လိုက်ချင်ပါရဲ့
...အသောက်မတော် တခွက်... ( အရက်တော့ မဟုတ်ပါ... ရေပါ )
တကယ်လည်း သောက်ရေက မသန့်ဘဲ တခွက်တည်း သောက်လိုက်ရုံဖြင့် ရောဂါပိုးတွေ ပါလာပါက ဝမ်းပျက်ဝမ်းလျှောရောဂါ ၊ အသည်းရောင် အသားဝါရောဂါ အစရှိသည်ဖြင့် ကူးစက်ခံရပြီး ဒုက္ခတွေရောက် ငွေကုန်ကြေးကျများပြီး အသက်အန္တရာယ် ဆုံးရှုံးရနိုင်ပါတယ်။
ဒါကြောင့် ယခုလို ပြေးလွှားတိမ်းရှောင်နေကြရတဲ့ အချိန်၊ မိမိတို့နေထိုင်နေရတဲ့ ပတ်ဝန်းကျင်မှာ ရေသန့်မရလျှင်၊ ရေသန့်မဝယ်နိုင်ခဲ့လျှင် သောက်ရေသန့် ပြုလုပ်နည်းလေးတွေကို ဝေမျှလိုက်ပါတယ်။
ပထမဦးစွာ သောက်ရေအတွက် အသုံးပြုမည့်ရေကို ရေကန် ၊ မြစ်၊ ချောင်းထဲကနေ ခပ်ပီး အနည်ထိုင်ထားရပါမယ်။
အနည်ကျသွားပီး ရေကြည်လာလျှင် အခြားပုံးတခုထဲ ရေကြည်တွေကို ခပ်ထည့်ပေးပီးမှ ရေသန့်ဆေးရည် ကို ခပ်ပေးရပါမယ်။
မှတ်ချက်။ သောက်ရေအတွက် အသုံးပြုမည့်ရေသည် နောက်နေပြီး ပျစ်နေပါက ရေသန့်ဆေးထည့်သော်လည်း ရေမသန့်နိုင်ပါ။ ဒါကို သတိထားပါ။
ရေသန့်ဆေးခပ်နည်း ( Sodium Hypochlorite 6% or 8.25% )
အဆင့် ၁။ သန့်ရှင်းစွာ သိမ်းထားတဲ့ အစက်ချ ပြွန်လေးနဲ့ Sodium hypochlorite ဆေးရည်ကို ပြွန်နဲ့ယူရပါမယ်။
အဆင့် ၂။ ရေသန့်ဆေးရည်က Sodium Hypochlorite က 6% လား 8.25% လား ကြည့်ပါ။
ရေသန့်ဆေးရည်သည် 6% ဖြစ်နေလျှင်
ရေ ၁ လီတာ အတွက် ဆေးရည် ၂ စက်
ရေ ၁ ဂါလံ အတွက် ဆေးရည် ၈ စက်
ရေ ၂ ဂါလံ အတွက် ဆေးရည် ၁၆ စက်
ရေ ၄ ဂါလံ အတွက် ဆေးရည် ၃၂ စက် သို့မဟုတ် လ္ဘက်စားဇွန်း ၁/၃ ပုံ
ရေ ၈ ဂါလံအတွက် ဆေးရည် ၆၄ စက် သို့မဟုတ် လ္ဘက်စားဇွန်း ၂/၃ ပုံ
ရေသန့်ဆေးရည်သည် 8.25% ဖြစ်နေလျှင်
ရေ ၁ လီတာ အတွက် ဆေးရည် ၂ စက်
ရေ ၁ ဂါလံ အတွက် ဆေးရည် ၆ စက်
ရေ ၂ ဂါလံ အတွက် ဆေးရည် ၁၂ စက်
ရေ ၄ ဂါလံ အတွက် ဆေးရည် ၂၄ စက် သို့မဟုတ် လ္ဘက်စားဇွန်း ၁/၄ ပုံ
ရေ ၈ ဂါလံ အတွက် ဆေးရည် ၄၈ စက် သို့မဟုတ် လ္ဘက်စားဇွန်း ၁/၂ ပုံ
အဲဒီအတိုင်း ဆေးရည် ထည့်ပေးပါ။ ရေ နောက်နေသေးလျင်၊ တခြားအရောင်ရှိနေသေးလျှင် ၊ အေးလွန်းနေရင် ဆေးရည်ကို ပုံမှန် ထက် ၂ ဆ ထည့်ပေးရမည်။
အဆင့် ၃။ သန့်ရှင်းသော သစ်သားချောင်း သို့မဟုတ် ယောက်ချိုဖြင့် သမမျှတအောင် မွှေပေးပါ။ မိနစ် ၃၀ စောင့်ကြည့်ပြီးလျှင် ရေတွင် Chlorine အနံ့ရနေလျှင် ရေကို သုံးလို့ရပါပြီ။ Chlorine အနံ့ မရသေးလျှင် ဆေးရည် ဖော်ပြပါနည်း အတိုင်း ထပ်ထည့်းပေးပြီး ၁၅ မိနစ် ထပ်စောင့်ပါ။ Chlorine အနံ့ရလျှင် အသုံးပြု်လို့ရပါပြီ။ အနံ့ပြင်းလွန်းနေလျှင် မူလပုံးထဲ မှ အခြား တပုံး ထဲသို့ ထည့်လိုက်ပါ။ အနံ့ လျော့ သွားပါမည်။ အချိန် ထပ်စောင့်ပါ။
ဖော်ပြပါနည်း အတိုင်း မိမိတို့ကိုယ်တိုင် ရေသန့်ပြုလုပ်နိုင်ကြပါပြီ။
မှတ်ချက်။ သောက်ရေအတွက် အသုံးပြုမည့်ရေသည် နောက်နေပြီး ပျစ်နေပါက ရေသန့်ဆေးထည့်သော်လည်း ရေမသန့်နိုင်ပါ။ ဒါကို သတိထားပါ။
နောက်အပတ်တွေမှာလည်း တခြားဆေးတွေနဲ့ ရေသန့်ပြုလုပ်နည်းတွေ ဆက်လက်ပြီး ဖော်ပြပေးပါမယ်။
Dr. Fleming
Credit -https://www.epa.gov/ground-water-and-drinking-water/emergency-disinfection-drinking-water