ပြီးခဲ့တဲ့အပတ်က အအေးမိ အအေးပတ်ရောဂါအကြောင်းရေးခဲ့ပြီးဖြစ်ပါတယ်။ ဒီတစ်ပတ်မှာလည်း ရာသီဥတု အေးတဲ့အချိန်တွေမှာ ဖြစ်တတ်တဲ့ ရာသီတုပ်ကွေးရောဂါ ( Flu ) အကြောင်းဆက်ရေးလိုက်ပါတယ်။
ရာသီတုပ်ကွေးရောဂါ ( Flu ) ဆိုတာ ဘာလဲ
ရာသီတုပ်ကွေးရောဂါ ( Flu ) ဆိုတာ Influenza viruses တွေကြောင့်ဖြစ်တဲ့ တုပ်ကွေးရောဂါပါပဲ။ အအေးမိ အအေးပတ်ရောဂါနဲ့ဆင်တူပေမဲ့ ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ် မတူသလို ပြင်းထန်မှုနဲ့ အသက်အန္တရာယ်ရှိမှုလည်း မတူကြပါဘူး။ ဒါကြောင့် ရောဂါလက္ခဏာ အတော်များများဆင်တူကြပေမဲ့ ရာသီတုပ်ကွေးရောဂါနဲ့ အအေးမိ အအေးပတ်ရောဂါတို့ဟာ မတူဘူးဆိုတာ သိထားစေလိုပါတယ်။
ကမ္ဘာပေါ်မှာ လူပေါင်း သန်းတစ်ထောင်ခန့်ဟာ နှစ်စဥ်ရာသီတုပ်ကွေးရောဂါကို ခံစားနေကြရလေ့ရှိပြီး လူ ( ၃ ) သန်းမှ ( ၅ ) သန်းအထိက ပြင်းထန်တုပ်ကွေးရောဂါအဆင့်ရောက်သွားကြပါတယ်။ ရာသီတုပ်ကွေးရောဂါကြောင့် လူသားတွေနှစ်စဥ်သေဆုံးမှုဟာ ၂ သိန်း ၉ သောင်းမှ ၆ သိန်း ၅သောင်းအထိ ရှိနေပါတယ်။ ဒါကြောင့် ရာသီတုပ်ကွေးရောဂါရဲ့ အန္တရာယ်ဟာ မသေးလှဘူး ပြောရပါမယ်။
ရာသီတုပ်ကွေးရောဂါဖြစ်စေတဲ့ Influenza viruses တွေကို လေ့လာကြည့်မယ်ဆိုရင် A, B, C, D ဆိုပြီးအုပ်စု ( ၄ ) ခုရှိပါတယ်။ Influenza virus D က လူတွေမှာမတွေ့ရဘဲ နွားတွေမှာပဲတွေ့ရပြီး virus C ကတော့ ပြင်းထန်ရောဂါတွေမဖြစ်စေတဲ့အပြင် လူအစုလိူက် အပြုံလိုက်တွေကိုလည်း ရောဂါမဖြစ်စေနိုင်ပါ။ Influenza virus A နဲ့ B တွေကတော့ လူတွေကို အစုလိုက် အပြုံလိုက် ရာသီတုပ်ကွေးရောဂါဖြစ်စေတဲ့ အဓိက ပိုးတွေ ဖြစ်ပါတယ်။ Influenza virus B မှာ ( ၂ ) မျိုးရှိပြီး virus A မှာတော့ သူ့အခွံမှာပါတဲ့ ( H- 16 မျိုး ) နှင့် ( N-11 မျိုး ) အပေါ်မူတည်ပြီး ( ၁၇၆ ) မျိုးရှိပါတယ်။ Aအမျိုးအစားထဲကမှ လူထုအတွင်း ရာသီတုပ်ကွေးဖြစ်စေတဲ့ ပိုးအမျိုးအစားကတော့ ( H3N2 ) အမျိုးအစားနဲ့ ( H1N1 ) အမျိုးအစားတို့ပဲဖြစ်ပါတယ်။ H1N1 အမျိုးအစားက 2009 မှာ မျိုးရိုးဗီဇပြောင်းပြီး ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအနေနဲ့ဖြစ်ခဲ့ဖူးပါတယ်။
ရာသီတုပ်ကွေးရောဂါက ဘယ်လိုနည်းနဲ့ကူးစက်တာလဲ
အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်တဲ့ အတွက် ရောဂါပိုးရှိသူ နှာချေ၊ ချောင်းဆိုးရာမှ ရှူရှိူက်မိတဲ့အခါ၊ ရောဂါပိုးရှိနေတဲ့ ပစ္စည်းတွေ ( တံခါးလက်ကိုင်၊ တစ်ရှူးစ၊ စားပွဲမျက်နှာပြင် စသည်ဖြင့် ) ကိုင်မိရာမှတဆင့် ရှူမိတဲ့အခါတွေမှာ ကူးစက်ခံကြရပါတယ်။ သမပိုင်းဇုန်ရှိနိုင်ငံများမှာတော့ ဆောင်းရာသီမှာ ရာသီတုပ်ကွေးရောဂါတွေ ဖြစ်လေ့ရှိကြပြီး အပူပိုင်းဇုန်နိုင်ငံတွေမှာတော့ တစ်နှစ်ပတ်လုံးမှာ ဖြစ်နိုင်ပါတယ်။
ရောဂါပျိုးချိန် ( ရောဂါပိုးကူးစက်ခံရပြီး ရောဂါလက္ခဏာများစတင်ခံစားရချိန် ) ကတော့ ( ၁ ) ရက်မှ ( ၄ ) ရက်အထိ ဖြစ်ပါတယ်။
ရောဂါလက္ခဏာများ
ရောဂါပိုးကူးစက်ခံရပြီး ( ၁ ) ရက်မှ ( ၄ ) ရက်အတွင်းခံစားရမှာဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့
-ရုတ်တရက်အဖျားတက်ခြင်း
-နှာစေးခြင်း
-လည်ချောင်းနာခြင်း
-ချောင်းဆိုးခြင်း
-ခေါင်းကိုက်ခြင်း
-အဆစ်အမြစ်များနှင့် ကြွက်သားများနာကျင်ကိုက်ခဲခြင်း
-နုံးချိပြီးအားအင်ကုန်ခမ်းသလိုခံစားရခြင်း စတာတွေဖြစ်ကြပါတယ်။
လူအများစုကတော့ ရောဂါလက္ခဏာများကို တစ်ပတ်ခန့် ခံစားရပြီး ပျောက်ကင်းသွားကြမှာပါ။ ချောင်းဆိုးတာကတော့ (၂ )ပတ်ခန့်အထိကြာနိုင်ပါတယ်။
တချို့လူများမှာတော့ ရောဂါကပြင်းထန်ပြီး ဆေးရုံတက်ရောက်ကုသရခြင်း၊ အသက်အန္တရာယ်ထိခိုက်နိုင်ခြင်း စတာတွေ ရှိနိုင်ပါတယ်။ ရောဂါပြင်းထန်နိုင်သူများ၊ အသက်အန္တရာယ်ထိခိုက်နိုင်သူများကတော့
-အသက် ( ၅ )နှစ်အောက်ကလေးများ
-ကိုယ်ဝန်ဆောင်မိခင်များ
-အသက် ( ၆၅ ) နှစ်အထက်ရှိသူများ
-နာတာရှည်ရောဂါအခံရှိသူများ
-ကင်ဆာဆေးကုသမှုခံယူနေရသူများ
-ခုခံအားကျဆင်းမှညရှိနေသူများ ( HIV၊ Steroids ဆေးများကာလကြာရှည်သောက်သုံးနေရသူများ၊ ကင်ဆာရောဂါရှိသူများ ) တို့ဖြစ်ကြပါတယ်။
ရောဂါစစ်ဆေးအတည်ပြုမှု
Influenza virus ကြောင့်ဖြစ်တဲ့ ရာသီတုပ်ကွေးရောဂါလက္ခဏာတွေက အအေးမိအအေးပတ်ရောဂါများနဲ့ အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာဗိုင်းရပ်စ်ရောဂါများနဲ့ဆင်တူတာကြောင့် ရောဂါလက္ခဏာများကိုကြည့်ရှုစစ်ဆေးရုံနဲ့ ရာသီတုပ်ကွေးရောဂါဖြစ်မှန်း မသိနိုင်ပါဘူး။ ဒေသတစ်ခု သို့မဟုတ် နိုင်ငံတစ်ခုခုမှာ ရာသီတုပ်ကွေးရောဂါက ကပ်ရောဂါအသွင်နဲ့ ဖြစ်နေပြီဆိုလျှင်တော့ ရောဂါခံစားနေရသူဟာ ရာသီတုပ်ကွေးဖြစ်နိုင်တယ်ပြောလို့ရပါတယ်။
ရောဂါသေချာအောင်စစ်ဖို့လိုလာပြီဆိုလျှင်တော့ တံတွေး သို့မဟုတ် အာခေါင်မှထွက်သောအချွဲတွေကို ဓါတ်ခွဲခန်းမှာ စစ်ဆေးအတည်ပြုကြရတာဖြစ်ပါတယ်။
ကုသမှုများ
အများစုက ရောဂါဝေဒနာများ တစ်ပတ်ခန့်ခံစားရပြီးပျောက်ကင်းသွားကြပါတယ်။ ရောဂါဖြစ်နေသူများအနေနဲ့
-နားနားနေနေ နေခြင်း
-အခြားသူများနှင့် ရှောင်ရှားနေထိုင်ခြင်း
-အစာများများ စားခြင်း
-ရေများများ သောက်ခြင်း
-ဖျားနာကိုက်ခြင်းအတွက် ပါရာစီတမော သောက်ခြင်း
-နှာစေးခြင်းအတွက် ( Burmeton or Cetrizine ) များသောက်ခြင်း
-ချောင်းဆိုးခြင်းအတွက် ( Dextromethorphan ) သောက်ခြင်း စတာတွေ လုပ်ပေးရမှာဖြစ်ပါတယ်။
အန္တရာယ်ရှိအုပ်စုများအနေနဲ့ကတော့ ရောဂါသိတာနဲ့အမြန်ဆုံး ဗိုင်းရပ်စ်ပိုးသတ်ဆေးများ ( Antivirals ) ဖြစ်တဲ့ Oseltamivir ( Tamiflu ) သို့မဟုတ် Zanamivir ( Relenza ) တိုက်ထားသင့်ပါတယ်။ ဒါကြောင့် အန္တရာယ်ရှိအုပ်စုဝင်များအနေနဲ့ ရာသီတုပ်ကွေးဟု သံသယရှိပါက ဆရာဝန်နှင့်အမြန်ဆုံးတိုင်ပင်ဆွေးနွေးပြီးကုသမှုခံယူသင့်ပါတယ်။ ဗိုင်းရပ်ပိုးသတ်ဆေးတွေစောစောစီးစီး တိုက်ပေးပါက ရောဂါလက္ခဏာခံစားရချိန်တိုတောင်းခြင်း၊ ရောဂါပြင်းထန်မှုနည်းပါးခြင်း၊ အသက်အန္တရာယ်ထိခိုက်နိုင်မှုလျော့နည်းခြင်း စသည်ဖြင့် အကျိုးကျေးဇူး ရှိနိုင်ပါတယ်။
ကာကွယ်ခြင်း
ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးကို နှစ်စဥ်ထိုးခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ အထူးသဖြင့် ရောဂါပြင်းထန်နိုင်ချေရှိသူများ၊ အသက်အန္တရာယ်ရှိနိုင်သူများအနေနဲ့ ကာကွယ်ဆေးကို မဖြစ်မနေ နှစ်စဥ်ထိုးထားသင့်ပါတယ်။
ရောဂါကာကွယ်ဖို့ အခြားနည်းလမ်းတွေကတော့
-လက်ကိုခဏ ခဏ ဆေးပါ။
-နှာစေး ချောင်းဆိုးရင် နှာခေါင်းနဲ့ ပါးစပ်ကို အုပ်ထားပါ။
-တကိုယ်ရေသုံးစွန့်ပစ် ပစ္စည်းများကို စနစ်တကျစွန့်ပစ်ပါ။
-ရောဂါခံစားနေရပါက သီးသန့်နေထိုင်ပါ။
-ရောဂါဖြစ်နေသူများနှင့် နီးနီးကပ်ကပ်နေထိုင်ခြင်းမှ ရှောင်ကြဥ်ပါ။
-မျက်စိ၊ နှာခေါင်း နှင့် ပါးစပ်များကို မကြာခဏ ထိတွေ့ကိုင်တွယ်ခြင်းမှ ရှောင်ကြဥ်ပါ။
-မိမိကိုယ်တိုင်ရောဂါဖြစ်နေပါက အခြားသူများကို မကူးစက်စေရန် သီးသန့်နေထိုင်ပါ။
အထက်ပါအချက်များကို လိုက်နာခြင်းဖြင့် ကူးစက်မှုကို အတိုင်းအတာ တစ်ခုအထိ လျှော့ချနိုင်မှာဖြစ်ပါတယ်။
COVID -19 ကပ်ရောဂါမှာတုန်းကလည်း ကျနော်တို့အနေဖြင့် အတွေ့အကြုံတွေ အများကြီး ရခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် ဆောင်းရာသီလည်းဖြစ်နေတာကြောင့် အကယ်၍ ရာသီတုပ်ကွေးရောဂါများ ဖြစ်ပွားလာခဲ့ပါက ပုံမှန်လူများအနေနဲ့ကော ရောဂါပြင်းထန်နိုင်သူများ၊ အသက်အန္တရာယ်ရှိနိုင်သူများအနေဖြင့်ပါ စနစ်တကျ ကာကွယ်နိင်ရန်အတွက် ရည်ရွယ်ရေးသားပေးလိုက်ရပါတယ်။
Dr. Fleming
https://www.who.int/news-room/fact-sheets/detail/influenza-(seasonal)
https://en.m.wikipedia.org/wiki/Influenza_A_virus