G6PD Deficiency , G6PD ချို့တဲ့မှုဆိုတာ – EHSSG

G6PD Deficiency , G6PD ချို့တဲ့မှုဆိုတာ

        G6PD ( Glucose 6 phosphate dehydrogenase )ဟာ အင်ဇိုင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ အဲဒီအင်ဇိုင်းဟာ Glucose ဓါတ်ခွဲဖြစ်စဥ်ထဲမှာပါပြီး DNA နဲ့ RNA ​တွေဖွဲစည်းတည်​ဆောက်ဖို့ ကုန်ကြမ်း​တွေ ထုတ်​ပေးပါတယ်။ ဒါ့အပြင် NADPH ဆိုတဲ့ ဓါတ်ပိုပစ္စည်းတစ်ခုလည်း ထုတ်​ပေးပါ​သေးတယ်။ NADPH ကိုထုတ်​ပေးတဲ့ အခြားဇီဝဓါတုဖြစ်စဥ်​တွေလည်းရှိပါ​သေးတယ်။ NADPH က ခန္ဓာကိုယ်က ဆဲလ်​တွေ Free radicals produced by oxidative stresses ဒဏ်မှ ခံနိုင်ရည်ရှိ​အောင် တာဝန်ယူ​ပေးထားပါတယ်။ ​သွေးနီဥ​တွေထဲမှာ NAPDH ထွက်ဖို့က G6PD အင်ဇိုင်းက ကူညီ​ပေးတဲ့ Penthose Phosphate Pathway တစ်ခုပဲရှိပါတယ်။

        ​သွေးနီဥ​လေး​တွေဟာ ပုံမှန်ဆိုရင် ပုဂံပြားနှစ်ချပ် ဖင်ချင်းကပ်ထားတဲ့ ပုံစံရှိပြီး ​လေအပြည့်ထည့်မထားတဲ့ ပူစီ​ဖောင်းလိုမျိုး ​ပျော့​ပျော့​ပျောင်း​ပျောင်း ရှိ​နေပါတယ်။ Oxidative stresses ​တွေ​ကြောင့် Free radicals ​တွေထွက်လာတဲ့အခါ NADPH ကဖမ်း​ပေးပြီး ​သွေးနီဥ​လေး​တွေကို ​ပျော့​ပျော့​လေးပဲ ဖြစ်​နေ​စေပါတယ်။ ​သွေးနီဥ​တွေရဲ့ သက်တမ်းဟာ ရက်​ပေါင်း ၁၂၀ ခန့်ရှိပြီး ရိုးတွင်းချဥ်ဆီ​တွေက​နေ ပုံမှန် ထုတ်လုပ်​ပေး​နေတာပါ။

        G6PD အင်ဇိုင်းချို့တည့်တဲ့လူနာ​တွေမှာ ​သွေးနီဥအတွင်းမှာ NADPH အလုံအ​လောက်မရှိ​တော့ပါဘူး။ Free radicals ​တွေထွကက်လာတဲ့အခါ ဖမ်းထိန်းမယ့် NADPH ချို့တဲ့မှု​ကြောင့် ​သွေးနီဥ​တွေဟာ ​ဖောင်းတင်းကားပြီး ပျက်စီးသွားပါတယ်။ အဲဒီအခါ လူနာဟာ ရုတ်တရက် ​သွေးနီဥ​တွေ ပျက်စီးခြင်း​ကြောင့် ​ရောဂါလက္ခဏာ​တွေ ခံစားလာရ​ပါတော့တယ်။ G6PD အင်ဇိုင်း ချို့တဲ့မှု များ​လေ​လေ ​ရောဂါ ပိုဆိုး​လေ​လေ ဖြစ်ပါတယ်။ G6PD အင်ဇိုင်းချို့တဲ့မှု မရှိတဲ့ ပုံမှန်လူ​တွေမှာ Free radicals ​တွေထွက်လာ​ပေမဲ့ ​သွေးနီဥပျက်စီးသွားခြင်းမရှိပါ။

G6PD ကို ထိန်းချုပ်သူ

        G6PD အင်ဇိုင်း ချို့တဲ့မှု ရှိ၊ မရှိကို ထိန်းချုပ်​ပေးတဲ့ မျိုးရိုးဗီဇက X ခရိုမိုဆုမ်း ​ပေါ်မှာရှိပါတယ်။ ​ပုံမှန်အားဖြင့် ယောင်္ကျား​လေး​တွေဟာ XY ခရိုမိုဆုမ်း ၂ခု ဖြစ်ကြပြီး မိန်းမ​တွေဟာ XX ခရိုမိုဆုမ်း​ ၂ခု တွေ ဖြစ်ကြပါတယ်။ G6PD ချို့တဲ့မှု​ရောဂါဟာ မျိုးရိုးဗီဇဆင်းသက်မှုအရ X-link Recessive ​ရောဂါအမျိုးအစားဖြစ်ပါတယ်။ အဲလိုအ​ခြေ​နေမှာဆိုရင်​တော့ X ခရိုမိုဆုမ်းဟာ Y ခရိုမိုဆုမ်းကို လွှမ်းမိုးနိုင်ပြီး Y chromosome ​ပေါ်မှာ​ရောဂါဗီဇပါလာတာ​ကြောင့် ​ယောင်္ကျား​လေး​တွေမှာ ရောဂါခံစားရတာပဲဖြစ်ပါတယ်။ ဒါ​ကြောင့် အမျိုးသမီး​တွေမှာ G6PD ချို့တဲ့တဲ့ X ခရိုမိုဆုမ်းတစ်ခုပါဦး​တော့ အခြား X ခရိုမိုဆုမ်းက ​ကောင်း​နေလျှင် ​ရောဂါမဖြစ်ပါ။ သို့​သော် G6PD ချို့တဲ့မှုက X ခရိုမိုဆုမ်း၂ခုလုံးမှာပါ​နေလျှင်​တော့ ​ရောဂါလက္ခဏာ​တွေ ခံစားရမှာပဲဖြစ်ပါတယ်။ အမျိုးသား​တွေမှာ​တော့ G6PD ချို့တည့်မှုရှိ​နေတဲ့ X ခရိုမှုဆုမ်း ပါလာတာနဲ့ ​ရောဂါခံစားရမှာဖြစ်ပါတယ်။ ဒါ​ကြောင့် G6PD ​ရောဂါဟာ ​ယောင်္ကျား​​လေး​တွေဆီမှာပဲ အဖြစ်များတာ ဖြစ်ပါတယ်။ ဒါ​ကြောင့် မှတ်ထားရမှာက ​ယောင်္ကျား​​လေး​တွေမှာ အဖြစ်များတဲ့ G6PD ချို့တဲ့မှုမျိုးရိုးဗီဇက အ​မေဖြစ်သူဆီက အ​မွေရတာပဲဖြစ်ပါတယ်။ ​ယောင်္ကျား​လေး​တွေဆီမှာရှိတဲ့ XY ခရိုမိုဆုမ်း ၂ခု အနက် Y ခရိုမိုဆုမ်းက အ​ဖေဆီကလာဖြစ်ပြီး X ခရိုမိုဆုမ်းက အ​မေဆီကလာတာဖြစ်တဲ့အတွက်​ကြောင့်ပါ။ မိန်းက​လေး​တွေမှာရှိတဲ့ XX ခရိုမိုဆုမ်း ၂ခု အနက် တစ်ခုက အ​ဖေဆီကလာတာဖြစ်ပြီး အခြား X က အ​မေဆီက လာတာဖြစ်ပါတယ်။

​ရောဂါလက္ခဏာများ

        G6PD ချို့တဲ့မှုရှိသူ​တွေမှာ တချိူ့​ဆေးဝါးနဲ့ အစားအ​သောက်​တွေစားမိလျှင် Free radicals ​တွေများပြီး သွေးနီဥ​တွေ​ပေါက်ကွဲပျက်စီး ( Haemolysis ) သွားပါတယ်။ Haemoptysis ရလာတဲ့အခါ
-​အ​ရေပြား၊ နှုတ်ခမ်းဖြူ​လျော့သွားခြင်း
-အသက်ရှုမဝ၊ ​မောလာခြင်း
-နှလုံးခုန်နှုန်းမြန်လာခြင်း
-ဆီးအ​ရောင်ရင့်ရင့်များသွားခြင်း ( ငံပြာရည်ကဲ့သို့ )
-အ​ရေပြား၊ မျက်လုံးများ ဝါလာခြင်း
-နုံးခြင်း၊ မူးခြင်းများ
စတာ​တွေခံစားလာရမှာဖြစ်ပါတယ်။
        G6PD ချို့တဲ့မှု​ရောဂါက ပြင်းထန်မှုအရ ( ၅ ) ဆင့်ခွဲထားပြီး ပုံမှန်အင်ဇိုင်း ( ၆၀ ) ရာခိုင်နှုန်း​​အောက်ရှိသူ​တွေ ( အဆင့် ၁ မှ ၃ အထိ ) က​တော့ ​ရောဂါလက္ခဏာ​တွေပြင်းထန်စွာခံစားရ​လေ့ရှိပြီး အင်ဇိုင်း ( ၆၀ ) ရာခိုင်နှုန်း​အထက်ရှိသူ​တွေ ( အဆင့် ၄ မှ ၅ ) က​တော့ သိပ်ခံစားရ​လေ့မရှိကြပါဘူး။

သွေးနီဥတွေပေါက်ကွဲပျက်စီးသောအခါ ပေါက်သောဆီး ( Haemoglobulinuria )

​​

ရှောင်ရမည့် ​ဆေးဝါးများ၊ အစားအ​သောက်များ

    -ပိုးသတ်​ဆေးအချို့ ( Nitrofurotoin, Chloramphenicol, Sulfa containing Antibiotis, Streptomycin, Isoniazid, Dapsone )
    -အကိုက်အခဲ​ပျောက်​ဆေးအချို့ ( Acetaminophen, Acetylsalicylic, Ibuprofen, Diclofenac, Phenazopyridine )
    -ငှက်ဖျား​ဆေးများအချို့ ( Primaquine, Chloroquine )
    -Colchicine, Probenacid and Rasburicase ကဲ့သို့​သော Gout ​ရောဂါအတွက်​သုံး​သော​ဆေးများ
    -Diphenyhyramine and Tripelennamine
    -L-dopa, Methylene blue and Glyburide ​ဆေးများ
    -Fava beans ( ပဲစေ့များ )
    -Naphthalene ( ပရုပ်လုံး )
    -Henna ( Tattoos ​ဆေးအ​ရောင်များ )
    -Toludine blue ( ဓါတ်ခွဲခန်းသုံး​ဆိုး​ဆေး )
        စတာ​တွေဟာ G6PD ချို့တဲ့လူနာ​တွေမှာ ​သွေးနီဥ​တွေ​ပေါက်ကွဲပျက်စီး​စေတတ်တဲ့ အတွက် ​ဂရုတစိုက်​ရှောင်ရှားသင့်ပါတယ်။ ဒါ​ကြောင့် ​မိမိမှာ G6PD ​ရောဂါရှိလျှင် ဆေးရုံ၊ ​ဆေးခန်းသွားတဲ့အခါ ဆရာဝန် ၊ ဆရာမ​တွေကို ​ရောဂါရှိ​ကြောင်း ကြိုတင်​ပြောထားဖို့အ​ရေးကြီးပါတယ်။ ဒါ့အပြင် အချို့ ဗိုင်းရပ်စ် နှင့် ဘက်တီးရီးယား​ရောဂါများ ( Hepatitis A နှင့် B၊ အူ​ရောင်ငန်းဖျားပိုး Typhoid၊ နမိုးနီးယားအဆုတ်ရောင်​ရောဂါများ )ကလည်း G6PD ချို့တဲ့လူနာ​တွေမှာ Haemolysis ရ​စေတတ်ပါတယ်။

Fava beans
Fava beans

ရောဂါစစ်​ဆေးအတည်ပြုမှု

        ဓါတ်ခွဲခန်း​တွေမှာ မိမိတို့ရင်​သွေးငယ်​တွေရဲ့ G6PD အင်ဇိုင်း Level ကိုကိကြိုတင်စစ်​ဆေးကြည့်လို့ရပါတယ်။ ​ရောဂါဖြစ်သူ​တွေမှာ​တော့ ​ဆေးရုံတက်​ရောက်ရတဲ့အခါ ​ဆေးရုံက စစ်​ဆေးအတည်ပြု ​ပေးလိုက်မှာပဲ ဖြစ်ပါတယ်။

ကုသမှုများ

        ​ရောဂါခံစားရတဲ့အ​ကြောင်းရင်းက ​ဆေးဝါး၊ အစားအစာ၊ သို့မဟုတ် ​ရောဂါပိုးတစ်ခုခု​ကြောင့် ​သွေးနီဥ​တွေ​ပေါက်ကွဲပျက်စီးတာဆို​တော့ အ​ကြောင်းရင်းကိုဖယ်ရှားရပါမယ်။ ​​သွေးနီဥ​ပေါက်ကွဲ​စေတတ်တဲ့ဆေးဝါး အစားအ​သောက်စား​သောက်​တွေကိုချက်ခြင်းကို ရပ်ပစ်ရပါမယ်။ သွေးအားနည်းသွားတာ​ကြောင့်​သွေးသွင်းကုသ​ပေးရပါမယ်။

ဂရုစိုက်ကြပါ

        G6PD ချို့တဲ့မှု​ရောဂါအဆင့် ( ၁ မှ ၃ ) ရှိသူ​တွေဟာ ​မတည့်​သော ​ဆေးဝါး၊ အစား​အ​သောက် ​တွေကို စား​သောက်မိပြီဆိုလျှင် ​ပြင်းထန်စွာ ​ရောဂါလက္ခဏာ​တွေခံစားရတတ်တာ​ကြောင့် ​ဆေးရုံတက်​ရောက်ကုသကြရပါတယ်။ လမ်းပန်းဆက်သွယ်​ရေးမ​ကောင်းလျှင်၊ ​ဆေးရုံအချိန်မှီ မ​ရောက်လျှင် အသက်အန္တရာယ် ဆုံးရှုံးနိုင်​ခြေရှိတာ​ကြောင့် မိမိကိုယ်တိုင်​ရော မိသားစုအတွင်းမှာပါ အစားအ​သောက်၊ ​ဆေးဝါး​တွေကို ဂရုတစိုက်သုံးစွဲကြပါလို့ အသိ​ပေးလျှက်

Dr. Fleming

https://www.healthline.com/nutrition/g6pd-deficiency-foods-and-supplements-to-choose-and-avoid

https://my.clevelandclinic.org/health/diseases/22556-g6pd-glucose-6-phosphate-dehydrogenase-deficiency

https://gpnotebook.com/pages/haematology/glucose-6-phosphate-dehydrogenase-deficiency/drugs-to-avoid-in-g6pd-deficiency

Scroll to Top