အမျိုးသားတွေကော အမျိုးသမီးများပါ ဆီးစွန့် လုပ်ငန်းဆောင်တာတွေ ရှိကြပေမယ့် ဆီးကြိတ်ဂလင်း ( Prostate Gland ) ကတော့ အမျိုးသားများမှာသာ ပါရှိကြတာဖြစ်ပါတယ်။ ဒါကြောင့် ယောင်္ကျားမှာ...ဆီး မိန်းမမှာ...မီးဆိုတဲ့ စကားပုံ ရှိတာပဲဖြစ်ပါတယ်။ အမျိုးသားတွေ အသက် ၅၀ ကျော်လာပြီဆိုလျှင် ဆီးကြိတ်ဂလင်းက ကြီးလာပြီးတော့ ဆီးပေါက်တဲ့အခါမှာ ပုံမှန် မဟုတ်တော့ဘဲ ခက်ခဲမှုတွေ စတင်ဖြစ်ပေါ်လာတတ်ကြပါတယ်။ ဒီတော့ ဆီးကြိတ်ရဲ့ လုပ်ငန်းတာဝန်နဲ့ တည်ရှိမှုနေရာကို လေ့လာကြည့်ကြရအောင်ပါ။
ဆီးကြိတ်က သုတ်ရည်ထဲမှာ အရည်တချို့ ထုတ်ပေးပါတယ်။ အဲဒီအရည်ထဲမှာ အင်ဇိုင်းတချို့၊ Zinc ဓါတ်နဲ့ Citric acid တွေပါပြီးတော့ သန္ဓေအောင်ဖို့အတွက် အကူညီပေးပါတယ်။ ဆီးကြိတ်၏တည်နေရာကတော့ ဆီးအိမ်ရဲ့အောက်ကပ်လျှက်ဆီးပြွန်နဲ့ သုတ်ပြွန် ကို ခွပြီး ရှိနေတာ ဖြစ်ပါတယ်။
ဆီးကြိတ်ကြီးရောဂါ ( BPH )သည် အသက် ၅၀ ကျော် အမျိုးသားတွေမှာ စတင်ဖြစ်လာလေ့ရှိပါတယ်။ ဖြစ်ရသော အကြောင်းအရင်း သေချာမသိပေမဲ့ အသက်ကြီးအမျိုးသားတွေမှာ ဟော်မုန်းပြောင်းလဲမှုတွေကြောင့် ဆီးဂလင်းက ဆဲလ်တွေပွားများလာပြီး ကြီးလာတယ် လို့ ယူဆထားကြပါတယ်။
ရောဂါလက္ခဏာများ
ဆီးကြိတ်ကြီးလာသောအခါ သူ့အတွင်းမှာရှိတဲ့ ဆီးပြွန်ကျဥ်းသွားသောကြောင့်
-ဆီးကုန်အောင် မပေါက်နိုင်ခြင်း၊ ဆီးကျန်သလိုခံစားရခြင်း
-ညအိပ်ချိန် ခဏခဏ ဆီးထပေါက်ရခြင်း
-ဆီးပေါက်ပြီးသော်လည်း ဆီး တစက်စက်ကျခြင်း
-ဆီးလျှံခြင်း၊ ဆီးမထိန်းနိုင်ခြင်း
-ဆီးညှစ်ပေါက်ရခြင်း
-ဆီးလုံး သေးသွားခြင်း
-ဆီးပေါက်ချိန် ကြာလာခြင်း
-ဆီးလုံးဝ မပေါက်နိုင်တော့ခြင်း စတာတွေ ခံစားလာကြရပါတယ်။
ရောဂါရှာဖွေခြင်းနည်းလမ်းများ
အထက်မှာဖော်ပြထားတဲ့ ဆီးရောဂါလက္ခဏာတွေ ခံစားလာရသောကြောင့် ဆေးရုံဆေးခန်းသွားသောအခါ ဆရာဝန်တွေက စမ်းသပ်စစ်ဆေးပြီး
အာထွာဆောင်းရိုက်လိုက်သောအခါ ဆီးကြိတ်ကြီးနေကြောင်း တွေ့ရပါမယ်။ အခြားနည်းလမ်းတွေလည်း ရှိပေမဲ့ အာထွာဆောင်းရိုက်နည်းဟာ အရိုးရှင်းဆုံး၊ အကုန်အကျ အသက်သာဆုံးနည်းလမ်းပဲဖြစ်ပါတယ်။
ကုသနည်းများ
ဆီးကြိတ်ကြီးရောဂါ ( BPH ) ကို သူ့ရဲ့ကြီးနေသော အရွယ်အစားပေါ် မူတည်ကာ အဆင့် ( ၁ ) ၊ ( ၂ ) နှင့် ( ၃ ) ဆိုပြီး ခွဲခြားထားပါတယ်။ အဲဒီအဆင့်ပေါ်မှာ မူတည်ပြီး ဆေးဝါးနဲ့ကုသရမလား၊ ခွဲစိပ်ကုသရမလား ဆိုပြီး ကွဲပြား သွားကြပါတယ်။
ဆေးဝါးများ
Alpha -1 blockers
-Doxazosin ( Duracard )
-Prazosin
-Tamsulosin ဒီဆေးဝါးတွေကတော့ ဆီးအိမ်အထွက်နှင့် ဆီးကြိတ်မှာရှိသောကြွက်သားတွေကို တင်းအားပြေလျော့စေပြီး ဆီးထွက်ကောင်းစေသော ဆေးဝါးတွေ ဖြစ်ပါတယ်။
5-alpha reductase inhibitor
-Finasteride
-Dutasteride
Dihydrotesterone ( DHT ) က ဆီးကြိတ်ကြီးထွားမှုအတွက် လိုအပ်သော ဟော်မုန်းဖြစ်ပြီး 5-alpha reductase ဆိုသော အင်ဇိုင်းအကူအညီ နဲ့ Testosterone ကနေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါကြောင့် အထက်ပါဆေး ၂ မျိုးက 5-alpha reductase အင်ဇိုင်းကို တားမြစ်ပြီး DHT လျော့နည်းသွားသောအခါ ဆီးကြိတ် ကြီးထွားမှု ရပ်တန့်သွားမှာ ဖြစ်ပါတယ်။
ခွဲစိပ်ကုသနည်းများ
၁)- Transurethral resection of Prostate (TURP ) နည်းကတော့ အသုံးအများဆုံးနည်းလမ်းဖြစ်ပါတယ်။ ဗိုက်ခွဲရန် မလိုသောနည်းလမ်းဖြစ်ပါတယ်။လိင်အင်္ဂါထိပ်ဝ ဆီးပြွန်ပေါက်ကနေ ခွဲစိပ်ပစ္စည်း ထည့်ပြီး ဆီးကြိတ်ကို ခြစ်ထုတ် တာဖြစ်ပါတယ်။
၂)- Simple Prostatectomy နည်းကတော့ ရိုးရိုးခွဲစိပ်နည်းဖြစ်ပါတယ်။ ဗိုက်ကို ခွဲပြီးမှ ဆီးကြိတ်ကို ခွဲထုတ်တာဖြစ်ပါတယ်။ဒီနည်းကဆေးရုံတက်ရက်ကြာပါတယ်။နည်းပညာနဲ့ ပစ္စည်းမရှိသော ဒေသတွေမှာတော့ ဒီနည်းလမ်းကို သုံးနေဆဲပဲဖြစ်ပါတယ်။
၃)-Transurethral incision of Prostate ဆိုသောနည်းလမ်းလည်းရှိပါသေးတယ်။
အထက်ပါကုသနည်းတွေကတော့ ဆေးရုံတက်ကုသရန် လိုအပ်ပါတယ်။ ဆေးရုံတက်ရန်မလိုဘဲ ပြင်ပလူနာ အနေနဲ့ နည်းပညာမြင့်နိုင်ငံတွေမှာတော့ ကုသလို့ရသော ကုသနည်းတွေလည်းကျန်ပါသေးတယ်။အဲဒီနည်းလမ်းတွေကတော့
၁)-Transurethral needle ablation ( TUNA )
၂)-Transurethral microwave therapy (TUMT )
၃)-Transurethral water vapor therapy ( Rezum )
၄)-Water-induced thermotherapy ( WIT )
၅)-High-intensity focused ultrasonography ( HIFU )
၆)-Urolift ဆိုသော ကုသနည်းတွေဖြစ်ပါတယ်။ဒီနည်းတွေထဲက Rezum နှင့် Urolift နည်းတွေကတော့ ဆေးရုံတက်ပြီးကုသရသော TURP နည်းကဲ့သို့ ထိရောက်မှု ရှိပါသတဲ့ဗျာ။ အားလုံး ဆီးကြိတ်နှင့်ပတ်သက်ပြီး ဗဟုသုတရကြပါစေဟု ရည်ရွယ်လျှက်
Dr. Fleming
https://www.healthline.com/health/enlarged-prostate#complications
https://www.medicalnewstoday.com/articles/319859#what-does-it-do