စစ်ရှောင်စခန်းများတွင် ရေနှင့်သန့်ရှင်းရေး အရေးကြီးပုံ

စစ်ရှောင်စခန်းများနှင့် ဒုက္ခသည်စခန်းများတွင် ရေကောင်းရေသန့်ရရှိရေး၊ တကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်နှင့်အိမ်သာသန့်ရှင်းရေးတို့ကို အထူးအလေးထားရန် လိုအပ်ပါသည်။ စစ်ရှောင်စခန်းများသို့ လာရောက်နေထိုင်ရသူအများစုသည် အရေးပေါ်အခြေအနေများကြောင့် တကိုယ်ရေသုံးပစ္စည်းများ မယူဆောင်နိုင်ခြင်း၊ စိတ်ဖိစီးမှုများနေခြင်း၊ လူအများစုပေါင်းနေထိုင်ရသောကြောင့် သန့်ရှင်းရေးကိစ္စတွင် အားနည့်လေ့ရှိပါသည်။ စစ်ရှေmင်စခန်းများတွင် သန့်ရှင်းသောသောက်သုံးရေ လုံလောက်စွာမရရှိခြင်း၊ အမှိုက်နှင့်အညစ်အကြေးများ စနစ်တကျစွန့်ပစ်ရန်နေရာများ မထားရှိခြင်းကြောင့် ကျန်းမာရေးနှင့် အခြားပြဿနာများ ကြုံတွေ့လာရနိုင်ပါသည်။

ကျန်းမာရေးပြဿနာများ

  • ဝမ်းပျက်ဝမ်လျှောနှင့် ဝမ်းကိုက်ရောဂါ
  • ကာလဝမ်းရောဂါ
  • အသည်းရောင်အသားဝါရောဂါ
  • အူရောင်ငန်းဖျား (တိုက်ဖွိုက်) ရောဂါ
  • သူငယ်နာအကြောသေ (ပိုလီယို) ရောဂါ
  • တုတ်ကောင်၊ သန်ကောင်ရောဂါ
  • ဝမ်ရောဂါကြောင့် ရေဓာတ်ခန်းခြောက်ခြင်း
  • အရေပြားရောဂါများ
  • ရေရှည်ဆိုးကျိုးများအဖြစ် အာဟာရချို့တဲ့ခြင်းနှင့်
  • အသက်သေဆုံးသည်အထိ ကျန်းမာရေးပြဿနာများကြုံတွေ့နိုင်ပါသည်။

လုံခြုံရေးနှင့် အခြားပြဿနာများ

!အိမ်သာများလုံလောက်စွာမရှိခြင်း၊ ရေအရင်းအမြစ်နှင့် နေထိုင်ရာစုရပ်အကြား အလှမ်းဝေးသောကြောင့် အမျိုးသမီးများနှင့်ကလေးငယ်များ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု အန္တရာယ်ရှိခြင်း၊

! သန့်ရှင်းရေးစနစ်များ လုံလောက်ကောင်းမွန်မှုမရှိသောကြောင့် အန္တရာယ်များပြီး မသန့်ရှင်းသော နည်းလမ်းများဖြင့် ကိုယ့်နည်းကိုယ့်ဟန် ဖြေရှင်းလာကြခြင်း၊

အထက်ပါပြဿနာများကို ရှောင်လွှဲနိုင်ရန်အတွက် အောက်ပါအချက်များကို စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ပါသည်။

 ၁။ ရေအရင်းအမြစ်သန့်ရှင်းမှု

လူနှင့်တိရစ္ဆာန်များ၏အညစ်အကြေးများကြောင့် ရေအရင်းအမြစ်မသန့်ရှင်းမှုများ ဖြစ်တတ်ပါသည်။ ရေအရင်းအမြစ်သန့်ရှင်းစေရန်အတွက် အောက်ပါတို့ကို လိုက်နာရပါမည်။

  • ရေထွက်ပင်ရင်း (ရေတွင်းရေကန်) နားတွင် အဝတ်လျှော်ခြင်း၊ ရေချိုးခြင်းမပြုလုပ်ပါနှင့်၊
  • ရေထွက်ပင်ရင်းနားတွင် ရေအိုင်ဗွက်အိုင်မဖြစ်စေရန်၊ တိရစ္ဆာန်များ မဝင်နိုင်ရန် ပြုလုပ်ပါ၊
  • ရေထွက်ပင်ရင်းနှင့် အနည်းဆုံး ပေ (၅၀) ခွာ၍ အိမ်သာဆောက်ပါ၊
  • သောက်ရေခပ်မည့်လက်ကို ဆပ်ပြာဖြင့်စင်အောင်ဆေးပြီးမှ ခပ်ပါ၊
  • ရေသယ်ရာတွင် မဖိတ်စင်စေရန် ဖုံးအုပ်သောအဖုံးများကို သန့်ရှင်းအောင်ဆေးကြောပြီးမှ ဖုံးအုပ်ပါ၊
  • ရေကန်အတွင်းသို့ လူများဆင်း၍ ရေခပ်ခြင်း မပြုလုပ်ပါနှင့်၊

ချောင်းရေ၊ မြစ်ရေ၊ ကန်ရေနှင့် တွင်းရေတို့တွင် ရောဂါပိုးများနှင့် အနည်အမှုန်များ ပါဝင်နေနိုင်ပါသဖြင့် တိုက်ရိုက်မသောက်သုံးသင့်ဘဲ သန့်စင်ပြီးမှ သောက်သုံးသင့်ပါသည်။

ရေသန့်စင်သော နည်းလမ်းများ

  • ရေကို ဆူပွက်အောင်ကျိုချက်ခြင်း၊
  • ကလိုရင်းခတ်ခြင်း၊ ရေသန့်ဆေးရည်/ဆေးပြားများအသုံးပြုခြင်း၊
  • မြေရေစစ်အိုးဖြင့်ရေစစ်ခြင်း၊
  • ရေကို နေပြခြင်း (နေလှန်းခြင်း)

ရေကိုသန့်ရှင်းစွာ သိုလှောင်ခြင်း

  • လူတဦးအတွက် တနေ့စာ သောက်သုံးရေး (၁၀) လီတာခန့် သိုလှောင်ထားသင့်သည်။
  • ပိုးမွှားနှင့် အမှုန်များမဝင်နိုင်ရန် အဝကျဉ်း၍အဖုံးပါသောပုံများဖြင့် သိုလှောင်သင့်သည်။
  • သိုလှောင်သော ပုံးနှင့်အဖုံးများကို သန့်ရှင်းမှုရှိမရှိ စစ်ဆေးပြီး သန့်ရှင်းမှုမရှိပါက ဆေးကြောခြင်း၊ လဲလှယ်ခြင်း ပြုလုပ်သင့်သည်။

၂။ တကိုယ်ရေသန့်ရှင်းမှု

တလလျှင် လူတဦးစာအတွက် ဆပ်ပြာ (၄၅၀) ဂရမ် (ပုံမှန်ဆပ်ပြာအရွယ် ၄ တုံး ခွဲခန့်) ထားရှိသင့်ပါသည်။

တကိုယ်ရေသန့်ရှင်းရေးအတွက် (၂၅၀) ဂရမ်နှင့် အဝတ်လျှော်ခြင်း၊ ပန်းကန်ခွက်ယောက်များ ဆေးကြောခြင်းအတွက် (၂၀၀) ဂရမ်ခန့် ဖြစ်ပါသည်။

အမျိုးသမီးများအတွက် လစဉ်ဓမ္မတာလာစဉ်အတွင်း တကိုယ်ရေးဆောင်ရွက်နိုင်ရန်အတွက် လစဉ် ဆပ်ပြာ (၂၅၀) ဂရမ်ခန့် အပိုဆောင်း ဆောင်ထားသင့်ပါသည်။

၃။ အိမ်သာဆောက်လုပ်ခြင်း

  • စစ်ရှောင်စခန်းသို့ရောက်ရောက်ချင်းတွင် လူအယောက် (၅၀) အတွက် အိမ်သာတစ်လုံးနှုန်းနှင့် နေရာအတည်တကျဖြစ်ချိန်တွင် လူ (၂၀) အတွက် အိမ်သာတစ်လုံးနှုန်း ထားရှိသင့်ပါသည်။ ခြောက်လထက်ကြာမည်ဟု ခန့်မှန်းပါက အိမ်ထောင်စုတစ်စု (လူ ၅ ဦး) အတွက် အိမ်သာတစ်လုံးနှုန်းထားရှိနိုင်ရန် ဆောင်ရွက်ရပါမည်။
  • စခန်းရှိလူဦးရေကိုတွက်ချက်ပြီး လူဦးရေအလိုက် ကျား/မ အိမ်သာများခွဲခြားထားသင့်ပြီး အမျိုးသားအိမ်သာ/အမျိုးသမီးအိမ်သာ လက္ခဏာပြဆိုင်းဘုတ်များ သိသာထင်ရှားစွာ ပြထားသင့်ပါသည်။
  • အမျိုးသမီးလစဉ်သုံးပစ္စည်းများ စနစ်တကျစွန့်ပစ်နိုင်ရန်အတွက် အမျိုးသမီးအိမ်သာများတွင် အဖုံးပါသောအမှိုက်ပုံးများ ထားရှိသင့်ပါသည်။
  •   အကောင်းဆုံးအိမ်သာသည် ယင်လုံရမည်၊ အနံ့လုံရမည်၊ အရှက်လုံရမည်၊ သန့်ရှင်းရမည်၊ မစင်မှတဆင့် ရောဂါမပြန့်ပွားအောင် တားဆီးနိုင်ရမည်ဖြစ်သည်။

** အိမ်သာအသုံးပြုပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စနစ်တကျဆေးကြောရပါမည်။ **

၄။ အမှိုက်များစွန့်ပစ်ခြင်း

  • ခြင်၊ ယင် မပေါက်ဖွားနိုင်ရန်နှင့် ကလေးများထိခိုက်ဒဏ်ရာမရရှိစေရန် အမှိုက်စွန့်ပစ်ရန် နေရာများကို စနစ်တကျ သတ်မှတ်ထားရမည်။
  • အရေးပေါ်အခြေအနေများအတွက် အများစုပေါင်းစွန့်ပစ်ရမည့် နေရာတစ်ခုနှင့် လုံလောက်သော်လည်း နောက်ပိုင်းတွင် အိမ်ထောင်စုတိုင်းအတွက် သီးသန့်အမှိုက်စွန့်ပစ်ရန် စီစဉ်ထားရပါမည်။
  • ကျန်းမာရေးလုပ်ငန်းသုံးစွန့်ပစ်ပစ္စည်းများ (ဆေးထိုးအပ်၊ ဂွမ်း၊ ပတ်တီး၊ စသည်) ကိုမူ အချိန်ကြန့်ကြာမှုမရှိဘဲ စနစ်တကျ သီးခြားစွန့်ပစ်ရပါမည်။
  • အမျိုးသမီးလစဉ်သုံးပစ္စည်းများကိုလည်း စနစ်တကျ စွန့်ပစ်ရပါမည်။

References:

  1. “WASH in camps” Emergency Handbook by UNHCR
  2. UNICEF Hygiene Promotion Posters
  3. “Hygiene Clean Water” “Hygiene Clean Latrine” from Myanmar Information Management Unit
Scroll to Top