သိမှတ်ဖွယ်ရာ အံဆုံးသွား အကြောင်းခြင်းရာ

သင့်ဘဝတစ်သက်တာတွင် သင်၏ သွားနှင့်ခံတွင်း အခြေအနေသည် အပြောင်းအလဲများစွာကို ဖြတ်သန်းဖြစ်ပေါ်လျက် ရှိပါသည်။ အသက် 17 နှစ်မှ 21 နှစ်ကြားတွင် ဖြစ်လေ့ရှိသော အဓိက သွားနှင့်ခံတွင်းဆိုင်ရာ ပြောင်းလဲမှုမှတ်တိုင်တစ်ခုမှာ သင်၏ နောက်ဆုံးအံသွားများ ပေါက်လာခြင်းပင် ဖြစ်သည်။ အထူးသဖြင့် ပိုမိုရင့်ကျက်သော အသက်အရွယ်တွင် ပေါက်လာသောကြောင့် ဤသွားများကို “Wisdom Teeth” ဟု တင်စားခေါ်ဝေါ်ကြလေ့ရှိသည်။

အနေအထားမှန်ကန်စွာဖြင့် ပေါက်လာသည့် ကျန်းမာကြံ့ခိုင်သော နောက်ဆုံးအံသွားများသည် သင်၏အစာဝါးစားခြင်း လုပ်ငန်းစဥ်ကို ကူညီပေးနိုင်ပါသည်။ သွားများပေါက်သည့် အချိန်အခါတွင် အနည်းငယ် မအီမသာ ခံစားရသည်မှာ ပုံမှန်ဖြစ်ပါသည်။ သို့သော် အံဆုံးသွားပေါက်သည့်အချိန်တွင် နာကျင်ခြင်းကို ခံစားရပါက ၎င်းသည် ပြဿနာများ၏ ရှေးဦးလက္ခဏာပင် ဖြစ်ပါသည်။


အံဆုံးသွားပေါက်ရန် နေရာအလုံအလောက်ရှိပါသလား ?

အံဆုံးသွားများ ပေါက်လာသည့်အချိန်တွင် အခြားသော ကြီးသွား ၂၈ ချောင်းသည် အများအားဖြင့် နေရာတွင် ရှိနေပြီးဖြစ်သည်။ ထို့ကြောင့် အံဆုံးသွားများသည် သွားပေါက်ရန် နေရာအလုံအလောက်မရှိလျှင် ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။ ၎င်းတို့သည် မှားယွင်းသော အနေအထားတွင် သွားပေါက်လာနိုင်ပြီး၊ သွားသည် စောင်း၍ပေါက်လာခြင်း၊ သို့မဟုတ် သွားဖုံးရိုးထဲတွင် ပိတ်မိနေပြီး သွားထွက်မလာနိုင်ခြင်း၊ သို့မဟုတ် သွား၏တစ်စိတ်တစ်ပိုင်းသာ ထွက်ပေါ်လာနိုင်ခြင်းတို့ ဖြစ်လာနိုင်ပါသည်။  ဤကဲ့သို့ ပေါက်လာသော အံဆုံးသွားများကို သွားပေါက်သည့် အနေအထားမမှန်ဟု သတ်မှတ်နိုင်သည်။

အံဆုံးသွားပေါက်သည့်အခါ ခံစားရနိုင်သော ရောဂါပြဿနာများ

  • မှန်ကန်သော အနေအထားတွင် မရှိသည့် အံဆုံးသွားများသည် အစာညှပ်ခြင်းကို သိသာစွာဖြစ်စေနိုင်သည်။ ၎င်းသည် သွားပိုးစားခြင်းကို ဖြစ်စေသည့် ဘက်တီးရီးယားပိုးများ ကြီးထွားရန် အကူအညီပေးသည်။
  • အနေအထားမှန်ကန်စွာ မပေါက်လာနိုင်သည့် အံဆုံးသွားများသည် ၎င်းနှင့် ၎င်း၏ကပ်လျက်ရှိသော အံသွားများကြားတွင် သွားကြားပွတ်ကြိုး အသုံးပြု၍ သန့်ရှင်းရေးပြုလုပ်ခြင်းကို ခက်ခဲစေပြီး သွားဖုံးရောဂါများဖြစ်သည့် သွားဖုံးရောင်ခြင်းနှင့် သွားမြစ်ဝန်းကျင်တစ်ရှူးရောင်ရောဂါများ ပိုမိုလွယ်ကူစွာ ဖြစ်လာစေနိုင်သည်။
  • တစ်စိတ်တစ်ပိုင်း ဖောက်ထွက်၍ ပေါက်လာသော အံဆုံးသွားများသည် သွားဖုံးအတွင်း ဘက်တီးရီးယားပိုးများ လွယ်ကူစွာ ဝင်ရောက်စေပြီး ရောဂါပိုးမွှားဖြစ်ပွားရန် နေရာတစ်ခုကို ဖန်တီးပေးထားသကဲ့သို့ ဖြစ်နေသည်။ ထိုမှတစ်ဆင့် နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ ပြည်တည်နာနှင့် သင်၏မေးရိုး ကိုက်ခဲတောင့်တင်းခြင်းစသည့် ဝေဒနာများကို ခံစားရစေနိုင်သည်။ ထို့အပြင် “Pericoronitis” ဟုခေါ်သော အံဆုံးသွားကို ဝန်းရံထားသည့် သွားဖုံးသားတစ်ရှူးများ ရောင်ရမ်းခြင်းကိုလည်း ဖြစ်စေနိုင်သည်။
  • သွားပေါက်ရန်နေရာ အလုံအလောက်မရှိသော အံဆုံးသွားများသည် ကပ်လျက်ရှိသော သွားများကို မညီမညာဖြစ်စေနိုင်သည် သို့မဟုတ် ပျက်စီးစေသည်ဟု သတ်မှတ်ကြသည်။
  • သွားပေါက်လာခြင်း မရှိဘဲ မေးရိုးအတွင်း မြုပ်နေသည့် အံဆုံးသွားများသည် ၎င်းသွား၏နေရာတွင် သို့မဟုတ် အနီးတွင် အရည်အိတ်များ ဖြစ်ပေါ်လာစေနိုင်သည်။ ၎င်းသည် အနီးနားရှိသွားများ၏ သွားအမြစ်များကို ပျက်စီးစေခြင်း သို့မဟုတ် သွားများကို ထောက်ပံ့ပေးသော အရိုးများကို ဖျက်ဆီးပစ်နိုင်သည်။

ဘယ်အချိန်မှာ သွားဆရာဝန်နဲ့ ပြသသင့်သလဲ ?

သင်၏ အံဆုံးသွားများသည် ပြင်းထန်သော နာကျင်မှုကို ခံစားရစေပါက သွားနှင့်ခံတွင်းဆရာဝန်ထံ သွားရောက်ပြသရန် ရက်ချိန်းယူသင့်ပါသည်။  သူတို့သည် သင်၏သွားများကို စစ်ဆေးပြီး ၎င်းတို့ကို ဖယ်ရှားရန် လိုအပ်ခြင်း ရှိမရှိ အကြံပေးလိမ့်မည်။  သင်၏ သွားနှင့်ခံတွင်းဆရာဝန်သည် သင့်အား ပိုမိုရှုပ်ထွေးသော ကုသမှုများအတွက် လိုအပ်ပါက မေးရိုးနှင့်ခံတွင်းခွဲစိတ် အထူးကုဆရာဝန်ထံ လွှဲပေးရန် ဆုံးဖြတ်ပါလိမ့်မည်။

အံဆုံးသွားများကို ခွဲစိတ်ဖယ်ရှားခြင်းသည် အင်္ဂလန်နိုင်ငံတွင် ပြုလုပ်မှုအများဆုံး ခွဲစိတ်မှုများထဲမှ တစ်ခုဖြစ်သည်။ မည်သည့်ကုသမှုမျိုးကို လုပ်ဆောင်မည်ဟု ဆုံးဖြတ်ချက်မချမီ သွားနှင့်ခံတွင်းဆရာဝန်သည် သင်၏ခံတွင်းကို စစ်ဆေးပြီး ဓာတ်မှန်ရိုက်ပါမည်။  သင်နှင့် သင်၏ဆရာဝန်သည် အကောင်းဆုံးကုသမှုအတွက် အတူတကွ ဆွေးနွေးနိုင်ပါသည်။


အံဆုံးသွားများကို အဘယ်ကြောင့် ဖယ်ရှားရသနည်း။

သင်၏အံဆုံးသွားများသည် အနေအထား မမှန်ကန်စွာ ပေါက်နေပါသော်လည်း ပြဿနာတစ်စုံတစ်ရာမရှိပါက များသောအားဖြင့် ဖယ်ရှားရန်မလိုအပ်ပါ။ အများအားဖြင့် အောက်ဖော်ပြပါ ခံတွင်းအတွင်း ခံစားရသည့် လက္ခဏာများ ရှိလာပါက အံဆုံးသွားများကို ဖယ်ရှားရန် လိုအပ်ပါသည်။

  • ပြင်းထန်စွာ နာကျင်ခြင်း
  • ပိုးဝင်ခြင်း
  • အရည်အိတ်များ
  • အကျိတ်များ
  • အနီးနားသွားများ ပျက်စီးခြင်း
  • သွားဖုံးရောဂါများ
  • သွားပိုးစားခြင်း (သွားအား ပြန်လည်ထိန်းသိမ်းရန် မကောင်းတော့လျှင် သို့မဟုတ် မဖြစ်နိုင်တော့လျှင်)၊

ထို့အပြင် သွားနှင့်ခံတွင်းဆရာဝန်အချို့သည် ပြဿနာတစ်စုံတစ်ရာ မခံစားရမီအချိန်တွင်ပင် သင်၏အံဆုံးသွားများကို နှုတ်ရန် အကြံပြုကြပေမည်။ နှစ်အနည်းငယ်ကြာပြီးနောက်တွင် လုပ်ဆောင်ရမည့် ပိုမိုနာကျင်နိုင်သည့် သို့မဟုတ် လုပ်ကိုင်ရန်ပိုမိုရှုပ်ထွေးနိုင်သော သွားနှုတ်ကုသမှုကို ရှောင်ရှားနိုင်ရန် ကြိုတင်လုပ်ဆောင်ကြခြင်း ဖြစ်သည်။ အံဆုံးသွား၏အမြစ်များ အပြည့်အဝ မဖွံ့ဖြိုးသေးသည့်အပြင် အရိုးသိပ်သည်းမှု နည်းသေးသော အချိန်ဖြစ်သည့် လူငယ်များအရွယ်တွင် သွားနှုတ်ဖယ်ရှားရန် ပိုမိုလွယ်ကူသည်။ အသက်ကြီးသူများတွင်မူ အနာကျက်ရန်နှင့် ပြန်လည်ကောင်းမွန်ရန် အချိန်ပိုကြာတတ်သည်။

သင်၏အံဆုံးသွားများကို မနှုတ်ဘဲထားထားပါက ။

မဖယ်ရှားရသေးသော အံဆုံးသွားများသည် နောက်ပိုင်းတွင် ပြဿနာများဖြစ်လာနိုင်ခြေ ရှိနေဆဲဖြစ်သောကြောင့် ဆက်လက်စောင့်ကြည့်သင့်ပါသည်။  သင်၏အံဆုံးသွားများ ပတ်ချာလည်တွင် သွားကြားပွတ်ကြိုး အသုံးပြု၍သန့်ရှင်းခြင်း ပုံမှန်ပြုလုပ်ပေးရန်နှင့် အံဆုံးသွားများ၏ အခြေအနေအပါအဝင် သင်၏ သွားနှင့်ခံတွင်းကျန်းမာရေးကို စစ်‌ဆေးမှုခံယူရန် သွားနှင့်ခံတွင်းဆရာဝန်ထံ ပုံမှန်သွားရောက်ပြသရန် သေချာပါစေ။

Articles Resources

  • American Association of Oral and Maxillofacial Surgeons: “Wisdom Teeth Management”
  • Donald G. Rebhun, DMD, “Frequently Asked Questions”
Scroll to Top