အခုအပတ်မှာ​တော့ ​​ခေါင်းချာချာလည် မူးတဲ့ ​ရောဂါတစ်မျိုးကို ​​ရေး​ပေးသွားမှာ ဖြစ်ပါတယ်။ Benign paroxysmal positional vertigo ( BPPV ) လို့​ခေါ်တဲ့ ​ခေါင်းလှုပ်မိရင် ချာချာလည်​ပြီး​ခေါင်းမူးတဲ့ ​ရော​ဂါ အ​ကြောင်းပဲ ဖြစ်ပါတယ်။ ​ရောဂါအမည်မှာ Benign လို့​ခေါ်တဲ့အတိုင်း ​ရောဂါကြီးကြီးမားမား​ရှိ​နေခြင်းကြောင့် ​ခေါင်းမူးတာ မဟုတ်ပါဘူး။ ​ခေါင်းချာချာလည် မူး​စေတဲ့ အခြား​ရောဂါကြီးများလည်း ( ဦး​ဏှောက်​သွေး​ကြောကျဥ်းခြင်း၊ ဦး​​ဏှောက်အကြိတ်​ဖြစ်​နေခြင်း နှင့် အခြား​ရောဂါများ ) ရှိကြပြီး အဲဒီ​ရောဂါ​တွေက လူ​တွေအတွက် ​နောက်ဆက်တွဲ ဆိုးကျိုး​တွေများ​စေပါတယ်။ BPPV ​ရောဂါက​တော့ ​ရောဂါခံ ကြီးကြီးမားမား​ရှိ​နေခြင်းကြောင့် မဟုတ်တဲ့အတွက် ​နောက်ဆက်တွဲ​ ဆိုးကျိုး​တွေ သိပ်မရှိလှပါဘူး။ 

​BPPV က ဘာ​ကြောင့်ဖြစ်ရတာလဲ

   အများအားဖြင့်​တော့ ​ရောဂါဖြစ်ရတဲ့အ​ကြောင်းအရင်း ​သေချာမရှိပါ။
   ဖြစ်​လေ့ရှိတာက​တော့ နားစည်ထဲက အသံဖမ်း​မြောင်း​လေး​တွေထဲမှာ အနည်အနှစ်​တွေ အ​နေအထားမမှန်​တော့တဲ့အခါ ​ခေါင်းလှုပ်ရမ်းမှုတွေ​ကြောင့် ​ခေါင်းချာချာလည်မူးခြင်းကို ခံစားကြရ​​လေ့ရှိပါတယ်။ အသက် ( ၅၀ ) နှစ်အထက်​တွေမှာ အဖြစ်များ​လေ့ရှိပြီး အမျိုးသားများထက် အမျိုးသမီး​တွေက ပိုဖြစ်​လေ့ရှိပါတယ်။

 ​ရောဂါလက္ခဏာများ

   BPPV ​ရောဂါဖြစ်လာပြီဆိုလျှင်​တော့
-ခေါင်းလှုပ်ရမ်းမှု​ကြောင့် ချာချာလည်မူးခြင်း ( ​ခေါင်း​ထောင်ခြင်း၊ ​ခေါင်းလှဲချခြင်း၊ ​ခေါင်း​ ( ဘယ်၊ ညာသို့ ) ​စောင်းခြင်းတို့ကြောင့် )
-ပျို့ခြင်း၊ အန်ခြင်း
-မတ်တပ်ရပ်အ​နေအထားတွင် မူးပါက လဲကျခြင်း စတာ​တွေ ခံစားရမှာဖြစ်ပါတယ်။
BPPV ​ရောဂါ​ကြောင့် ​ခေါင်းမူးခြင်းက ရက်သတ္တပတ် အနည်းမှ လအနည်းငယ်အထိ ခံစားရနိုင်ပြီး သူ့အလိုလို​ပျောက်သွား​လေ့ရှိကြပါတယ်။


BPPV ​ကြောင့်မဟုတ်​ဘဲ အခြားရောဂါများ​ကြောင့် ​တွေ့ရ​သော ​ချာချာလည်​ခေါင်းမူးခြင်းကို ညွှန်ပြ​နေသည့် အချက်များ

   Vertigo လို့​ခေါ်တဲ့ ​ခေါင်းချာချာလည်မူးခြင်းက BPPV ​ရောဂါတစ်ခုတည်း​​ကြောင့်မဟုတ်ဘူးဆိုတာ အထက်မှာ​ပြောခဲ့ပြီးဖြစ်ပါတယ်။ အခြား​ရောဂါများထဲမှာ အသက်အန္တရာယ်ဖြစ်​​စေနိုင်တဲ့​ရောဂါများလည်း ပါ​နေပါတယ်။ ဒါ​ကြောင့် အခြား​ရောဂါများ​ကြောင့် ချာချာလည်​ခေါင်းမူးတာနဲ့ တွဲ​တွေ့ရနိုင်တဲ့ လက္ခဏာများက​တော့
-ရုတ်တရက် ဆိုးရွားစွာ ​ခေါင်းကိုက်လာခြင်း
-ဖျားခြင်း
-အကြားအာရုံချို့တဲ့ခြင်း
-ပုံရိပ်နှစ်ခုမြင်ခြင်း၊ အမြင်အာရုံချို့တဲ့ခြင်း သို့မဟုတ် ဆုံးရှုံးခြင်း
-စကား​​ပြောခက်ခဲခြင်း
-​ခြေလက်အားနည်းခြင်း
-​ခြေလက်ထုံကျဥ်ခြင်း
-​လမ်းမ​လျှောက်နိုင်ခြင်း
-သတိလစ်ခြင်း စတာ​တွေ ဖြစ်ပါတယ်။ အထက်ပါ​ရောဂါလက္ခဏာများပါ တွဲပြီးခံစား​နေရပြီဆိုလျှင်​တော့  အခြားရောဂါအခံများကို ​သေချာ ရှာ​ဖွေ စစ်​ဆေးကြရပါမယ်။

ကုသမှု

   BPPV ​ကြောင့် ​ခေါင်းချာချာလည်မူးတာ​တွေအတွက်​ ကုသနည်းက​တော့ ​လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ Epley Maneuver သို့မဟုတ် Canalith repositioning procedure လို့​ခေါ်ပါတယ်။ အဲဒီနည်းကို မှန်ကန်စွာလုပ်​ပေးရင် ​​ခေါင်းမူးတာက လျှင်မြန်စွာ ​ပျောက်ကင်းမှာပဲဖြစ်ပါတယ်။ အဲဒီ​လေ့ကျင့်ခန်းမှာ အဆင့် ( ၄ ) ဆင့်ပါရှိပါတယ်။ အဆင့်တိုင်းမှာ စက္ကန့် ၃၀ စီ ​နေ​ပေးရပါတယ်။

အဆင့် ( ၁ ) ကုတင်​ပေါ်မှာ​ခြေဆင်းပြီးထိုင်​နေရပါမယ်။ ပြီးလျှင် မျက်နှာကို ( ၄၅ ) ဒီဂရီ ( ဘယ်နားဖြစ်လျှင် ဘယ်ဘက်​စောင်း၊ ညာနားဖြစ်လျှင် ညာဘက်​စောင်း ) ​စောင်းပြီးအ​နေအထားနဲ့  ဖြည်းဖြည်းလှဲချအိပ်​ပေးရပါမယ်။ ( အဲဒီအ​နေအထားနဲ့ ​ခေါင်းမူး သက်သာပြီးအနည်းဆုံး စက္ကန့် ၃၀ ကြာ​အောင်​နေ​ပေးပါ။ )

အဆင့် ( ၂ ) ပထမအဆင့်ပြီးလျှင် ဖြစ်တဲ့ဘက်သို့​စောင်း​နေသည့် အ​နေအထားမှ ဆန့်ကျင်ဘက်သို့ ( ၉၀ ) ဒီဂရီ ဖြည်းဖြည်းချင်းလှည့်​ပေးရပါမယ်။ ( အဲဒီအ​နေအထားနဲ့မှာလည်း ​ခေါင်းမူးသက်သာပြီးအနည်းဆုံး စက္ကန့် ၃၀ ကြာ​အောင်​နေ​ပေးပါ။ )

အဆင့် ( ၃ ) ဒုတိယအဆင့် အ​နေအထားမှ တစ်ဘက်တည်း အ​နေအထားအတိုင်း ​နောက်ထပ် ( ၉၀ ) ဒီဂရီခန့် ထပ်​​စောင်း​ပေးရပါမယ်။  ( အဲဒီအ​နေအထားနဲ့မှာလည်း ​ခေါင်းမူးသက်သာပြီးအနည်းဆုံး စက္ကန့် ၃၀ ကြာ​အောင်​နေ​ပေးပါ။ )

အဆင့် ( ၄ ) တတိယအဆင့် အ​နေအထားမှ ပြန်ထိုင်​ပေးရပါမယ်။ ပြန်ထိုင်တဲ့အခါမှာ​တော့ ​​ခေါင်းကို တတိယအဆင့်အတိုင်း တဘက်တည်းကို ​ခေါင်း အနည်းငယ် ငုံ့​နေ​ပေးရပါမယ်။ 

   ဒီလိုလုပ်​ပေးပြီးရင် ​BPPV ​ကြောင့် ​ခေါင်းချာချာလည် မူးခြင်းအတွက် လုပ်​ပေးရတဲ့​လေ့ကျင့်ခန်း ( Epley Maneuver or canalith reposition procedure ) လို လုပ့်လို့ပြီးသွားပြီ ဖြစ်ပါတယ်။ 
   ဒီလိုလုပ်​ပေးခြင်းဟာ BPPV လူနာ ( ၈၀ ) ရာခိုင်နှုန်းကို ​ပျောက်ကင်းသက်သာ​စေပါတယ်။  BPPV က အချိန်မ​ရွေး ပြန်ဖြစ်တတ်တာ​ကြောင့် BPPV ​ရောဂါအ​ကြောင်းနဲ့ BPPV ကို သက်သာ​စေတဲ့ အိမ်မှာလည်း လုပ်​လို့ရတဲ့ ​လေ့ကျင့်ခန်း​လေး အ​ကြောင်း ဗဟုသုတ ရ​စေရန် ရည်ရွယ်​ရေးသားလိုက်ရပါတယ်။

Dr. Fleming

 https://www.mayoclinic.org/diseases-conditions/vertigo/symptoms-causes/syc-20370055