ခံတွင်းအနံ့ဆိုးခြင်း

ခံတွင်းအနံ့ဆိုးခြင်းသည် အဖြစ်များသော ခံတွင်းကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး အချိန်ကြာမြင့်စွာ ဖြစ်ပွားတတ်သော နာတာရှည်ရောဂါအမျိုးအစား ဖြစ်ပါသည်။ ခံတွင်းအနံ့ဆိုးခြင်းသည် ရှက်စရာတစ်ခုအဖြစ် ခံစားရနိုင်ပြီး အချို့သောအခြေအနေများတွင်မူ သိသာထင်ရှားသော စိတ်ပိုင်းဆိုင်ရာပြဿနာများကိုပင် ခံစားရစေနိုင်ပါသည်။ ၎င်းသည် နံနက်ခင်းအိပ်ရာထချိန်တွင် ဖြစ်လေ့ရှိသည့် ခံတွင်းအနံ့အသက် မကောင်းခြင်း နှင့် မတူဘဲ ထိရောက်ပြည့်စုံသည့် သွားတိုက်ခြင်း၊ ခံတွင်းသန့်ရှင်း ဆေးရည် သို့မဟုတ် Mint (ပူရှိန်း) အသုံးပြုခြင်းတို့သည် ထိရောက်စွာ မဖြေရှင်းပေးနိုင်သည့်အပြင်ဘဲ ခံတွင်းအနံ့ဆိုးခြင်းရောဂါသည် ပိုမိုပြင်းထန်သည့် အခြားသောရောဂါများ၏ လက္ခဏာတစ်ခုအနေဖြင့် ဖော်ပြနေခြင်းလည်း ဖြစ်နိုင်ပေသည်။

ခံတွင်းအနံ့ဆိုးခြင်း၏ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

အဓိကရောဂါလက္ခဏာမှာ ဆိုးရွားသော ခံတွင်းအနံ့ရှိနေခြင်းဖြစ်ပြီး ခံတွင်းအတွင်းတွင်မကောင်းသောအရသာ ခံစားနေရခြင်းကိုလည်း သတိပြုမိနိုင်ပါသည်။ ခံတွင်းအနံ့ဆိုးခြင်းသည် ဖြစ်ရသည့် အကြောင်းရင်း၊ အဓိကအရင်းခံရောဂါ၏ အခြေအနေပေါ်မူတည်၍အနံ့ပြင်းထန်မှု ပြောင်းလဲနိုင်သည်။

ခံတွင်းအနံ့ဆိုးခြင်း၏ ‌ရောဂါအင်္ဂါရပ်များတွင် အောက်ပါအချက်များ ပါဝင်နိုင်ပါသည်။

(၁) လျှာ၏မျက်နှာပြင်၊ အထူးသဖြင့် လျှာ၏အနောက်ဘက် မျက်နှာပြင်ပေါ်တွင် အဖြူရောင်အလွှာ တစ်ခု ရှိနေခြင်း၊

(၂) နှာရည်ယိုခြင်း၊ သို့မဟုတ် ချွဲများထွက်ခြင်း၊

(၃) သွားများ၏အခြေတစ်ဝိုက် သွားကျောက်များရှိနေခြင်း၊

(၄) လျှာတွင် ပူ၊စပ်သော ခံစားချက်ရှိနေခြင်း၊

(၅) တံတွေးများ ချွဲပစ်ခြင်း၊

(၆) ခံတွင်းအတွင်း ချဥ်သော၊ ခါးသော၊ သတ္ထုအရသာများ ဆက်တိုက်ရရှိနေခြင်း။

ခံတွင်းအနံ့ဆိုးခြင်းရောဂါ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

(၁) အချို့သော အစားအစာများနှင့် အရည်/ဖျော်ရည်များ

သင်၏ ခံတွင်းအနံ့ အပါအဝင် သွားနှင့်ခံတွင်းကျန်းမာရေးသည် သင်စားသုံးသော အရာများနှင့် ဆက်စပ်မှုရှိနေပါသည်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကဖိန်းဓာတ်၊ သို့မဟုတ် အခြားအနံ့ပြင်းသော အစားအစာများသည် သင်၏ခံတွင်းအနံ့ကို ထိခိုက်စေနိုင်သော အကျိုးသက်ရောက်မှုရှိပြီး ထိုအစားအစာများ စားပြီးနောက် (၇၂)နာရီကြာသည့်တိုင် ခံတွင်းအနံ့ဆိုးမှုကို သတိပြုမိနေမည်ဖြစ်သည်။ ထိုအစားအစာများကို ခြေဖျက်နေစဥ် ထွက်လာသောအဆီများကို အစာအိမ်မှ စုပ်ယူထားပြီး သွေးလမ်းကြောင်းထဲမှတစ်ဆင့်အဆုတ်သို့ရောက်ရှိသွားသောကြောင့် ဖြစ်ပါသည်။

(၂) သွားနှင့်ခံတွင်း သန့်ရှင်းမှု အားနည်းခြင်း

သွားတိုက်နည်း၊ သွားကြားပွတ်ကြိုး အသုံးပြုခြင်းများ မှန်ကန်မှုမရှိခြင်းနှင့် အချိန်မှန်မှန် မပြုလုပ်ခြင်းတို့ကြောင့် စားကြွင်းစားကျန်များသည် ခံတွင်းအတွင်း ကျန်ရှိနေတတ်ကာ ထိုအရာများသည် ဘတ်တီးရီးယားပိုးများ ပေါက်ဖွားရာနေရာ ဖြစ်လာပါသည်။ ထိုဘတ်တီးရီးယားပိုးများနှင့် အချိန်ကြာမြင့်သွားသော အစားကြွင်းကျန်များ ပေါင်းစပ်၍ မနှစ်မြို့ဖွယ် ခံတွင်းအနံ့အသက်ဆိုးကို ဖြစ်ပေါ်စေနိုင်ပါသည်။

သွားပိုးပေါက်များနှင့် သွားဖုံးရောဂါကြောင့် ဖြစ်ပေါ်လာသည့် သွားနှင့်သွားဖုံးကြား ဟနေသော နေရာကျယ်များသည် သွားတိုက်‌နေစဥ်အတွင်း သက်ရောက်မှုအားနည်းပြီး ထိုနေရာများသည် ဘတ်တီးရီးယားပိုးများအတွက် ပုန်းအောင်းနေနိုင်သောနေရာအပိုများကူညီဖြစ်ပေါ်လာစေသည်။ ထို့အပြင် ခံတွင်းအနံ့ဆိုးခြင်းသည် သွားဖုံးရောဂါ၏ အဓိကလက္ခဏာတစ်ရပ်လည်း ဖြစ်ပါသည်။

အံကပ်သန့်ရှင်းရေး ပြုလုပ်မှုအားနည်းခြင်းသည်လည်း ဘတ်တီးရီးယားပိုးများ၊ မှိုရောဂါပိုးများ၊ အစာအကြွင်းအကျန်များကို အံကပ်တွင် ပိုမိုစုစည်းလာစေနိုင်ပြီး ထိုမှတစ်ဆင့်လည်း ခံတွင်းအနံ့ဆိုး ဖြစ်ပေါ်စေနိုင်ပါသည်။

(၃) အနံ့ဆိုးများ ဖြစ်စေနိုင်သည့် ဘတ်တီးရီးယားပိုးများ

လျှာ၏အနောက်ဘက်တွင်ရှိသော အချို့သော ဘတ်တီးရီးယားပိုးများသည် အစားအစာများတွင် ပါဝင်သော အမိုင်နိုအက်စစ်နှင့် ဓာတ်ပြုနိုင်ပြီး ဆိုးရွားသောအနံ့ရှိသည့် ဆာလဖာလ်ဓာတ်ပစ္စည်းများကို ထုတ်လုပ်ပေးနိုင်သည်။

(၄) ခံတွင်း/ ပါးစပ်ခြောက်ခြင်း (Xerostomia)

ဤအခြေအနေသည် ခံတွင်းအနံ့ဆိုးခြင်းရောဂါ၏ အဓိကအခန်းကဏ္ဍဖြစ်နိုင်ပါသည်။ အချို့သော ကျန်းမာရေးအခြေအနေများ၊ အချို့သော ဆေးဝါးအမျိုးအစားများ၊ တံတွေးဂလင်းချို့ယွင်းမှု၊ ကဖိန်းဓါတ် အလွန်အကျွံ သုံးစွဲမှု၊ အရက်/ဆေးလိပ် သုံးစွဲမှု သို့မဟုတ် နှာခေါင်းအစား ပါးစပ်မှတစ်ဆင့် အမြဲအသက်ရှူမှုတို့ကြောင့် ခံတွင်း‌ ခြောက်ခြင်းကို ဖြစ်စေပါသည်။ တံတွေးထုတ်လုပ်မှု အလွန်လျော့နည်းလာသည့် အချိန်တွင် ခံတွင်းသည်အလိုလိုသန့်ရှင်းနိုင်မှု၊ အစားအစာအကြွင်းအကျန်များကို ဖယ်ရှားရှင်းလင်း ပေးမှုများကို ပြုလုပ်ပေးနိုင်ခြင်း မရှိတော့ပေ။

(၅) ဆေးရွက်ကြီးနှင့် ဆေးရွက်ကြီးသုံးပစ္စည်းများ

စီးကရက်၊ ဆေးပြင်းလိပ်၊ ဆေးရွက်ကြီး ငုံခြင်း၊ ဆေးရွက်ကြီး ရှူရှိုက်ခြင်းတို့သည် ခံတွင်းတွင် ၎င်း၏အနံ့စွဲစေရုံသာမက ခံတွင်းခြောက်ခြင်းကိုပါ ဖြစ်ပေါ်စေနိုင်ပြီး ခံတွင်းအနံ့ကို ပို၍ဆိုးရွားစေနိုင်ပါသည်။ ထို့အပြင် ဆေးလိပ်သောက်သူများသည် သွားဖုံးရောဂါဖြစ်ပွားနိုင်ချေ ပိုများပြီး ခံတွင်းအနံ့ဆိုးခြင်းကို ပို၍ဆိုးရွားစေနိုင်သည်။

(၆) ခန္ဓာကိုယ်အတွင်း ဖြစ်ပေါ်နေသောရောဂါများ၏ အခြေအနေကို ခံတွင်းတွင် ရောဂါလက္ခဏာအဖြစ် ဖော်ပြနေခြင်း

ပုံမှန်မဟုတ်သော ခံတွင်းအနံ့သည် အောက်ပါရောဂါအခြေအနေများထဲမှ တစ်ခုခု၏ ရောဂါလက္ခဏာရပ် ဖြစ်နိုင်ပါသည်။

  • အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ – အသက်ရှုလမ်းကြောင်း အပေါ်ပိုင်းနှင့် အောက်ပိုင်းဆိုင်ရာ ကူးစက်ရောဂါများ၊ နာတာရှည် လေပြွန်ရောင်ရောဂါ၊ နာတာရှည်ထိပ်ကပ်နာရောဂါနှင့် အခြားသော ဦးခေါင်းရိုးအောက်ရှိ လေအိတ်များတွင် ရောဂါပိုးဝင်ခြင်း
  • အစာအိမ်မှ အချဉ်ပြန်ခြင်း (Gastro-esophageal Reflux Disorder)
  • ဆီးချိုရောဂါ
  • ကျောက်ကပ်ရောဂါ
  • အသည်းရောဂါ
  • အိပ်ပျော်နေစဥ် အသက်ရှုရပ်ရပ်သွားခြင်း (Sleep apnea)

ခံတွင်းအနံ့ဆိုးခြင်းကို ဘယ်လိုရောဂါရှာဖွေပါသလဲ။

သွားဆရာဝန်များသည် လူနာ၏ ရောဂါဖြစ်စဥ်ရာဇဝင်နှင့် သွားနှင့်ခံတွင်း ကျန်းမာရေးစစ်ဆေးနေစဉ်အတွင်း ရရှိသော ခံတွင်း၏အနံ့ကို အခြေခံ၍ ခံတွင်းအနံ့ဆိုးခြင်းရောဂါကို ရောဂါရှာဖွေတွေ့ရှိနိုင်သည်။ သွားနှင့်ခံတွင်းအတွင်းတွင် ဖြစ်ပွားလေ့ရှိသော ပိုးဝင်ခြင်းကဲ့သို့သော ရောဂါအကြောင်းရင်းကို ရှာတွေ့နိုင်စေရန် ခံတွင်း တစ်ခုလုံးကို သေသေချာချာ စစ်ဆေးရပါမည်။ သွားဆရာဝန်သည် ခံတွင်းအတွင်း ရောဂါဖြစ်ပွားရသည့် အကြောင်းရင်းကို ရှာမတွေ့ပါက သင့်အား သင့်လျော်သော အထူးကုဆရာဝန်ထံ ညွှန်းပေးပါမည်။

ခံတွင်းအနံ့ဆိုးခြင်းရောဂါအတွက် ကုသမှုများ

ရောဂါဖြစ်ပွားရသည့် အခြေအနေနှင့် အကြောင်းရင်းပေါ်မူတည်၍ ကုသမှုအမျိုးအစားများ ကွဲပြားနိုင်သည်။ သွားနှင့်ခံတွင်းဆိုင်ရာ ပြဿနာများအတွက် သင့်၏သွားဆရာဝန်သည် သွားပိုးစားခြင်း ရောဂါ သို့မဟုတ် သွားဖုံးရောဂါကို ဂရုစိုက်ရန် ကုသမှုအစီအစဉ်များ၊ အသုံးပြုရန်သင့်တော်သော သွားနှင့်ခံတွင်းဆိုင်ရာ ပစ္စည်းများကို အကြံပြုပေးနိုင်သည်၊ သို့မဟုတ် ခံတွင်းခြောက်ခြင်းကြောင့် ဖြစ်ပါက တံတွေးအစားထိုးသုံးနိုင်သည့် အရည်များကို အသုံးပြုရန်နှင့် ရေများများသောက်ရန် အကြံပြုနိုင်ပါသည်။

ခန္ဓာကိုယ်အတွင်း ဖြစ်ပေါ်နေသည့် အခြားသောရောဂါများကြောင့် ခံစားနေရသည့် ခံတွင်းအနံ့ဆိုးခြင်း ရောဂါကိုမူ အဓိကအကြောင်းရင်းဖြစ်သည့် ရောဂါအား ကုသမှုခံယူနိုင်ရန် သင့်အား အထူးကုဆရာဝန်ထံ လွှဲပြောင်းပေးပါလိမ့်မည်။

ခံတွင်းအနံ့ဆိုးခြင်းရောဂါကို ဘယ်လိုကာကွယ်နိုင်မလဲ။

  • သင့်သွားများကို တစ်နေ့လျှင် နှစ်ကြိမ် ထိထိရောက်ရောက်တိုက်ပေးပါ။ သွားကြားပွတ်ကြိုး အသုံးပြုပေးသင့်သည့်အပြင် ဘက်တီးရီးယားပိုးများ ဖယ်ရှားရာတွင် အကူအညီပေးနိုင်သော လုပ်ဆောင်မှုများဖြစ်သည့် လျှာကို သွားပွတ်တံဖြင့် ပွတ်တိုက်ခြင်း၊ လျှာပွတ်တံ အသုံးပြုခြင်းများ ဆောင်ရ္ငက်သင့်ပါသည်။ ဘက်တီးရီးယားပိုးများကို သေစေရန်အတွက် ပိုးသတ် ပလုတ်ကျင်းဆေးရည်ကို နေ့စဉ်သုံးပါ။
  • သင်၏ သွားအံကပ် သို့မဟုတ် သွားထိန်းကိရိယာ (Mouth Guard) များ ကဲ့သို့သော အခြားအသုံးအဆောင်ပစ္စည်းများကို နေ့စဉ်သန့်ရှင်းပေးပါ။ သင်၏ သွားတိုက်တံအဟောင်းကို ၃ လတစ်ကြိမ် အသစ်ဖြင့် လဲလှယ်အသုံးပြုပါ။
  • သွားနှင့်ခံတွင်း သန့်ရှင်းရေးနှင့် သွားနှင့်ခံတွင်း ကျန်းမာရေးစစ်ဆေးမှုကို (၆)လတစ်ကြိမ် ပုံမှန်ခံယူနိုင်ရန် စီစဉ်ပါ။
  • ရေဓာတ်ပြည့်ဝစွာ သောက်သုံးပေးပါ။ မကြာခဏဆိုသလို ရေသောက်ပေးခြင်းသည် အစာအကြွင်းအကျန်များကို ဖယ်ရှားရန်နှင့် ခံတွင်းကို အမြဲစွတ်စိုစေပြီး ခံတွင်းအနံ့အသက်ဆိုးများကို မရှိစေရန် သို့မဟုတ် ကာကွယ်ရန်အတွက် ကူညီပေးနိုင်သည်။
  • အကယ်၍ သင်သည် ဆေးလိပ်သောက်သူဖြစ်ပါက ဆေးလိပ်ဖြတ်ခြင်းသည် သင်၏ခံတွင်းကို အမြဲစွတ်စိုစေပြီး ခံတွင်းအနံ့အသက်ကင်းစေရန်နှင့် အခြားကျန်းမာရေးပြဿနာများကို ကင်းဝေးစေရန် ကူညီပေးနိုင်ပါသည်။

Articles Resources

American Dental Association. (n.d.). Halitosis

American Dental Association. (n.d.). Bad breath: 6 causes (and 6 solutions).

American Academy of Family Physicians. (2019). Halitosis.

Scroll to Top