ကလေးဘဝကတည်းကထိုးထား သောက်ထားရတဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးတွေအကြောင်းရေးလာခဲ့တာ ဒီတစ်ပတ်မှာတော့ Haemophilus influenza type b bacteria ရောဂါပိုးကြောင့်ဖြစ်တတ်သော ပြင်းထန်ရောဂါတွေကိုကာကွယ်ဖို့အတွက်သုံးနေတဲ့ Hib Conjugate vaccine အကြောင်းဆက်လက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။
Haemophilus Influenza type b ဆိုတာ ဘယ်လိုရောဂါပိုးမျိုးလဲ
Haemophilus influenza ( Hi ) ဆိုတာ influenza လို့ပါပေမဲ့ ဗိုင်းရပ်စ်ပိုးမဟုတ်ဘဲ ဘက်တီးရီးယားရောဂါပိုး တစ်မျိုးပဲဖြစ်ပါတယ်။ Haemophilus influenza bacteria ( Hi ) ဘက်တီးရီးယားတွေမှာ အခွံရှိတဲ့အုပ်စု နဲ့ အခွံမရှိတဲ့အုပ်စု ဆိုပြီး ၂ စုရှိပါတယ်။ အခွံရှိတဲ့ထဲမှာ a, b, c, d, e, f တို့ ဆိုပြီး ( ၆ ) မျိုးထပ်ခွဲပါတယ်။ အဲထဲမှာမှ Haemophilus influenza type b ( Hib ) bacteria က အသက် ( ၅ ) နှစ်အောက်ကလေးတွေမှာ ပြင်းထန်ဦးဏှောက်အမြှေးရောင်နဲ့ ပြင်းထန်နမိုးနီးယားအဆုတ်ရောင်ရောဂါတွေကိုဖြစ်စေပြီး သေဆုံးခြင်းနဲ့ နာတာရှည်သူငယ်နာ အကြောသေရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။
ရောဂါပိုးကဘယ်လိုနည်းနဲ့ကူးစက်တာလဲ
ဒီရောဂါပိုးက ကျန်းမာသောကလေးတွေနဲ့ လူကြီးတွေရဲ့ နှာခေါင်းနဲ့ လည်ချောင်းတွေမှာရှိနေတာပါ။ အသက် (၅)နှစ်အောက် အထူးသဖြင့် ( ၂ ) နှစ်အောက်ကလေးငယ်တွေမှာတော့ ရောဂါပိုးက ရောဂါဖြစ်စေပြီး အန္တရာယ်ဖြစ်စေပါတယ်။
လူတွေ နှာချေ ချောင်းဆိုးရာမှထွက်လာတဲ့ အသက်ရှူလမ်းကြောင်းမှ အမှုန်အမွှားများမှတဆင့် အခြားသူတွေထံကူးစက်စေတာပဲဖြစ်ပါတယ်။ ရောဂါပျိုးချိန်က ( ၂ ) ရက်မှ ( ၄ )ရက်အတွင်းပဲဖြစ်တယ်။
ဘယ်လိုရောဂါလက္ခဏာတွေ ခံစားရမလဲ
Haemophilus influenza type b ( Hib ) bacteria ရောဂါပိုးက အသက် ( ၅ ) နှစ်အောက်ကလေးငယ်တွေမှာ
-ဦးဏှောက်အမြှေးရောင်ခြင်း ( Meningitis )
-ပြင်းထန်အဆုတ်ရောင်ခြင်း ( Pneumonia )
-အသက်ရှူပြွန်အဖုံးရောင်ရမ်းခြင်း ( Epiglotitis )
-အရေပြားအောက်အသားများရောင်ရမ်းပုပ်ပွခြင်း ( Cellulitis )
-အဆစ်ထဲပိုးဝင်ပြီးရောင်ရမ်းပြည်တည်ခြင်း အစရှိတဲ့ရောဂါကြီးတွေဖြစ်စေနိုင်ပါတယ်။
ရောဂါလက္ခဏာများအနေနဲ့ကတော့
-ဖျားခြင်း
-ချောင်းဆိုးရင်ကြပ်ခြင်း
-အသက်ရှုခက်ခဲခြင်း
-ဇက်ခိုင်ခြင်း
-ကရောင်ကတမ်းဖြစ်ခြင်း
-တက်ခြင်း
-သတိလစ်ခြင်း စတာတွေခံစားရနိုင်ပြီး အချိန်မှီကုသမှုမရရှိပါက အချိန်တိုအတွင်းသေဆုံးသွားနိုင်ပါတယ်။ Hib bacteria ရောဂါပိုးကြောင့် မဟုတ်ဘဲ အခြားရောရောဂါပိုးများကြောင့် ကလေးငယ်များတွင် ဦးဏှောက်အမြှေးရောင်နှင့် နမိုးနီးယားအဆုတ်ရောင်ရောဂါများ ဖြစ်တတ်ပါသေးတယ်။ သို့သော် Hib bacteria ကြောင့် ဖြစ်တာတွေကို ကာကွယ်လို့ရပါတယ်။ ဒါကြောင့် Hib bacteria ရောဂါပိုးကာကွယ်ဆေးကို 1987 ခုနှစ်မှာ အမေရိကန်နိုင်ငံကစတင်သုံးစွဲလာခဲ့ပြီးနောက် 1993 စပြီး တဖြည်းဖြည်းတစ်ကမ္ဘာလုံးမှာ မွေးကင်းစ အရွယ်ကတည်းက ထိုးနှံနေကြတာဖြစ်ပါတယ်။
ဒီရောဂါပိုးက ကလေးတွေတင် ဒုက္ခပေးတတ်တာမဟုတ်ဘဲ ခုခံအားကျဆင်းမှုအခြေအနေရှိ ( ဘေလုံးခွဲထုတ်ထားခြင်း၊ ဘေလုံးကောင်းစွာအလုပ်မလုပ်ခြင်း၊ ရိုးတွင်းချဥ်ဆီကုသမှုခံယူထားသူများ ) လူကြီးများတွင်လည်း ရောဂါဖြစ်တတ်ပါသေးတယ်။
နောက်ဆက်တွဲဆိုးကျိုးများ
Hib bacteria ကြောင့် ဦးဏှောက်အမြှေးရောင်ဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူထဲက ( ၄၀ ) ရာခိုင်နှုန်းခန့်ကလေးငယ်တွေဟာ နာတာရှည် သူငယ်နာအကြောသေရောဂါကို ခံစားရလေ့ရှိပါတယ်။
အရေးကြီးမှု
ရောဂါဖြစ်ပြန်ရင်လည်း အချိန်တိုအတွင်းသေဆုံးနိုင်ခြင်း၊ ဦးဏှောက်အမြှေးရောင်ဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူတွေမှာလည်း နာတာရှည်ဒုက္ခိတဖြစ်နိုင်ချေများတာတွေကြောင့် Hib bacteria ကာကွယ်ဆေးက မပျက်မကွက် ထိုးသင့်တဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတော့ဒီရောဂါကာကွယ်ဆေးကို ကလေးငယ်တွေမှာ ( ၄ ) ကြိမ်ထိုးပေးပါတယ်။ မွေးပြီး အသက် (၂ )လ၊ အသက် (၄ )၊ အသက် ( ၆ ) နဲ့ တစ်နှစ်ခွဲ အရွယ်တွေမှာ ( ၅ ) မျိုးစပ်ကာကွယ်ဆေး ( ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင် ၊ အသည်းရောင်အသားဝါ ဘီ ကာကွယ်ဆေးတွေနဲ့ပေါင်းပြီး ) အနေနဲ့ ထိုးပေးနေတာပါ။ မြန်မာနိုင်ငံ လူထုအတွင်းမှာလည်း ဒီရောဂါကာကွယ်ဆေးအကြောင်းသိရှိသူ နည်းတယ်ထင်တဲ့ အတွက်ကြောင့် အလေးထား ရေးသား နှိုးဆော်လိုက်ရပါတယ်။
ယခုလို နိုင်ငံရေးမတည်ငြိမ်တဲ့အခြေအနေမှာ မိမိတို့ရဲ့ ရင်သွေးငယ်လေးတွေအတွက် ကာကွယ်ဆေးတွေ လွတ်သွားမှာစိုးရိမ်တာကြောင့် ကာကွယ်ဆေးတွေအကြောင်း ဖော်ပြရေးသားရင်း နီးစပ်ရာ ကာကွယ်ဆေးရနိုင်တဲ့ကျန်းမားရေးဌာနတွေမှာ မပျက်မကွက်သွားရောက်ထိုးနှံကြဖို့ သတိပေးလိုက်ပါရစေခင်ဗျာ။
Dr. Fleming
https://www.betterhealth.vic.gov.au/health/healthyliving/haemophilus-influenzae-type-b-hib#complications-of-hib-infection
https://www.ncbi.nlm.nih.gov/books/NBK8458/
Haemophilus influenza type b bacteria and it's vaccine
