ကိုယ်ဝန်ဆောင်မိခင်များအတွက် သွားနှင့်ခံတွင်းကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ သိ‌ကောင်းစရာများ

ကိုယ်ဝန်ဆောင်ချိန်မှာ သင်၏ခန္ဓာကိုယ်တွင် အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်သည်ကို သင်မျှော်လင့်ထားနိုင်ပါသည်။ သို့သော် သင်၏ခံတွင်းအတွင်းတွင်လည်း အပြောင်းအလဲများ ဖြစ်လာနိုင်သည်ကို သင်သိပါသလား။ ကိုယ်ဝန်ဆောင်ခြင်းသည် သွားနှင့်ခံတွင်း ကျန်းမာရေးပြဿနာများ ဖြစ်နိုင်ခြေကို တိုးလာစေပြီး အဆိုပါပြဿနာများသည် သင့်ကိုယ်ဝန်ကို ထိခိုက်စေနိုင်ပါသည်။

အချို့သော သုတေသနပြုချက်များအရ ပြင်းထန်သော သွားမြစ်ဝန်းကျင် တစ်ရှူးရောင် ရောဂါ (Periodontitis) သည် လမစေ့ဘဲမွေးခြင်းကို ဖြစ်စေနိုင်သော အကြောင်းရင်းများထဲမှ တစ်ခုဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်စဉ်အတွင်း သားဖွားမီးယပ် ဆရာဝန်ထံ ပုံမှန်သွားရောက်ပြသခြင်းအပြင် သွားနှင့်ခံတွင်းဆရာဝန်ထံ သွားရောက်ပြသမှုများ ပြုလုပ်ရန်လည်း အရေးကြီးပါသည်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း ခံတွင်း၊ သွားနှင့် သွားဖုံးများကို ကောင်းမွန်စွာ ဂရုစိုက်ခြင်းသည် သင့်အား ကျန်းမာသောကိုယ်ဝန်နှင့် ကျန်းမာသောကလေးတစ်ဦးကို ပိုင်ဆိုင်နိုင်ရန် အထောက်အကူပြုနိုင်မည်ဖြစ်သည်။

ကိုယ်ဝန်ဆောင်ခြင်းသည် သင်၏ သွားနှင့်ခံတွင်းကျန်းမာရေးကို မည်သို့ထိခိုက်စေသနည်း။

  • ကိုယ်ဝန်ဆောင်စဉ်အတွင်း သင်၏ခန္ဓာကိုယ်တွင် ပရိုဂျက်စတီရုန်း (Progesterone) နှင့် အီစထရိုဂျင် (estrogen) ကဲ့သို့သော ဟော်မုန်းအချို့ ပမာဏများလာပါသည်။ ၎င်းတို့သည် အချို့သော သွားနှင့်ခံတွင်းကျန်းမာရေးပြဿနာများ ဖြစ်ပွားနိုင်ချေကို တိုးလာစေနိုင်သည်။
  • ကိုယ်ဝန်ဆောင်စဉ် စားသောက်မှု အလေ့အထများ ပြောင်းလဲနိုင်သည်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း သင်သည် အချို့သောအစားအစာများကို ကိုယ်ဝန်မဆောင်မီကထက် ပို၍စားလာနိုင်သည်။
  • ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် သွားတိုက်ခြင်း နှင့် သွားကြားပွတ်ကြိုး အသုံးပြုခြင်းသည် ပျို့အန်ခြင်းကို ဖြစ်စေနိုင်သည်။

အထက်ပါ ပြောင်းလဲမှုများသည် ကိုယ်ဝန်ဆောင်စဉ်အတွင်း အချို့သော သွားနှင့်ခံတွင်းဆိုင်ရာ ပြဿနာများ ဖြစ်ပွားနိုင်မှုနှုန်းကို တိုးစေနိုင်သည်။

ကိုယ်ဝန်ဆောင်များတွင် အဖြစ်များသော သွားနှင့်ခံတွင်းပြဿနာများ

ကြွေသွားလွှာ တိုက်စားခြင်း (Enamel erosion) 

အမျိုးသမီးအများစုအတွက် ကိုယ်ဝန်ဆောင်ခြင်းသည် “Morning Sickness” ဟုခေါ်သော ကိုယ်ဝန်ကြောင့် မကြာခဏပျို့အန်ခြင်းကို ခံစားရစေနိုင်သည်။ ထို့ကြောင့် ခံတွင်းသည် သွား၏ အပေါ်လွှာ ဖြစ်သော ကြွေလွှာကို တိုက်စားနိုင်သည့် အစာအိမ်မှအက်ဆစ်ဓာတ်နှင့် မကြာခဏထိတွေ့ရသည်။ ထို့ကြောင့် သွားကြွေလွှာတိုက်စားခြင်း (Enamel erosion) ကို ဖြစ်ပေါ်စေပြီး သွားကျင်ခြင်းဝေဒနာကို ဖြစ်ပေါ်လာ‌စေသည်။

ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ပျို့အန်ပြီးနောက်ပိုင်း ချက်ချင်း သွားတိုက်ခြင်းကို ရှောင်ကြဉ်ရန်နှင့် သွားတိုက်သည့်အခါ သွားပွတ်တံကို ပျော့ပျောင်းသော အမွှေးအမျှင်များပါသည့် သွားပွတ်တံကို အသုံးပြုရန် လိုအပ်ပါသည်။ 

သွားပိုးစားခြင်း

ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ လေးပုံတစ်ပုံသည် သွားပိုးစားခြင်း‌ကို ခံစားရလေ့ရှိသည်။ မကုသဘဲထားရှိသော သွားပိုးစားခြင်းသည် ခံတွင်းအတွင်း ပြည်တည်နာနှင့် မျက်နှာရောင်ရမ်းခြင်း တို့အထိ ဖြစ်စေနိုင်သည်။  သွားပိုးစားရောဂါခံစားနေရသည့် မိခင်များ၏ ကလေးများသည် အခြားကလေးများထက် သွားပိုးစားနိုင်ခြေ သုံးဆပို၍ များပါသည်။

ကိုယ်ဝန်ဆောင်လူနာများသည် ဖလိုရိုက်သွားတိုက်ဆေးနှင့် တစ်နေ့လျှင် နှစ်ကြိမ် သွားတိုက်ခြင်းဖြင့် သွားပိုးစားနိုင်ခြေကို လျှော့ချနိုင်ပါသည်။ ကုသမှုမခံယူရသေးသော သွားပိုးစားခြင်းနှင့် ဆက်နွယ်သည့် နောက်ဆက်တွဲပြဿနာများရှိသော လူနာများသည် တိကျသေချာသောကုသမှုများ ခံယူရန် လိုအပ် ပါသည်။

သွားဖုံးရောင်ခြင်း (Gingivitis)

သွားဖုံးရောင်ခြင်း (Gingivitis) သည် ကိုယ်ဝန်ဆောင် အမျိုးသမီးများတွင် ၆၀ မှ ၇၅ ရာခိုင်နှုန်းအထိ    အလွန်အဖြစ် များသော ပြဿနာတစ်ခုဖြစ်သည်။ အမျိုးသမီးအများစုသည် ကိုယ်ဝန်ဆောင်ချိန်တွင် သွားဖုံးရောင်ရမ်းခြင်း သို့မဟုတ် သွေးထွက်ခြင်းများ ဖြစ်တတ်ပါသည်။ အချို့သော အမျိုးသမီး များအတွက် သွားဖုံးရောင်ခြင်း (gingivitis) သည် ကိုယ်ဝန်ဆောင်ဒုတိယမြောက်လတွင် စတင်ဖြစ်ပေါ်နိုင်ပြီး ကိုယ်ဝန်ဆောင်ချိန်ရှစ်လမြောက်တွင် အပြင်းထန်ဆုံး ဖြစ်လာနိုင်သည်။ ဤရောဂါအခြေအနေသည် ကလေးမွေးဖွားပြီးနောက် ပျောက်သွားလေ့ရှိသည်။

ကိုယ်ဝန်ဆောင်စဉ်အတွင်း ခုခံအားစနစ်ပြောင်းလဲမှုများသည်  သွားဖုံးရောင်ခြင်းကို ဖြစ်စေသည့် ဘက်တီးရီးယားများကို ခန္ဓာကိုယ်မှ တုံ့ပြန်မှုအပေါ်တွင် သက်ရောက်မှုရှိနိုင်သည်။

သွားတိုက်ခြင်း နှင့် သွားပွတ်ကြိုးအသုံးပြုခြင်း အပါအဝင် သွားနှင့်ခံတွင်းသန့်ရှင်းရေးကို စေ့စေ့စပ်စပ် ဆောင်ရွက်ပေးရန် အကြံပြုပါသည်။  ပြင်းထန်သော သွားဖုံးရောင်ရောဂါ ခံစားနေရသည့် လူနာများသည် သွားနှင့်ခံတွင်းဆရာဝန်ထံ သွားနှင့်ခံတွင်းသန့်ရှင်းရေးကုသမှု ခံယူရန် လိုအပ်ပြီး ခံတွင်းသန့်ဆေးရည်ကို အသုံးပြုရန်လည်း လိုအပ်ပါသည်။

သွားမြစ်ဝန်းကျင်တစ်ရှူးရောင်ရောဂါ (Periodontitis)

သွားဖုံးရောင်ရောဂါ (Gingivitis) ကို မကုသပါက ပိုမို ဆိုးရွားလာနိုင်ပြီး  သွားမြစ်ဝန်းကျင်တစ်ရှူးရောင်ရောဂါ (Periodontitis) ကို ဆက်လက်ခံစားရစေနိုင်သည်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း ဟော်မုန်းပမာဏ မြင့်မားခြင်း သည် သင်၏သွားများကို ထိန်းထားပေးသော တစ်ရှူးများ နှင့် အရိုးများကို ယာယီအားဖြင့် လျော့ရဲလာစေပြီး သင်၏ သွားများ ယိုင်နဲ့လာခြင်းကို ဖြစ်စေနိုင်ပါသည်။ သွားမြစ် ဝန်းကျင် တစ်ရှူးရောင်ရောဂါ (Periodontitis) သည် ဘက်တီးရီးယားများ သွေးတွင်းဝင်ရောက်ပွားများသည့် bacteremia အဆင့်သို့ ဆက်လက်ရောက်ရှိစေနိုင်ပြီး ၎င်းအခြေအနေသည် ချက်ချင်းကုသမှုခံယူရန် လိုအပ်သော ပြင်းထန်သောအခြေအနေတစ်ခုဖြစ်သည်။ 

ကိုယ်ဝန်ဆောင်ကာလတွင် ဖြစ်ပွားလေ့ရှိသည့် သွားမြစ်ဝန်းကျင်တစ်ရှူးရောင်ရောဂါ (Periodontitis) ကို ကုသမှုတွင် စောစီးစွာ ရောဂါရှာဖွေခြင်းနှင့် သွားများ၏အမြစ်အတွင်း ထိရောက်စွာသန့်ရှင်းရေး ပြုလုပ်ခြင်းများ ပါဝင်ပါသည်။ နဂိုမူလကတည်းက သွားမြစ်ဝန်းကျင်တစ်ရှူးရောင်ရောဂါ (Periodontitis) ရှိသော အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်စဥ်အတွင်း သင့်လျော်သော ခံတွင်းသန့်ရှင်းရေး ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ပိုမိုဆိုးရွားသော ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည်။ 

ကိုယ်ဝန်ဆောင်ချိန် ခံစားရသည့် ခံတွင်းအကျိတ်

ကိုယ်ဝန်ဆောင်ချိန် ခံစားရသည့် ခံတွင်းအကျိတ်သည် ကိုယ်ဝန်ဆောင်များ၏ ၂ ရာခိုင်နှုန်း မှာ ၁၀ ရာခိုင်နှုန်းတွင်း ဖြစ်ပွားနိုင်ပါသည်။ အကျိတ်သည် အဓိကအားဖြင့် သွားဖုံးပေါ်တွင် ဖြစ်လေ့ရှိသည်။ ကိုယ်ဝန်ဆောင်ချိန် ခံစားရသည့် ခံတွင်းအကျိတ်များသည် ဒုတိယသုံးလပတ်တွင် အဖြစ်အများဆုံးဖြစ်ပြီး လျင်မြန်စွာကြီးထွားလာကာ ပုံမှန်အားဖြင့် မီးဖွားပြီးနောက်ပိုင်းတွင် ပျောက်ကင်းသွားပါသည်။ ကိုယ်ဝန်ဆောင်ချိန် ခံစားရသည့် ခံတွင်းအကျိတ်သည် သွေးထွက်ခြင်း၊ အစာဝါးစားခြင်းကို အနှောင့်အယှက်ဖြစ်စေခြင်း သို့မဟုတ် မွေးဖွားပြီးနောက် မပျောက်ဘဲ ကျန်ရှိနေခြင်း စသည့်အခြေအနေများမှလွဲ၍ ကိုယ်ဝန်ဆောင်စဉ်အတွင်း ကုသမှုကို မပြုလုပ်သေးဘဲ ပုံမှန်အားဖြင့် စောင့်ကြည့်လေ့ရှိသည်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း ခွဲစိတ်ဖယ်ရှားထားသော အကျိတ်များသည် ပြန်ဖြစ်နိုင်ချေရှိသည်။

ကိုယ်ဝန်ဆောင်စဉ်အတွင်း သွားနှင့်ခံတွင်းပြဿနာများကို အမျိုးသမီးများ မည်သို့ကာကွယ် နိုင်သနည်း။

ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်းသည် သွားနှင့်ခံတွင်းသန့်ရှင်းရေးအလေ့အထများနှင့် ပတ်သက်သည့် ကျန်းမာရေးဗဟုသုတများ၊ ဖလိုရိုဒ် ပါဝင်သော ရေ ရရှိသုံးစွဲနိုင်မှု၊ ခံတွင်းဆိုင်ရာပြဿနာများ (ဥပမာ- သွားပိုးစားခြင်း၊ သွားဖုံးရောင်ခြင်း) နှင့် သွားဘက်ဆိုင်ရာ စောင့်ရှောက်ကုသမှု တို့ကို ပြုလုပ်သင့်သည်။  သကြားဓာတ်များသော သရေစာများနှင့် အချိုရည်များ အလွန်အကျွံ ပမာဏများကို ရှောင်ရှားရန်နှင့် ပုံမှန်သွားတိုက်ခြင်း၊ သွားပွတ်ကြိုးအသုံးပြုခြင်း၊ သွားနှင့်ခံတွင်းဆရာဝန်နှင့် ကျန်းမာရေးဆွေးနွေးတိုင်ပင်ခြင်း တို့ကို ပြုလုပ်ရန် အကြံပြုပါသည်။

ကိုယ်ဝန်ဆောင်မိခင်များအတွက် ပုံမှန်သွားနှင့်ခံတွင်းကုသမှု

သင့်တွင် ကုသမှုခံယူရန် လိုအပ်သော သွားနှင့်ခံတွင်းဆိုင်ရာ ပြဿနာရှိပါက သင့်တွင်  ကိုယ်ဝန်ရှိနေကြောင်း သွားနှင့်ခံတွင်းဆရာဝန်အား သေချာစွာ ပြောပြပါ။ သွားနှင့်ခံတွင်းဆရာဝန်သည် သင်ကိုယ်ဝန်ဆောင်နေစဉ်အတွင်း လိုအပ်ပါက သင်နှင့် သင့်ကလေးအတွက် ဘေးကင်းသည့် အကိုက်အခဲပျောက်ဆေးများနှင့် ပဋိဇီဝဆေးများကဲ့သို့သော ဆေးဝါးများကို စိတ်ချစွာဖြင့် ပေးနိုင်ပါသည်။ ကိုယ်ဝန်ရှိစဉ် ထုံဆေးကို သင့်တော်သည့်ပမာဏ ချိန်ဆပြီး သုံးစွဲခြင်းသည်လည်း ဘေးကင်းပါသည်။

ရောဂါရှာဖွေရန်အတွက် ကိုယ်ဝန်ဆောင်စဉ် သွားဘက်ဆိုင်ရာ ဓာတ်မှန်ရိုက်ခြင်းကိုလည်း ဘေးကင်းစွာ ပြုလုပ်နိုင်ပါသည်။ သွားနှင့်ခံတွင်းဓာတ်မှန်အများစုသည် ဝမ်းဗိုက် သို့မဟုတ် တင်ပါးဆုံတွင်းဧရိယာကို မထိခိုက်စေနိုင်ပါ။

သို့သော် ဖြစ်နိုင်ပါက ကိုယ်ဝန်ဆောင် ပထမသုံးလပတ်ပြီးသည်အထိ ဓာတ်မှန်ရိုက်ခြင်းကို စောင့်ဆိုင်းရန် ပို၍သင့်တော်ပါသည်။ ပုံမှန်အားဖြင့် သွားနှင့်ခံတွင်းဆရာဝန်သည်လည်း ဓာတ်မှန်ရိုက်ရန် အရေးတကြီး မလိုအပ်ပါက ကလေးမွေးဖွားပြီးချိန်အထိ စောင့်ဆိုင်းကြလေ့ရှိသည်။

ကိုယ်ဝန်ဆောင်ကာလအတွင်း မည်သည့်အချိန်တွင်မဆို အရေးပေါ် သွားနှင့်ခံတွင်း ကုသစောင့်ရှောက်မှုကို ပြုလုပ်နိုင်သော်လည်း အကောင်းဆုံးအနေဖြင့် ကိုယ်ဝန်ဒုတိယသုံးလပတ် အတွင်း သွားနဲ့ခံတွင်းကုသမှုများကို ခံယူရန် စီစဉ်ထားသင့်သည်။ တတိယသုံးလပတ်အတွင်းတွင်မူ နေထိုင်ရမသက်မသာဖြစ်သော နောက်ဆက်တွဲပြဿနာများလည်း ရှိလာပါသည်။

သင်၏သွားနှင့်ခံတွင်းကျန်းမာရေးကို ဂရုစိုက်ခြင်းသည် ဘဝ၏ မည်သည့်အချိန်တွင်မဆို အရေးကြီးသော်လည်း ကိုယ်ဝန်ဆောင်ချိန်တွင် လစ်လျူမရှုသင့်သော အရေးကြီးသည့် သွားနှင့်ခံတွင်းကျန်းမာရေးဆိုင်ရာ အပြောင်းအလဲများလည်း သင့်ခံတွင်းတွင် ဖြစ်ပေါ်လာတတ်သည်။ သွားနှင့်ခံတွင်းကျန်းမာရေးကို ပိုမိုကောင်းမွန်အောင် ထိန်းသိမ်းခြင်းဖြင့် သင့်ကလေးအား လှပကျန်းမာသော အပြုံးဖြင့် နှုတ်ဆက်ရန် အသင့်ဖြစ်နေပါလိမ့်မည်။

Articles References:

  • • Allston AA. Improving women’s health and perinatal outcomes: the impact of oral diseases.

Baltimore, Md.: Women’s and Children’s Health Policy Center, 2002.

  • • American Dental Association Council on Access, Prevention, and Interprofessional Relations, 2006,
  • • American Academy of Pediatrics (AAPD) Guideline on Perinatal Oral Health Care. Clinical Practical Guidelines. 2011.
  • • Chiodo GT, Rosentein DI. Dental Treatment during Pregnancy: A preventive Approach. J Am Dent Assoc. 1985
Scroll to Top