အသည်းအဆီဖုံးရောဂါဆိုတာက အသည်းထဲမှာ အဆီတွေ စုပုံလာပြီး အသည်းဆဲလ်တွေကို ရောင်ရမ်းပျက်စီးစေကာ အသည်းရဲ့ လုပ်ငန်းဆောင်တာတွေ အားနည်းပြီး ရောဂါလက္ခဏာတွေ ခံစားရခြင်းဖြစ်ပါတယ်။ နောက်ဆုံး အသည်းခြောက်သည် အထိ ဆိုးရွားစေနိုင်ပါတယ်။ ခုခေတ်မှာ အသည်းအဆီဖုံးရောဂါ ဘယ်လောက်အဖြစ်များလာကြသလဲဆိုလျှင် ဓါတ်မှန်ဆရာဝန်က လူအယောက် ၁၀၀ ကို အာထွာဆောင်းရိုက်ကြည့်တဲ့အခါ လူ ၁၀၁ ယောက်မှာ အသည်းအဆီဖုံးရောဂါတွေ့ရပါသတဲ့။ ဆိုလိုတာက အာထွာဆောင်းလာရိုက်တဲ့ လူအယောက် ၁၀၀ အပြင် ဓါတ်မှန် ဆရာဝန်ကိုယ်တိုင် အသည်းအဆီဖုံးရောဂါ ရှိနေလို့ပါတဲ့။ ဒီတော့ လူတိုင်း အသည်းအဆီဖုံးရောဂါ ဖြစ်နေကြပြီလို့ ဆိုလိုပါတယ်။
ခက်တာက အသည်းအဆီဖုံးရောဂါက အစောပိုင်းအဆင့်တွေမှာ ရောဂါလက္ခဏာ မပြဘူး။ လူနာက ရောဂါ ဝေဒနာ မခံစားကြရလို့ပဲ ဖြစ်ပါတယ်။ ဒါဆို အသည်းအဆီဖုံးရောဂါ ဖြစ်နေမှန်း ဘယ်လိုသိနိုင်မလဲ။ သိသွားနိုင်တဲ့နည်းလမ်း ၃ခုရှိပါတယ်။
၁-ကျန်းမာရေးစစ်ဆေးမှု ပုံမှန်ပြုလုပ်နေသူတွေ
၂-ကျန်းမာရေးမကောင်းလို့ ဆေးရုံဆေးခန်းသွားပြတဲ့အခါ စစ်ဆေးမှုပြုလုပ်ချိန် သိရှိရသူတွေ
၃-အသည်းရောင်အသားဝါ/အသည်းအားနည်းသောရောဂါလက္ခဏာတွေခံစားရလို့ ဆေးခန်းသွားပြချိန်သိရှိရသူတွေ
ဒီလိုနည်းတွေနဲ့ သိရှိသွားကြလေ့ရှိပါတယ်။
ဘယ်လိုရောဂါလက္ခဏာတွေခံစားရလေ့ရှိကြလဲ
ပုံမှန်အားဖြင့် အသည်းအဆီဖုံးရောဂါက အစောပိုင်းအဆင့်တွေမှာ ဘာရောဂါလက္ခဏာမှ မခံစားကြရပါဘူး။နံရိုးအောက် ညာဘက်ဝမ်းဗိုက်မှာ အောင့်ရုံသာ ခံစားရလေ့ရှိကြပါတယ်။ဘာမှ မခံစားရတာက လူတွေကို ပေါ့လျော့စေတဲ့ အဓိက အကြောင်းရင်းပါပဲ။ ရောဂါဖြစ်နေမှန်း မသိတော့ ဘယ်လိုကုသရမလဲ၊ ဘာတွေ ရှောင်ကြဥ်ရမယ်၊ ဘာတွေလိုက်နာရမလဲ ဆိုတာတွေ မသိတော့ အသည်းရောင် အသည်းခြောက်တဲ့ ရောဂါလက္ခဏာတွေခံစားလာရတဲ့အခါမှ သိရတဲ့အခါ နောက်ကျသွားရတာဖြစ်ပါတယ်။
အသည်းအဆီဖုံးရောဂါအမျိုးအစားများနှင့် ရောဂါဖြစ်နိုင်ချေမြင့်မားသူများ
၁-အရက်အလွန်အကျွံသောက်ခြင်းကြောင့်ဖြစ်သောအသည်းအဆီဖုံးရောဂါ ( AFLD )နှင့်
၂-အရက်သောက်ခြင်းနှင့် မသက်ဆိုင်သော အသည်းအဆီဖုံးရောဂါ ( NAFLD )ဆိုပြီး (၂)မျိုးရှိပါတယ်။
အရက်သောက်သုံးခြင်းကြောင့်ဖြစ်သော အသည်းအဆီဖုံးရောဂါ
-ရောဂါအမည်အတိုင်းပဲ ကာလကြာရှည်အရက်အလွန်အကျွံ သောက်သူတွေ ဖြစ်ကြပါတယ်။
အရက်နှင့်မဆိုင်သောအသည်းအဆီဖုံးရောဂါ
-အဝလွန်သူများ
-သွေးတိုးရောဂါရှိသူများ
-ဆီးချိုသွေးချိုရောဂါအမျိုးအစား ( ၂ ) ရှိသူများ
-သွေးတွင်းအဆီဓါတ်မြင့်မားနေသူများ
-Metabolic Syndrome ဟုခေါ်သော ရောဂါလက္ခဏာစု ရှိသူများ
-တချို့ကိုယ်ဝန်ဆောင်အမျိုးသမီးများ
-အသည်းရောင် အသားဝါ ( C ) ပိုးရှိသူများ
-Methotrexate, Tamoxifem နှင့် amiodarone ဆေးဝါးများ စွဲသောက်နေရသူများ
-မျိုးရိုးဗီဇနဲ့သက်ဆိုင်သောရောဂါအချို့ ( Wilson's disease )ရှိသူများ
ကဖြစ်နိုင်ချေများကြပါတယ်။
နောက်ဆက်တွဲဆိုးကျိုးများ
အသည်းအဆီဖုံးရောဂါ ဖြစ်လာပြီး မကုသဘူး အနေအထိုင် အစားအသောက် မဆင်ခြင်ဘူးဆိုလျှင်တော့ အသည်းရောင်ခြင်း ကနေ အဆိုးဆုံးအဆင့်ဖြစ်တဲ့ အသည်းခြောက်သည် အထိ ဖြစ်နိုင်ပါတယ်။ အသည်းခြောက်သွားပြီဆိုလျှင်တော့ သက်တမ်းစေ့ မနေရတော့ပါဘူး။အသည်းခြောက်တဲ့အတွက်ကြောင့် နောက်ဆက်တွဲရောဂါတွေခံစားလာရမှာဖြစ်ပြီး ဆေးရုံဆေးခန်းနဲ့ မပြတ်ကုသနေရတော့မှာပဲဖြစ်ပါတယ်။ဆက်လက်ပြီး အသည်းအစားထိုး ကုသမှု ခံယူရတဲ့အဆင့်ထိ ရောက်သွားမှာပါ။အဲဒီကုသမှုတွေမှာကလည်း ငွေကုန်ကြေးကျ အရမ်းများပါတယ်။
ပုံမှန်အသည်းနှင့် အဆီဖုံးနေသောအသည်း ပုံများ ပုံမှန်အသည်းနှင့် အသည်းခြောက်နေသော ပုံများ
ဘယ်လိုကာကွယ်ကုသကြရမလဲ
အသည်းရောဂါတွေမှာ အဆိုးဆုံးအဆင့်က အသည်းခြောက် ( Cirrhosis of Liver- COL ) ခြင်းပါပဲ။ အသည်းခြောက်သွားလျှင်တော့ အသည်းကိုပုံမှန် ပြန်ဖြစ်စေဖို့ ကုသလို့မရကြတော့တာပါပဲ။ ဒါကြောင့် အသည်းအဆီဖုံးရောဂါမှာလည်း အသည်းခြောက်မသွားမှီ ကြိုတင်သိရှိမှသာ ကုသလို့ရမယ်။ ကာကွယ်လို့ရမယ် ဆိုတာ မှတ်ထားကြစေချင်ပါတယ်။ အသည်းအဆီဖုံးရုံ ၊ အသည်းရောင်နေဆဲ အဆင့်တွေမှာတော့ ကာကွယ်ကုသလို့ ရတယ် ဆိုတာကိုလည်း နားလည်ရပါမယ်။ အသည်းအဆီဖုံးရောဂါမှာတော့ ကုသနည်းနဲ့ ကာကွယ်နည်းတွေကတော့ အတူတူပဲ ဖြစ်ပါတယ်။နည်းလမ်းတွေကတေ့
-အရက်ဖြတ်ပါ။ လျှော့သောက်ပါ။
-ကိုယ်အလေးချိန် ထိန်းသိမ်းပါ။ မတက်ပါစေနဲ့။
-သွေးတွင်းအဆီဓါတ်မြင့်မားမှု မဖြစ်စေရန်နေထိုင်ပါ။ လိုအပ်ပါက ကုသပါ။
-ဆီးချိုရောဂါကို သေချာကုသပါ။
-တနေ့ နာရီဝက် ကိုယ်လက်လှုပ်ရှား အားကစားလုပ်ပေးပါ။ ( တပတ်လျှင် ၄-၅ ရက် )
-တိရစ္ဆာန်အဆီများစားခြင်းကိုရှောင်ကြဥ်ပါ။ ( ငါးအဆီမှလွဲ၍ )
-ကယ်လိုရီများများ ပါသောအစားအစာတွေ လျှော့ချပါ။
-အမျှင်ဓါတ်ပါသောအစားအစာများစားပေးပါ။
-အသီးအရွက်များများ စားပေးပါ။
လူတိုင်း အသည်းအဆီဖုံးရောဂါ၊ အဆီဖုံးခြင်းကြောင့် အသည်းရောင်ခြင်း ဖြစ်နိုင်သူတွေ များနေတဲ့ ယနေ့ခေတ်မှာ အသည်းအဆီဖုံးရောဂါ မဖြစ်အောင် နေထိုင်တတ်ကြစေဖို့ ကျန်းမာရေးအသိတွေ မျှဝေပေးလိုက်ပါတယ်။
Dr.Fleming