သည်းခြေကျောက်တည်ခြင်းကို ကျနော်တို့ ကျန်းမာရေးလောကမှာတော့ Gall Stone လို့ ခေါ်ဆိုကြပါတယ်။ ကျနော်တို့မိသားစုထဲမှာဖြစ်ဖြစ်၊ ဆွေမျိုးတွေထဲမှာဖြစ်ဖြစ်၊ ပတ်ဝန်းကျင်မှာပဲ ဖြစ်ဖြစ် ဒီလူက သည်းခြေကျောက်တည်လို့တဲ့။ ဟိုလူကတော့ သည်းခြေကျောက်တည်လို့တဲ့ ဆိုပီး ခဏ ခဏ ကြားဖူးကြမယ် ထင်ပါတယ်။ ဗိုက်အောင့်လို့ပဲဖြစ်ဖြစ်၊ ကျန်းမာရေးစစ်ဆေးလို့ပဲဖြစ်ဖြစ် အာထွာဆောင်း ရိုက်ကြည့်လိုက်တဲ့အခါမှာ သည်းခြေကျောက်တည်နေတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။
ဆိုတော့ သည်းခြေက ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာရှိတာလဲ၊ ဘယ်လို ပုံစံမျိုးလဲ ဆိုတာ ရှင်းပြလိုပါတယ်။ သည်းခြေအိတ်က ဝမ်းဗိုက်ညာဘက် အပေါ်ပိုင်း နံရိုးအောက်နားလေးမှာရှိပါတယ်။ အထဲမှာတော့ အသည်းအောက်မှာကပ်လျှက် ရှိနေပြီး သည်းခြေအိတ်ရဲ့ အစာချေ သည်းခြေရည် ပို့ပေးတဲ့ ပြွန်လေးက အသည်းက ဆင်းသက်လာတဲ့ ပြွန်ဆီ လာပေါင်းပြီးတော့မှ Duodenum လို့ခေါ်တဲ့ အူသိမ်ဦးပိုင်းနဲ့ပေါင်းစပ်သွားပြီး အူထဲကို အစာချေဖျက်ဖို့ အင်ဇိုင်းတွေ ထုတ်ပေးကြတာ ဖြစ်ပါတယ်။ သည်းခြေအိတ် ထွက်ပေါက်က အပေါ်မှာဆိုတော့ သည်းခြေအိတ်ထဲမှာ အနည်ကျပြီး ကျောက်တည်နိုင်ချေက များပါတယ်။
ရောဂါလက္ခဏာများ
၁)--အများစုက သည်းခြေကျောက်တည်နေသော်လည်း ဘာရောဂါလက္ခာမှ မခံစားကြရပါဘူး။
၂)--တချို့ကတော့ ဗိုက်,ရစ်ရစ် အောင့်တာကို ခဏ ခဏ ခံစားရလေ့ရှိပါတယ်။
၃)--သည်းခြေအိတ်ပိုးဝင်ပြီး ရောင်ရမ်းတဲ့ အဆင့်ဆိုလျှင်တော့ ဗိုက်အရမ်းအောင့်မယ် ။ ဖျားပြီး အသားဝါ ဝင်ပါမယ်။ အဲဒီလိုမျိုး ခံစားရလျှင်တော့ ဆေးရုံတက် ကုသမှု ခံယူရမှာပဲဖြစ်ပါတယ်
နောက်ဆက်တွဲ ဆိုးကျိုးများ
သည်းခြေအိတ်မှာ ကျောက်တည်သောအခါ
၁)--သည်းခြေအိတ်ရောင်ခြင်း
၂)--သည်းခြေပြွန်ရောင်ခြင်း
၃)--သည်းခြေပြွန်ကြီး ကျောက်ပိတ်၍ အသားဝါ ဝင်ခြင်း
၄)--မုန့်ချိုအိတ်ရောင်ခြင်း
၅)--အူအမှေးရောင်ခြင်း
၆)--သည်းခြေကင်ဆာဖြစ်ခြင်း အစရှိသည်ဖြင့် နောက်တွဲဆိုးကျိုးတွေ အချိန်မရွေး ဖြစ်လာနိုင်ပါတယ်။
ဖြစ်နိုင်ချေ ရှိသူများ
-အသက် ၄၀ ကျော်သူများ
-မျိုးရိုးထဲမှာ သည်းခြေကျောက်တည်ဖူးသူ ရှိသူများ
-ခန္ဓာကိုယ် အလေးချိန် များသူများ
-အမျိုးသမီးများ
-အဆီနှင့် ကိုလက်စတော အစားများသူများ
-အသည်းခြောက်နေသူများ
-အမှတ် ( ၂ ) ဆီးချိုရောဂါရှိသူများ
-သွေးနီဥ ရောဂါရှိသူများ
-သွေးတွင်း ကိုလက်စတော မြင့်မားသူများ
-ကိုယ်ဝန်ဆောင် အမျိုးသမီးများ
-Estrogen (သန္ဓေတားဆေး ) ပါသောဆေး သောက်သုံးနေသူများ စသူတို့ဟာ သည်းခြေကျောက်တည်နိုင်ချေ မြင့်မားသူများဖြစ်ကြပါတယ်။
ရောဂါရှာဖွေခြင်းနည်းလမ်းများ
-အာထွာဆောင်း ( USG-Abdomen ) ရိုက်ခြင်းကတော့ သည်းခြေကျောက်တည် ရောဂါရှာဖွေတဲ့ အထဲမှာ အရိုးရှင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။
-CT ရိုက်ပြီးရောဂါသိနိုင်ပေမဲ့ အဲဒီနည်းက အချိန်ပိုကြာတယ်။ ငွေကုန်ကျေးကျ များပါတယ်။
-Radionuclide scan ရိုက်ခြင်းကတော့ သည်းခြေပြွန် နှင့် သည်းခြေပြွန်ကြီးတွေ ပိတ်နေလား ပိတ်မနေဘူးလားဆိုတာတွေကို သိနိုင်ပါတယ်။
ပုံမှန်အားဖြင့်တော့အထွာဆောင်းရိုက်သော နည်းလမ်းကတော့ အသုံးအများဆုံး နည်းလမ်းပဲဖြစ်ပါတယ်။ ရိုးရှင်းတယ်။ လွယ်ကူတယ်။ ငွေကုန် သက်သာပါတယ်။
ကုသခြင်းနည်းလမ်းများ
ကုသနည်းလမ်းတွေကတော့
-လူနာ၏အသက်
-ရောဂါအခံများ
-ဝေဒနာခံစားရမှု
-ကျောက်အရွယ်အစား
-နောက်ဆက်တွဲဆိုးကျိုးများအပေါ် မူတည်ပြီး ခွဲစိပ်ကုသနည်း၊ ကျောက်ခြေနည်း၊ နှင့် ကျောက်ပျော်ဆေးတွေ သ့တော်သလို ဆရာဝန်က သုံးသပ်ပြီး အကြံပေးပါလိမ့်မယ်။
ခွဲစိပ်ကုသနည်း
ခွဲစိပ်နည်းတွေမှာတော့ ရိုးရိုးခွဲစိပ်နည်း နဲ့ လေဆာဖြင့်ခွဲစိပ်နည်း( မှန်ပြောင်းသုံးခွဲစိပ်နည်း )ဆိုပြီးရှိပါတယ်။ မှန်ပြောင်းသုံးခွဲစိပ်နည်းကတော့ လူနာခံစားရမှု သက်သာတယ်။ ဆေးရုံ မှာရက်အနည်းငယ်ပဲ နေရပါတယ်။
ကျောက်ခြေနည်း
-အသံလှိုင်းနဲ့ ကျောက်ခြေတာပါ။ဒီနည်းကတော့ သိပ်သုံးလေ့မရှိပါဘူး။
ကျောက်ခြေဆေး
-Ursodeoxycholic acid ပါတဲ့ ဆေးတွေကိုလည်း သုံးလို့ရပါတယ်။ ဒါပေမယ့် နှစ်ချီပြီး သောက်သုံးရတာတောင် ကျောက်ကြေဖို့ မသေချာပါဘူး။ ဒါကြောင့် ခွဲစိပ်ကုသနည်း ကိုသာ အသုံးများကြပါတယ်။
ကာကွယ်နည်းလမ်းအချို့
ဒါတွေကို ဆောင်
-ငါးအဆီ၊ သံလွင်ဆီ စသော မပြည့်ဝ ဆီ တွေ များများ စားသုံးပေးပါ။
-အမျှင်ဓါတ်ပါသော အစားအစာများ စားသုံးပေးပါ။
-ရေများများ သောက်ပေးပါ။
ဒါတွေကို ရှောင်
-ဝက်ဆီ ၊ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက် စသော တိရစ္ဆာန်ဆီ စားသုံးမှုကို လျှော့ချပါ။
-ပြုပြင်ထားသောအစာများ၊ ကွတ်ကီးများ၊ ပေါင်မုန့်များ၊ ကိတ်မုန့်များ စားသုံးမှုကို လျှော့ချပါ။
-Cheese နဲ့ မလိုင် စားသုံးမှု ကို လျှော့ချပါ။
အားလုံး သည်းခြေကျောက်တည်ခြင်းမှ ကင်းဝေးကြပါစေ။
Dr. Fleming