သွေးလွန်တုပ်ကွေး (Dengue Haemorrhagic Fever)

အဓိကကျသော အချက်အလက်များ

  • သွေးလွန်တုပ်ကွေး ဆိုသည်မှာ ဗိုင်းရပ်စ်ပိုးတမျိုး ကြောင့် ကူးစက်ခံရသော ရောဂါ ဖြစ်ပြီး ရောဂါပိုးရှိနေသည့် ခြင်ကိုက်ခံရခြင်းမှ ကူးစက်ပျံ့ပွားပါသည်။ မူလ ကူးစက်ပျံ့ပွားစေသော ခြင်မှာ Aedes aegypti အမျိုးအစား ဖြစ်ပြီး Aedes albopictus အမျိုးအစားကြောင့်လည်း အနည်းငယ် ကူးစက်ပျံ့ပွားခြင်းခံရပါသည်။
  • သွေးလွန်တုပ်ကွေး ရောဂါဖြစ်စေသော ဗိုင်းရပ်စ်ပိုးကို သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ် Dengue Virus (DENV) ဟု ခေါ်ပြီး အမျိုးအစား (၄) မျိုးရှိပါသည်။ ထို့ကြောင့် သွေးလွန်တုပ်ကွေး ရောဂါ တကြိမ်ဖြစ်ဖူး ရုံနှင့် ရောဂါပြီးမသွားနိုင်ဘဲ ၄ ကြိမ်ထိ ဖြစ်နိုင်ချေ ရှိပါသည်။
  • ပြင်းထန်သော သွေးလွန်တုပ်ကွေး သည် အသည်းအသန်ရောဂါ အဖြစ်မှ သေဆုံးသည်ထိ ဖြစ်ပွားစေပြီး လက်တင် အမေရိက နှင့် အာရှနိုင်ငံ အချို့တွင် ဖြစ်ပွားကြပါသည်။ ဤကဲ့သို့ ပြင်းထန် သွေးလွန်တုပ်ကွေး ဖြစ်ပွားလာလျင် ကျွမ်းကျင်သော ကျန်းမာရေး ပညာရှင်များ၏ ကုသမှုကို ခံယူရန် မလွဲမသွေ လိုအပ်ပါသည်။
  • သွေးလွန်တုပ်ကွေး ရောဂါ အတွက် တိကျသော ရောဂါ ကုထုံး မရှိသေးပါ။ ပြင်းထန်သော သွေးလွန်တုပ်ကွေးရောဂါ ကို စောစီးစွာ ရှာဖွေတွေ့ရှိပြီး စနစ်တကျ ကုသမှုခံယူစေလျင် ပြင်းထန်သော သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးမှုကို ၁% အောက်အထိ လျော့ကျစေပါသည်။
  • သွေးလွန် တုပ်ကွေး ရောဂါကို ကမ္ဘာတဝှမ်းရှိ အပူပိုင်းဒေသ နိုင်ငံများတွင် ဖြစ်ပွားကြောင်းတွေ့ရှိရပြီး မြို့ပြ နှင့် မြို့ပြ ဆင်ခြေဖုံးများတွင် ပိုမို ဖြစ်ပွားတတ်ပါသည်။
  • ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်သည် သွေးလွန်တုပ်ကွေးရောဂါ ကူးစ်ခံရနိုင်သော အန္တရာယ်ရှိနေပြီး နှစ်စဉ် လူဦးရေ သန်း ၁၀၀ မှ သန်း ၄၀၀ အထိ ကူးစက်ပျံ့ပွားခံနေကြရပါသည်။ ၄င်းတို့အနက် ၈၀% ကျော်မှာ ရောဂါလက္ခဏာ မပြသူနှင့် အတန်အသင့်သာ ဝေဒနာ ခံစားရသူများ ဖြစ်ပါသည်။ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရေးသည် ခြင်နှိမ်နင်းရေး အပေါ် အဓိက တည်မှီနေပါသည်။ လူထုပါဝင်မှု ရေရှည်တည်တံ့မှ သာလျင် ခြင်နှိမ်နင်းရေး လုပ်ငန်းကို ထိရောက်မှု ပိုမိုအောင် ဆောင်ရွက် နိုင်မည် ဖြစ်ပါသည်။
  • သွေးလွန်တုပ်ကွေး ရောဂါသည် အတန်အသင့်သာ ဝေဒနာခံစားရစေသော ရောဂါ တခုဖြစ်ပါသည်။ သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ် ပိုးက ရုတ်တရက် ဖြစ်ပွားသော ရာသီတုပ်ကွေး ဆန်ဆန် ဖျားနာမှုကို ဖြစ်စေပါသည်။ ဖြစ်တောင့်ဖြစ်ခဲ အသက်အန္တရာယ်ရှိသည့် နောက်ဆက်တွဲ အခြေအနေ ပေါ်ပေါက်လာလျင် ပြင်းထန်သော သွေးလွန်တုပ်ကွေးရောဂါ ဟု ခေါ်ပါသည်။

အထွေထွေ

သွေးလွန်တုပ်ကွေး ရောဂါသည် ခြင်ကိုက်ခြင်မှ တဆင့် ကူးစက်သော ရောဂါ ဖြစ်သည်။ အဓိက အားဖြင့် Aedes aegypti မျိုးစိတ်ဝင် ခြင်မ က ကိုက်ရာမှ ကူးစက်ပျံ့ပွားစေပါသည်။ Ae. albopictus. ခြင်မ ကိုက်ခံရလျင်လည်း အနည်းအကျဉ်း ဖြစ်ပွားစေပါသည်။ ဤ ခြင်အမျိုးအစားသည် ဆင်တုပ်ကွေး ခေါ် chikungunya နှင့် ဇီကာ Zika ဗိုင်းရပ်စ်ပိုးရောဂါများကို ကူးစက်စေပါသည်။ သွေးလွန်တုပ်ကွေးသည် အပူပိုင်း ဒေသ တိုင်းပြည်များတွင် တွေ့ရပြီး ရာသီဥတု၊ လူမှုရေး နှင့် ပတ်ဝန်းကျင် ဆိုင်ရာ အချက်အလက်များ၏ လွှမ်းမိုးမှုပေါ် မူတည်သော ရောဂါ တခုလည်း ဖြစ်သည်။ သွေးလွန်တုပ်ကွေး လက္ခဏာများကလည်း ကျယ်ပြန့်ပြီး အချို့တွင် ရောဂါကူးစက်ခံနေရသည့်တိုင် မည်သည့် လက္ခဏာမျှ မပြခြင်း မှသည် ပြင်းထန် အသက်အန္တရာယ် ရှိသည်ထိ ဖြစ်ပေါ်စေပါသည်။ ပြင်းထန်သော သွေးလွန်တုပ်ကွေး ဖြစ်ပွားလျင် ကိုယ်တွင်း သွေးယိုစိမ့်ခြင်းများ ၊ ကိုယ်တွင်း အင်္ဂါ အစိတ်အပိုင်းများ ချို့ယွင်းမှု ဖြစ်ပွားခြင်းများလည်း ရှိတတ်ပါသည်။ သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်သည် Flaviviridae အုပ်စုဝင်ဖြစ်ပြီး DENV-1, DENV-2, DENV-3 and DENV-4 ဟု အမျိုးအစား ၄ ခုရှိပါသည်။ ဖြစ်ပွားဖူးသော အမျိုးအစားအတွက် ကိုယ်ခံအား ဖြစ်ပေါ်သော်လည်း မဖြစ်ပွားသေးသော အမျိုးအစားများ ထပ်မံဖြစ်ပွားတတ်ပြီး ယင်းကဲ့သို့ ဖြစ်လျင် ပိုမို ပြင်းထန်သော လက္ခဏာများ ခံစားရတတ်ပါသည်။ ရောဂါပိုးရှိနေသူကို ခြင်က ကိုက်ချိန်တွင် ခြင်၏ကိုယ်ထဲသို့ ရောဂါပိုးရောက်ရှိသွားပြီး ၄င်း ခြင်က ရောဂါပိုး မရှိသေးသူကို ကိုက်ခြင်းဖြင့် ရောဂါကူးစက်ပျံ့ပွားစေပါသည်။ သွေးလွန်တုပ်ကွေးရောဂါသည် ကူးစက်ရောဂါ ဖြစ်သောကြောင့် ကပ်အသွင်ဖြင့် ကူးစက်ပျံ့ပွားခြင်းလည်း ဖြစ်စေတတ်ပါသည်။

ရောဂါ လက္ခဏာများ

သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ အများစုတွင် လက္ခဏာ မပြခြင်း သို့မဟုတ် မပြင်းထန်သော လက္ခဏာမျှသာ ဖြစ်လေ့ရှိပါသည်။ ရံဖန်ရံခါ ပြင်းထန်သော သာမန် တုပ်ကွေး နှင့် ဆင်တူသော လက္ခဏာ ရှိတတ်ပြီး ကလေးငယ်များ မှ လူကြီးထိ ဖြစ်ပွားတတ်ပြီး သေဆုံးမှု နည်းပါးပါသည်။ ရောဂါပိုးရှိသောခြင်ကိုက်ပြီး ရောဂါ ပျိုးချိန် ၄ ရက်မှ ၁၀ ရက်ထိ ရှိတတ်ပြီး ရောဂါ လက္ခဏာများမှာ ၂ ရက်မှ ၇ ရက်ထိ ကြာမြင့်တတ်ပါသည်။

သွေးလွန်တုပ်ကွေး

အဖျား (40°C/104°F) ခန့်ထိ ရုတ်တရက်တက်ပြီး ၂ရက်မှ ၇ ရက် အတွင်း အောက်ပါ လက္ခဏာ ၂ ခု ဖြင့် တွဲနေပါက သွေးလွန်တုပ်ကွေးဟု သံသယ ဖြစ်ဖွယ်ရှိပါသည်။

  • ခေါင်း အလွန်ကိုက်ခြင်း
  • မျက်စိနောက်ဖက်တွင် နာကျင်ခြင်း
  • ကြွက်သား နှင့် အဆစ်များ နာကျင် ကိုက်ခဲခြင်း
  • ပျို့ခြင်း
  • အန်ခြင်း
  • အကျိတ်များ ယောင်ရမ်းခြင်း
  • ကိုယ်ပေါ်တွင် အစက်အပြောက်များ ထွက်ခြင်း

ပြင်းထန်သော သွေးလွန် တုပ်ကွေး

သွေးလွန်တုပ်ကွေး ရောဂါ လက္ခဏာ စတင်ပြသပြီး ၃ ရက်မှ ၇ ရက်အတွင်း အရေးကြီးသော အခြေအနေသို့ ရောက်ရှိတတ်ပါသည်။ ၄င်း အခြေအနေသို့ ရောက်လျင် လူနာသည် ၂၄ နာရီမှ ၄၈ နာရီ အတွင်း ရုတ်တရက် လက္ခဏာများ ဆိုးဝါးလာတတ်ပါသည်။ ရုတ်တရက် အဖျား ကျသွားခြင်း (38°C/100°F အောက်သို့ ကျဆင်းခြင်း) သည်လည်း သတိပြုရမည့် လက္ခဏာ ဖြစ်ပါသည်။ ပြင်းထန်သော သွေးလွန်တုပ်ကွေးသည် အသက်အန္တာယ် စိုးရိမ်ရသည့် နောက်ဆက်တွဲများ ဖြစ်သော သွေးရည်ကြည် ယိုစိမ့်ခြင်း၊ ကိုယ်တွင်း၌ အရည်များ စုလာခြင်း၊ အသက်ရှုရ ခက်ခဲလာခြင်း၊ သွေးထွက်လွန်ခြင်း နှင့် အင်္ဂါအစိတ်အပိုင်းများ ချို့ယွင်းလာခြင်းတို့ ဖြစ်ပေါ်လာပါသည်။ ပြင်းထန်သော သွေးလွန်တုပ်ကွေး အဖြစ် သတိပြုရမည့် လက္ခဏာများမှာ-

  • ဗိုက် အလွန်နာခြင်း
  • မရပ်မနား အန်ခြင်း
  • အသက်ရှု မြန်လာခြင်း
  • သွားဖုံး သို့မဟုတ် နှာခေါင်း သွေးယိုခြင်း
  • မောပန်း နွမ်းနယ် နုံးချိခြင်း
  • ဂဏှာမငြိမ်ဖြစ်ခြင်း
  • အသည်းကြီးလာခြင်း
  • သွေးအန်ခြင်း သို့မဟုတ် ဝမ်းသွားလျင် သွေးပါခြင်း လူနာတွင် အထက်ပါ လက္ခဏာများ တွေ့ရှိလျင် ၂၄ နာရိမှ ၄၈ နာရီအတွင်း အနီးကပ် စောင့်ကြပ် ကြည့်ရှုရန် လိုအပ်ပြီး လိုအပ်သော ကုသမှုများ တိကျစွာ ပေးနိုင်မှသာ အသက်အန္တရာယ် ကို ရှောင်ရှားနိုင်ပါမည်။ နလံထ ကာလ တွင်ပင် အနီးကပ် စောင့်ကြည့်ရန် လိုပါသည်။

ရောဂါ ရှာဖွေ ဖော်ထုတ်ခြင်း

ယခင်က ရောဂါ လက္ခဏာ အရ သွေးလွန်တုပ်ကွေး သံသယ လူနာအဖြစ် သတ်မှတ် ကုသကြပြီး ယခု အခါတွင် ပိုမို တိကျသော နည်းလမ်းများ အသုံးပြုလာကြပါသည်။ သွေးအတွင်းမှ ဗိုင်းရပစ်ပိုးကို သီးသန့်ခွဲထုတ် စစ်ဆေးသော transcriptase–polymerase chain reaction (RT–PCR) နည်းလမ်းကို အတိကျဆုံး အဖြစ် သတ်မှတ်ကြပါသည်။ ထို့အတူ ပဋိပစ္စည်း antibody ကိုရှာဖွေသော enzyme-linked immunosorbent assays (ELISA) နည်းကိုလည်း အသုံးပြုပြီး သွေးလွန်တုပ်ကွေးရောဂါ ကို အတည်ပြု ရှာဖွေ သတ်မှတ်နိုင်ပါသည်။

ရောဂါ ကုသခြင်း

သွေးလွန်တုပ်ကွေး ရောဂါ အတွက် တိကျသော ကုထုံး မရှိသေးပါ။ လူနာကို အနားယူစေခြင်း၊ ရေဓာတ် မခမ်းခြောက်အောင် ဂရုစိုက်ခြင်း နှင့် လိုအပ်သော ဆေးဝါးကုသမှု ပေးခြင်း တို့ လုပ်ဆောင်နိုင်ပါသည်။ လူနာ၏ အခြေအနေပေါ် မူတည်ပြီး အိမ်တွင် ကုသခြင်း၊ ဆေးရုံသို့ လွှဲပို့ခြင်း နှင့် အရေးပေါ် ကုသခြင်းများ လိုအပ်သလို လုပ်ဆောင်ရပါသည်။ ဖျားနာ ကိုက်ခဲခြင်းများ အတွက် သက်သာအောင် ဆေးပေး ကုသနိုင်ပါသည်။

  • ဤဝေဒနာများအတွက် အကောင်းဆုံးမှာ acetaminophen ခေါ် paracetamol က အကောင်းဆုံး ဖြစ်ပါသည်။
  • စတီရွိုက်မဟုတ်သော ယောင်ရမ်း နာကျင်မှု သက်သာစေသည့် ibuprofen ၊ aspirin စသည့် ဆေးများကို ရှောင်ကျဉ်ရပါမည်။ ၄င်းဆေးများက သွေးကျဲစေပြီး သွေးယိုစိမ့်ခြင်းကို ပိုမို ဆိုးဝါးစေပါသည်။

အန္တရာယ် ရှိစေသော အချက်များ

ယခင်က သွေးလွန်တုပ်ကွေး ဖြစ်ခဲ့ဖူးပြီး ထပ်မံဖြစ်ပွားလျင် ပြင်းထန်သော သွေးလွန်တုပ်ကွေး ဖြစ်ပွားရန် အန္တရာယ် ပိုများပါသည်။ မြို့ပြပုံစံ နေထိုင်မှု စနစ်က သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ပျံ့ပွားမှု ပိုမိုဖြစ်ပွားစေရန် ဆက်စပ်သော လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ ပိုမို များပြားပါသည်။ ( ဥပမာ- လူနေ ထူထပ်ခြင်း၊ လူများ ရွှေ့ပြောင်းသွားလမှု များခြင်း၊ ရေအရင်းအမြစ် ရရှိနိုင်မှု ၊ ရေသိုလှောင်သည့် အလေ့အထ စသဖြင့်-) လူထုအတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု အန္တရာယ် မှာ လူထုအတွင်း ရောဂါဆိုင်ရာ ဗဟုသုတ ၊ အသိ အမြင် နှင့် အလေ့အကျင့် များက အဓိက ကျပါသည်။ လူထုအတွင်း ရေရှည် တည်တံ့သော ခြင်နှိမ်နင်းရေး အလေ့အထများ ကလည်း အရေးပါ ပါသည်။ ရာသီဥတု လိုက်ပြီး ခြင်ပေါက်ပွားမှု အနည်းအများကလည်း ရောဂါ ဖြစ်ပွားနိုင်ချေအပေါ် သက်ရောက်မှုရှိပါသည်။

ရောဂါ ကာကွယ် ထိန်းချုပ်ခြင်း

သွေးလွန်တုပ်ကွေး ရောဂါ၏ အဓိက အကြောင်းရင်းဖြစ်သော ခြင်ကိုက်ခြင်းကို ကာကွယ် ထိန်းချုပ်နိုင်မှသာ ရောဂါကာကွယ်ရေး ထိရောက်မည် ဖြစ်ပါသည်။ ခြင်မပေါက်ပွားရန် ၊ ခြင် မခိုအောင်းနိုင်ရန် နှင့် ခြင်ကိုက် မခံရစေရန် ဆောင်ရွက်ခြင်းများက အထိရောက်ဆုံး ကာကွယ်ခြင်းများ ဖြစ်ပါသည်။

ခြင်ပေါက်ပွားမှု မှ ကာကွယ်ရန် –

  • ခြင်ဥချ နိုင်မည့် ရေအိုင် ၊ ရေဗွက်များ ဖို့ခြင်း၊ ရေစီး ရေလာကောင်းအောင် မြောင်းဖောက် မြောင်းသွယ်ခြင်း
  • အိမ်အတွင်း ခြင်ပေါက်ပွားနိုင်သည့်၊ ရေဝင်နိုင်သည့် ထည့်သိုစရာ အဟောင်း အစုတ် ကဲ့သို့သော အရာများကို စနစ်တကျ စွန့်ပစ်ခြင်း ၊ မှောက်သွန်ထားခြင်း
  • အိမ်သုံးရေ သိုလှောင်သည့် အရာများကို စနစ်တကျ ဖုံးအုပ်ခြင်း၊ ရေမှန်မှန် လဲကျင်း ပေးခြင်း
  • ရေသိုလှောင်ထားရာများတွင် သင့်လျော်သော အင်းဆက် သတ်ဆေးများ ထည့်ပေးခြင်း

ခြင်ကိုက် မခံရရန်

  • ခြင်ကိုက် မခံရရန် လိမ်းဆေး များလိမ်းခြင်း၊ ခြင်ဇကာများ တပ်ဆင်ခြင်း၊ ခြင်ဆေးခွေ အသုံးပြုခြင်းများ ဆောင်ရွက်နိုင်ပါသည်။ နေ့ဖက်များတွင်ပါ ဤနည်းများကို အသုံးပြုရန်ဖြစ်ပြီး အိမ်တွင်း ၊ အိမ်ပြင် နေရာတိုင်းတွင် ကျင့်သုံးရပါမည်။
  • ခြင်ကိုက်သော နေရာ နည်းပါးစေမည့် လက်ရှည် အဝတ်များ ဝတ်ဆင်ခြင်းကဲ့သို့သော နည်းလမ်းများကလည်း အထောက်အကူဖြစ်ပါသည်။

လူထုပါဝင်အောင် ဆောင်ရွက်ခြင်း

  • လူထုအတွင်း ခြင်ကြောင့် ဖြစ်ပွားသော ရောဂါများဆိုင်ရာ ပညာပေးခြင်းများ ဆောင်ရွက်ရပါမ
  • ခြင်နှိမ်နင်းရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် လူထုပိုမိုပါဝင်လာနိုင်ရေးအတွက် စည်းရုံး ဆောင်ရွက်ရပါမည်။

Reference

Dengue and Severe Dengue – WHO – 10th January 2022 https://www.who.int/news-room/fact-sheets/detail/dengue-and-severe-dengue

Scroll to Top