ပွေး၊ညှင်း၊ဒက် ရောဂါတွေဆိုတာ ကျနော်တို့ပတ်ဝန်းကျင်မှာအဖြစ်များလှတယ်ဆိုတာ တွေ့ကြမှာပါ။ ကိုရင်လေးတွေမှာ သပိတ်ပြောင်အောင်မဆေးလို့ ဒက်ပေါက်တာ ဆိုပြီးတော့ အရပ်ထဲမှာ ပြောလေ့ရှိတာလည်း ကြားဖူးကြမှာပါ။အဲဒါက ယူဆချက် အမှားဖြစ်ပါတယ်။ ဒါဆို အမှန်တွေဖတ်ကြည့်ကြစို့။
အရေပြားမှိုစွဲရောဂါတွေက ကူးစက်တတ်သလား
သေချာပေါက် ကူးစက်ရောဂါတွေဖြစ်ပါတယ်။ ညှင်းကတော့ တယောက်ဆီကနေ နောက်တယောက်ထံ မကူးစက်တတ်ပါဘူး။
ဘာကြောင့် အရေပြားမှိုစွဲရောဂါတွေ ဖြစ်ရတာလဲ
-အရေပြားမှိုစွဲရောဂါဖြစ်နေသူကနေ အခြားလူတွေကို ကူးစက်တတ်တယ်
-တခြားအိမ်မွေးတိရိစ္ဆာန်တွေဆီမှတဆင့်
-ရောဂါဖြစ်နေသူရဲ့ တကိုယ်ရေသုံး ပစ္စည်းများမှတဆင့်
-မြေကြီး မှတဆင့် (ဖိနပ်မပါဘဲ သွားလာ လှုပ်ရှားခြင်း )
-ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ ပုံမှန်ရှိနေသောမှိုပိုးများက ရောဂါဖြစ်စေခြင်း( ခုခံအားကျဆင်းသွားသောအခါ)
အထက်ဖော်ပြပါ အခြေအနေများမှတဆင့် ကူးစက်ခံကြရတာပဲ ဖြစ်ပါတယ်။
မှိုရောဂါတွေက မည်သူတွေမှာ ဖြစ်စေတာလဲ
-ပူနွေးစိုစွတ်သော ရာသီဥတုမှာ နေထိုင်လုပ်ကိုင်သူများ
-အဝတ်အစားအကြပ်၊ ဖိနပ်အကြပ် ဝတ်ဆင်သူများ
-ခြေဆီနင့် ချွေးထွက်များလွန်းသူများ
-ဝပြိး အရေပြားတွန့်ခေါက် နေသူများ
ဘယ်လိုအခြေအနေမျိုးတွေမှာ ရောဂါဖြစ်ပွားနိုင်ချေများသလဲ
-ခုခံအားကျဆင်းနေသူများ ( HIV ရောဂါရှိသူ၊ Steroid ဆေးသောက်နေရသူများ )
-ဆီးချိုရောဂါ ရှိသူများ
-နာတာရှည်အရေပြားရောဂါခံရှိသူများ ( Psoriasis၊ Eczema ) စသူတို့မှာ ဖြစ်နိုင်ချေများပါတယ်။
အရေပြားမှိုရောဂါ အမျိုးမျိုး
ဒက် ( Tinea Capitis )
ဦးရေပြားမှာပေါက်တဲ့ ပွေးရောဂါပဲဖြစ်ပါတယ်။ 'ဒက်' လို့ ခေါ်ကြပါတယ်။ ဦးခေါင်းမှာ အကွင်းလိုက် အဝိုင်းလိုက် အကွက်တွေပေါ််လာပါမယ်။ ဆံပင်တွေကျွတ်ပြတ်ထွက်နေကာ နီရဲနေတဲ့ပုံစံ သို့မဟုတ် ဖြူပြီး အရေပြားတွေ ကွာကျနေတဲ့ပုံစံ အနေနဲ့ တွေ့ရမှာဖြစ်ပါတယ်။ ဘက်တီးရီးယားပိုးဝင်ပြီး ပြည်တည်နေတာမျိုးလည်း ဖြစ်တတ်ပါတယ်။အသက်အရွယ်မရွေးဖြစ်တတ်ပေမယ့် ကလေးတွေမှာအဖြစ်များကြပါတယ်။
လက်သည်း၊ခြေသည်းမှိုစွဲသောရောဂါ ( Tinea unguium )
-ခြေသည်းက လက်သည်းထက် ပိုအဖြစ်များပါတယ်။ ခြေသည်း လက်သည်းတွေက ဝါကျင့်ကျင့် အရောင်ကို ပြောင်းလာပြီး ထူလာမယ်။ ကြမ်းပြီးကျွတ်ဆတ်လာပါမယ်။ တခြားမှိုရောဂါရှိနေလျှင်၊ အသက်ကြီးလျှင်၊ Psoriasis နှင့် ဆီးချို ရောဂါရှိနေလျှင် ပိုပြီးဖြစ်လေ့ရှိပါတယ်။
ခြေထောက်တွင်ပေါက်သောပွေး ( Athlete's foot )
-ခြေချောင်းလေးတွေကြား နှင့် ဖနောင့် ဖဝါး တွေမှာအက်ကွဲမယ်။အနာတွေဖြစ်မယ်။ အရည်ကြည်ဖုလေးတွေ ပေါက်မယ်။ ယားမယ်။ အရေခွံတွေ ကွာကျမယ်။အကွင်းလိုက်အကွက်တွေပေါ်မယ်။ အားကစားသမားတွေ ဖိနပ်စီးတဲ့အခါ ခြေထောက်ချွေးထွက်များပြီးချွေးလုံနေတဲ့အခါဖြစ်လေ့ရှိကြတာကြောင့် Athlete's foot လို့ခေါ်ဆိုတာဖြစ်ပါတယ်။ ဒါ့အပြင် ဖိနပ်မစီးဘဲ စိုစွတ်တဲ့နေရာတွေမှာ သွားလာလှုပ်ရှားနေသူတွေမှာလည်း ခြေထောက်တွေမှာ မှိုရောဂါစွဲလေ့ရှိပါတယ်။
ပွေးအမျိုးမျိုး
-တခြားပွေးတွေကတော့ ကိုယ်ခန္ဓာအနှံ့နေရာစုံမှာပေါက်နိုင်ပါတယ်။ ပွေးတွေရဲ့သဘောက အကွင်းလိုက် အဝိုင်းလိုက်အကွက်တွေထမယ်။ နီရဲနေမယ် သို့မဟုတ် မဲနက်နေမယ်။ ယားမယ်။ အရေပြားတွေ ကွာကျမယ်။ ဒီလိုပုံစံတွေ တွေ့ရမယ်။ ပေါင်ခြံနှင့်ဖင်ကြားတဝိုက်က ပွေးတွေကို Tinea cruris လို့ခေါ်ပြီး ခန္ဓာကိုယ်တခြားနေရာတွေမှာပေါက်တဲ့ပွေးတွေကိုတော့ Tinea corporis လို့ခေါ်ကြပါတယ်။
ညှင်း ( Pityriasis versicolor )
-ညှင်းဆိုတာကတော့ ခန္ဓာကိုယ်ပေါ်မှာအဖြူကွက်တွေ အရွယ်အစားမျိုးစုံပေါ်လာတဲ့ မှိုရောဂါ တစ်မျိုးပါပဲ။တခါတလေ ယားယံတာမျိုး ခံစားရလေ့ရှိပါတယ်။ အများစုကတော့ အဖြူကွက်တွေ ပေါက်ကြပေမဲ့ အနီရောင်အကွက်၊ ပန်းရောင်အကွက် သို့မဟုတ် တင်းတိပ်ကဲ့သို့သော အညိုရောင် အကွက်တွေလည်း ဖြစ်လေ့ရှိကြပါတယ်။ဆယ်ကျော်သက်နှင့် လူငယ်ပိုင်းတွေမှာ အဖြစ်များကြပါတယ်။
မှိုရောဂါရှိနေပြီဆိုလျှင် ဘယ်လိုနေထိုင်ရမလဲ
-ပွေးညှင်းဒက်တွေကို နေ့စဥ် သန့်ရှင်းရေးလုပ်ပေးရမယ်
-ယားလို့ဆိုပြီး မကုတ်ပါနဲ့။ လက်မှတဆင့် တခြားနေရာတွေကို ကူးသွားနိုင်လို့ပါ။
-ကိုယ်လက်ဆေးကြောပြီးတိုင်း၊ ရေချိုးပြီးတိုင်း ခြောက်သွေ့အောင်သုတ်ပါ။
-ချောင်ချိသော အဝတ်အစားတွေ ဝတ်ရပါမယ်။
-ဖိနပ်အကြပ်တွေ မစီးရပါ။
-အိပ်ယာခင်းတွေ၊စောင်တွေ နှင့်အဝတ်အစားတွေကို ပုံမှန်လျှော်ပါ။
ဘယ်လိုကုသရမလဲ
-ပွေးညှင်းတွေပေါက်နေပီဆိုရင်တော့ လိမ်းဆေးတွေ လိမ်းပေးလို့ရပါတယ်။ Miconazole၊ Clotrimazole နဲ့ Terbinafine ပါတဲ့ လိမ်းဆေးတွေ လိမ်းပေးရပါမယ်။ ပွေးညှင်းတွေပျောက်ပြီး ၂-ပတ်ကြာတဲ့အထိဆက်လိမ်းမှ အမြစ်ပြတ်မှာပါ။
ဆရာဝန်နဲ့ တိုင်ပင်ကုသပါ
-သင့်မှာ ပွေးညှင်းတွေ ခန္ဓာကိုနေရာအတော်များများမှာ ပေါက်နေပြီဆိုလျှင်
-ခြေသည်းလက်သည်း မှိုစွဲနေပြီဆိုလျှင်
-လိမ်းဆေးတွေနဲ့ မပျောက်တော့ဘူးဆိုလျှင်
-ခုခံအားကျဆင်းသောအခြေအနေရှိနေလျှင်
-ဒက်ပေါက်နေပြီဆိုလျှင်တော့ ဆရာဝန်ဆိုင်ပင်ပြီး သောက်ဆေးတွေနဲ့ ကုသမှု ခံယူရပါမယ်။ ၆-လအထိသောက်ဆေးတွေ သောက်ရနိုင်ပါတယ်။
ပွေးညှင်းဒက်တွေ မပေါက်ရအောင် ဒီနည်းလမ်းတွေဆောင်
-ခြေလက်ဆေးကြောပြီးတိုင်း၊ရေချိုးပြီးတိုင်း ခြောက်သွေ့အောင်သုတ်ပါ။
-ဖိနပ်မစီးဘဲ သွားလာလှုပ်ရှားခြင်းမပြုရ။
-ချောင်ချိသော အဝတ်အစားတွေဝတ်ပါ။
-ဖိနပ်အကြပ်မစီးရ။
-တခြားသူတွေရဲ့တကိုယ်ရေသုံးပစ္စည်းများကို မသုံးရ။
-တွန့်ခေါက်နေသော အရေပြားကြားများကို သေချာဆေးကြောပါ။
-ဆီးချိုရောဂါရှိနေလျှင် သေချာကုပါ။
-ခွေး၊ ကြောင် စသောအိမ်တွင်းတိရစ္ဆာန်များတွင် ပွေး ဒက် ရှိနေလျှင် သေချာကုပါ။
-အိမ်တွင် ပွေး၊ဒက် ပေါက်နေသူရှိလျှင် သေချာကုပါ။ အသုံးအဆောင်များကို သေချာ ပိုးသတ်ပါ။
အထက်ပါ အချက်တွေကို သေသေချာချာ လိုက်နာလျှင်ဖြင့် အရေပြားမှိုစွဲရောဂါ အမျိုးမျိုးမှ ကင်းဝေးကြမှာပါ။ အကယ်၍ ရောဂါဖြစ်လာသည့်တိုင် လိမ်းဆေးတွေနဲ့ သောက်ဆေးတွေ အကြောင်းဗဟုသုတရစေရန် ရည်ရွယ် ရေးသားလိုက်ရပါသည်။
Dr. Fleming
https://www.bupa.co.uk/health-information/healthy-skin/fungal-skin-infections#prevention